မစပ်စုတို့ ရွှေပြည်ကြီးမှာတော့ တခြားတိုင်းပြည်တွေမှာ မမြင်ဖူး၊ မကြားဖူးတဲ့ အထူးအဆန်းတွေကို တခုပြီး တခု လုပ်နေ ကြားနေရတော့တာပါပဲ။
ကဲ … အခုလည်း လုပ်ချလိုက်ပြန်ပါပြီ။ မကြာသေးခင်က ရောင်းလိုက်တဲ့ ၂ သိန်းတန် GSM ဖုန်းတွေ မန္တလေးမြို့ပေါ်မှာ ခေါ်ဆိုလို့မရ၊ ဆက်လို့မရ ဖြစ်နေလို့ ပြည်သူတွေအကြား အုန်းအုန်းကျွက်ကျွက် ပြောဆိုနေကြပါတယ်။ ဒီဖုန်းတွေကို သင်္ကြန်မတိုင်ခင်က ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးမြို့ဝန်းကျင်မှာ စတင်ရောင်းချခဲ့တာပါ။
လောလောဆယ် ပြောဆိုဆက်သွယ်လို့ ရဦးမယ် မဟုတ်ကြောင်းကို ဂျာနယ်တွေ၊ သတင်းစာတွေ၊ ဆက်သွယ်ရေး စခန်းတွေမှာ ကြော်ငြာပြီး ရောင်းချခဲ့တာပါလို့ ကြာသပတေးနေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။
အခုတော့ သူတို့ ကြိုတင် ကြေညာထားတဲ့အတိုင်း GSM/MUTS မိုဘိုင်း တယ်လီဖုန်းများ အားလုံး မြန်မာနိုင်ငံတဝန်း နေရာဒေသ မရွေး ယူဆောင် ပြောဆိုနိုင်အောင် စီစဉ်ထားပြီးဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါသည် လို့ ကြေးမုံသတင်းစာ ကြော်ငြာက ဆိုပါတယ်။
သတင်းကောင်း ဆိုပေမယ့် အားလုံးအတွက်တော့ မကောင်းသေးပါဘူး တဲ့။ ချက်ချင်း သုံးလို့ရတဲ့ နံပတ်တွေ ရှိသလို တချို့ကတော့ စောင့်နေရပြန်ရော။ အခုချိန် မှာသုံးနိုင်တာကတော့ ၀၉-၄၀၂၅၃… နဲ့ အစပြုတဲ့ နံပါတ်တွေပါပဲ။
ဆက်သွယ်ရေးကို ဆက်သွယ်မေးမြန်းခဲ့တဲ့ မန္တလေးမြို့ခံ တဦးက “၃ ပြီးမှ ၂ ပွင့်မယ်။ ၂ ပြီးမှ ၁ ပွင့်မယ် ဆိုပြီး အဆင့်ဆင့် ပွင့်သွားမှာလို့ ပြောလိုက်တယ်” တဲ့။
မြန်မာပြည်မှာ ဒီမိုကရေစီအတွက် လမ်းပြမြေပုံအဆင့်ဆင့်ကို ကျော်ဖြတ်ရသလို တယ်လီဖုန်းအတွက်လည်း ကျော်ဖြတ် စောင့်ဆိုင်းရတာက အဆင့်ဆင့်ပါပဲလား။
ဒီတော့ ပြည်သူတွေလည်း ကိုယ်ဝယ်ထားတဲ့ ဖုန်းနံပါတ်စဉ်အတိုင်း ဖွင့်ပေးမယ့်အချိန်ကို ထိုင်စောင့်နေရပါပြီပေါ့။
ကမ္ဘာတဝန်းမှာ မစပ်စုတို့ တိုင်းပြည်တပြည်ပဲ လိုင်းမဖွင့်ပေးသေးတဲ့ ဖုန်းကတ်တွေကို ရောင်းချပေးနေတယ် ထင်ပါရဲ့။ ဒီလို ဖြန့်ဖြူး ရောင်းချပေးတာ ဘယ်နိုင်ငံ ဘယ်တိုင်းပြည်တွေမှာ ရှိပါလိမ့်။ မရှိဘူး ဆိုရင်တော့ မစပ်စုတို့ဟာ ထူးခြားမှုများနဲ့ ပြည့်ဝတဲ့ နိုင်ငံမှာ နေနေရတယ် ဆိုပြီး ဂုဏ်ယူနိုင်ပြီပေါ့နော်။
