ကချင်ပြည်နယ်အတွင်းရှိ စစ်ပွဲများဖြစ်ပွားနေသည့် ဒေသများသို့ ခရီးသွားလာကြမည့် တရုတ်နိုင်ငံသားများကို အထူးသတိ ထားကြရန် တရုတ်အစိုးရက သတိပေးထားသည်။
မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ဒေသများသို့ စီးပွားရေး ကိစ္စအတွက် ခရီးသွားလာခြင်း ရှောင်ရှားကြရန်၊ ကချင်ဒေသတွင်း ရင်းနှီးမြှုပ်မှု ပြုလုပ်ထားသည့် စီးပွားရေး လုပ်ငန်းများ၊ ကုမ္ပဏီများကိုလည်း လုံခြုံရေး အထူး သတိထားကြရန်အတွက် တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာနက သတိပေးထားခြင်း ဖြစ်ကြောင်း ယမန်နေ့က ဆင်ဟွာသတင်း ၌ ဖော်ပြထားသည်။
ရန်ကုန် အခြေစိုက် တရုတ်သံရုံးကလည်း ထိခိုက် ဒဏ်ရာရရှိမှုနှင့် ပစ္စည်းဥစ္စာများ ပျက်စီး ဆုံးရှုံးနိုင်သောကြောင့် တရုတ်နိုင်ငံ သားများအနေနှင့် စစ်ရေး ပဋိပက္ခများဖြစ်ပွားနေသော ကချင်ဒေသသို့ ခရီးမသွားရန် ပြီးခဲ့သည့် စနေနေ့က သတိပေးချက် ထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံသားများ၏ ထိခိုက်ဆုံးရှုံးမှုအခြေအနေများနှင့်ပတ်သက်ပြီး ဧရာဝတီက ရန်ကုန်တရုတ်သံရုံးသို့ ဆက်သွယ်မေးမြန်း သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။
တရုတ်နိုင်ငံသားများသည် ကချင်ပြည်နယ်အတွင်းရှိတည်ဆောက်နေသည့် ရေအားလျှပ်စစ် စီမံကိန်းများနှင့်ဧရာဝတီမြစ်ဆုံ စီမံကိန်း ဒေသများ၌ ရှိနေကြကာ နယ်စပ်ဒေသများ၊ မြစ်ကြီးနား၊ ဗန်းမော်၊ ပန်ဝါ စသည့်မြို့နယ် များတွင် ရှိကြောင်း သိရပြီး လူဦးရေ အတိအကျကိုမူ မသိရသေးပေ။
KIA နှင့်အစိုးရတပ်တို့သည် ပြီးခဲ့သည့်နှစ် ဇွန်လ မှ စ၍ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား နေခဲ့သော်လည်း တရုတ်လူမျိုးများ အတွက် တရုတ်အစိုးရ ၏ လုံခြုံရေး သတိပေးပြောဆိုမှုသည် ပထမဆုံး အကြိမ် ဖြစ်သည်။
ယခုကဲ့သို့ သတိပေးခြင်းသည် အစိုးရတပ်၏ ထိုးစစ်များကြောင့်ဖြစ်သည်ဟု KIA အဖွဲ့ဝင် ဦးဒွဲပီစာက ဧရာဝတီကို ပြောသည်။
“ဗန်းမော်၊ ဝိုင်းမော်၊ လိုင်ဇာ၊ ပန်ဝါ၊ ချီဖွေ စတဲ့ မြို့နယ်တွေ အားလုံးလိုလိုပါပဲ အစိုးရတပ်တွေက ကြီးမားတဲ့ စစ်ကြောင်းတွေ
နဲ့ ထိုးစစ်ဆင်နေတယ်၊ ဒီမြို့နယ်တွေမှာ တရုတ်လူဦးရေ ထောင်ချီရှိပါတယ်”ဟု ၎င်းက ဆိုသည်။
ကချင်ပြည် လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်နယ်မြေတွင် နေထိုင်လျက်ရှိသော တရုတ်နိုင်ငံသား Xiao Su က ပြီးခဲ့ သည့် ဧပြီလ ၇ ရက် ဝန်းကျင်က စတင်ပြီး အစိုးရတပ်များက တရုတ်-မြန်မာ နယ်စပ် လိုင်ဇာဒေသရှိ KIA ဌာနချုပ်ကို ထိုးစစ် ဆင်ရန် ပြင်ဆင်နေခဲ့သည်ဟု ပြောဆိုသည်။
KIA ဒု စစ်ဦးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်နှင့် နီးစပ်သူ တဦးကမူ“အခုအချိန်အထိတော့ လိုင်ဇာက လုံခြုံမှုရှိပါတယ်”ဟု ပြောသည်။
KIA ဌာနချုပ်တည် ရှိရာ လိုင်ဇာ ကို အစိုးရတပ်များက ယခုရက်ပိုင်းအတွင်း ဝိုင်းထားကာ ထိုးစစ်များဆင်နေ၍ စစ်ရေး တင်းမာမှု ကြီးမားနေကြောင်း၊ KIA တပ်များ ကိုလည်း စစ်ရေးတပ်လှန့်မှု လုပ်ဆောင်ထားကြောင်း KIA က ပြောဆိုသည်။
ကချင်ပြည်နယ် ပန်ဝါမြို့နယ်ခွဲ လုပီကျေးရွာအနီးရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့စစ်နှင့်နယ်ခြားတပ်များ ညွှန်ကြား ရေးမှူးရုံး တို့အား KIA ကတိုက်ခိုက်ခဲ့ကြောင်း၊ KIA တပ်ဘက်မှ အကျအရှှုံးများ စွာဖြင့် ဆုတ်ခွာထွက်ပြေး သွားကာ KIA တပ်ဖွဲ့ဝင် တဦးကို ဖမ်းဆီးရမိလိုက် ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများကလည်း ရေးသားထားသည်။
ဆုတ်ခွာ သွားသည့် KIA တပ်အား အစိုးရစစ်တပ်မှ လိုက်လံရှင်းလင်းရာ မေလ ၃ရက်နေ့ အထိ KIA ဘက်မှ လက်နက် ၁၄ လက်၊ အလောင်း ၂၉ လောင်း၊ အရှင်တဦး နှင့်လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိပြီး၊ အစိုးရ စစ်တပ်ဘက်မှ စစ်သား ၂ဦး သေဆုံးကာ အရာရှိ ၃ ဦးနှင့်စစ်သား ၁၂ ဦး ဒဏ်ရာရရှိကြောင်း၊ KIA တံတား ၃ စင်းအား မိုင်းခွဲဖျက်ဆီး လိုက်ကြောင်း လည်း သတင်းစာ က ဆိုသည်။
အစိုရသတင်းစာများ၏ ရေးသားမှုသည် မှန်ကန်မှု မရှိဟု KIA က တုံ့ပြန် ပြောဆိုသည်။
ကချင်ဒေသတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများနှင့်ပတ်သက်၍ ပြည်တွင်းရှိ ပုဂ္ဂလိက စာစောင်များ၌ ရေးသားဖော်ပြခွင့်ရသော် လည်း အစိုးရ စစ်တပ်ကို ထိခိုက်စေမည့် စာသားများ၊ KIA ခေါင်းဆောင်များ၏ အင်တာဗျူး တချို့ကို ဖော်ပြခွင့်မရ ဟု စာနယ် ဇင်း တချို့ က ပြောသည်။
စစ်ပွဲများကြောင့် တရုတ်-မြန်မာ နယ်စပ်ဒေသရှိ နယ်စပ်ဂိတ်တချို့နှင့် ကုန်သွယ်ရာ ၌ အဓိက ကျသည့် လိုင်ဇာလမ်းကြောင်း ကို အစိုးရက ပိတ်ထားကြောင်း သိရသည်။ နယ်စပ်တလျှောက်၌ အထူးတပ်များ ချမထား သော်လည်း ယခင် ထက် လုံခြုံရေး ပိုတင်းကျပ် ထားသည် ဟု တရုတ်-မြန်မာ နယ်စပ် အရေး လေ့လာနေသူ ဦးအောင်ကျော်ဇော က ဧရာဝတီ ကိုပြောသည်။
တရုတ်-မြန်မာ နယ်စပ်ရှိ လွယ်ကျယ်ဒေသ၌ အခြေစိုက်ထားသည် KIA တပ်များသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ထိုဒေသမှ ဆုတ်ခွာပေးခဲ့ရပြီးနောက် အစိုးရတပ်များ က နေရာယူထားကာ ဂိတ်ကြေး အဆင့်ဆင့်ကောက် ခံနေကြောင်း သိရသည်။
“လွယ်ကျယ်-ဗန်းမော်လမ်းကြောင်း က သွားလာရေး အဆင်ပြေနေပေမယ့် အစိုးရတပ်တွေက အခွန်ကောက်တာများတော့
နယ်စပ်ကနေ ဗန်းမော်ရောက်ဖို့ လေးငါးသိန်းလောက် ကုန်ကျမှု ရှိနေတယ်”ဟု ဦးအောင်ကျော်ဇော က ဆိုသည်။
Xiao Su ကလည်း မကြာသေးခင် ရက်ပိုင်းကပင် ပန်ဝါနှင့် ကန်ပိုက်တီးမှ နယ်စပ်ဒေသတာဝန်ကျ အစိုးရအရာရှိတချို့သည် တရုတ်ဘက်သို့ ရှောင်တိမ်းသွားကြကြောင်း ပြောဆိုသည်။
လတ်တလောတွင်လည်း ပန်ဝါနှင့် ကန်ပိုက်တီးဒေသမှ ကချင်စစ်ပြေး ဒုက္ခသည် ၁၀၀၀ ခန့် တရုတ်ပြည်ဘက်သို့ တိမ်းရှောင် နေကြရကြောင်း KIA ကို ကိုးကား၍ တရုတ် သတင်းများက ဖော်ပြသည်။
“ပန်ဝါမှာတော့ လုံး၀ လုံခြုံမှုမရှိတော့ဘူး၊ တရုတ် CPI ကုမ္ပဏီက သူ့အလုပ်သမားတွေနဲ့ လုပ်ငန်းသုံးစက်ပစ္စည်းတွေကို လုံခြုံ ရေး စိတ်ချရအောင် အစီအစဉ်တွေလုပ်နေတယ်”ဟု သတင်းများက ဆိုသည်။
တရုတ် လျှပ်စစ်စွမ်းအင် ကုမ္ပဏီ CPI သည် ကချင်ပြည်နယ်အတွင်း၌ ရေကာတာများ ဆောင်လုပ်ခြင်းကို မြန်မာအစိုးရနှင့် ဆက်သွယ် ဆောင်ရွက်နေခြင်း ဖြစ်သည်။ CPI သည် ရပ်ဆိုင်းလိုက်သည့် မြစ်ဆုံဆည် စီမံကိန်းတွင် အဓိက လုပ်ကိုင်နေ သော ကုမ္ပဏီလည်း ဖြစ်သည်။
အစိုးရ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးအဖွဲ့မှ ဦးအောင်သောင်း ခေါင်းဆောင်သည့် ကိုယ်စားလှယ်များနှင့် ကချင်ပြည် လွတ် လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင်များသည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလမှစ၍ တရုတ်နိုင်ငံ ရွှေလီမြို့၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ၃ ကြိမ် တိုင် လုပ်ဆောင်ခဲ့သော်လည်း အောင်မြင်မှု မရသေးပေ။
KIA နှင့် အစိုးရတပ်များသည် ယမန်နှစ် ဇွန်လအတွင်းက တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး ၁၇ နှစ်ကြာမြင့်ခဲ့သည့် အပစ် အခတ် ရပ်စဲရေး သဘောတူညီချက်လည်း ပျက်ပြားသွားခဲ့ရသည်။ ယင်းတိုက်ပွဲများကြောင့် ဒေသခံ အရပ်သား ပြည်သူ ၇၅၀၀၀ ခန့် ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။