မြန်မာ့ဆက်သွယ်ရေးကလည်း ရွှေပြည်တံခွန်ကုမ္ပဏီက လေသံပစ်ထားတဲ့ ငါးထောင်တန် ဖုန်းကတ်တွေ ပေါ်မလာခင် အပြေးအလွှား ရောင်းရတာ ဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့လို့ ပြောဆိုနေကြပါပြီ။
ဒါ့အပြင် ဖုန်းနံပါတ်လှလှလေး လိုချင်ရင် အလိုက် ငါးထောင်၊ တသောင်း ပေးရတာလည်း ရှိပါသေးတယ်။
ပိုက်ဆံသွင်းပြီးလည်း စိတ်မချမ်းသာရသေးပါဘူးလို့ စာရေးဆရာတဦးက ရှင်းပြပါတယ်။
“ဖုန်းတွေ ၂ သိန်းနဲ့ ပေးတယ်၊ ပေးတယ်၊ ရမယ် ဆိုပြီး ရတဲ့နေ့ ချက်ချင်း ပြောလို့ရရင် ကောင်းတာပေါ့။ အခုလိုဖြစ်မယ် ဆိုလည်း အစောကြီးတည်းက ချမပေးနဲ့လေ၊ အဲ့ဒီတော့ ဒီနိုင်ငံမှာ ဘာဖြစ်လာလဲ ဆိုတော့ ပထမဆုံး စလုပ်ပေးတဲ့ အချိန်မှာ အပြေးအလွှား လုပ်ကြ၊ နောက်ဆိုရင် မသေချာဘူး ဆိုတဲ့ဟာတွေ ဖြစ်လာကုန်တာပေါ့။ ဒီနိုင်ငံမှာကလည်း ချက်ချင်းလက်ငင်း အဆင်တွေပြေပြီး ဝမ်းသာသွားရတယ် ဆိုတာ မရှိပါဘူး” လို့ မန္တလေးမြို့နေ စာရေးဆရာ ဆူးငှက်က ဧရာဝတီကို ပြောပါတယ်။
ဝန်ကြီးက သူတို့နဲ့ အဆင်ပြေတဲ့ ကုမ္ပဏီက ဖုန်းတွေကို အရင်ဖွင့်ပေးတာ ဆိုတဲ့ ပြောဆိုသံတွေလည်း ခပ်ကျယ်ကျယ်လေး ထွက်နေပါတယ်။
အဲဒီတော့ … ၂ သိန်း အကုန်ခံ ဝယ်ထားတဲ့ ဖုန်းကို ဆက်မိရင် “လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းနံပါတ်သည် ဝန်ကြီး၏ခွင့်ပြုချက် မရသေးပါရှင်” ပေါ့လေ။
မစပ်စုတို့ ရွှေမြန်မာပြည်ကြီး ကောက်ရိုးမီးလို့ ဟုန်းခနဲ တောက်ပြီး ပြန်ငြိမ်းသွားတဲ့ အဖြစ်မျိုး၊ အပေါ်ယံ ပြောင်းလဲမှုမျိုးတွေ အဖြစ်က အမြန်ဆုံး လွတ်မြောက်နိုင်ပါစေလို့ ဆန္ဒပြုရင်း..။
အန္တရာယ်ကို လွယ်ထားပါ
အများသုံးအိမ်သာတွေမှာ ယောကျာ်၊ မိန်းမ သီးသန့်စီ ဝင်ရောက်ဖို့အတွက် Men နဲ့ Women ဆိုတဲ့ ဆိုင်းဘုတ် ၂ မျိုး တပ်ထားတာ တွေ့ဖူးကြမှာပါ။
ဒေသတချို့မှာတော့ ၃ ခု ရှိပါတယ်။ အဲဒါကတော့ Gay ဆိုတဲ့ ဆိုင်းဘုတ်ပါ။
ခုတလော Facebook မှာ လူပြောများနေတဲ့ မြန်မာပြည်က အိမ်သာဆိုင်းဘုတ်တခု ရှိပါတယ်။ ဆိုင်းဘုတ်မှာ ရေးထားတာကတော့ Men မဟုတ်၊ Women လည်း မဟုတ်၊ Gay လည်း မဟုတ်ရေးချ မဟုတ်ပါဘူး။ Foreigners only (နိုင်ငံခြားသားများသာ) တဲ့။
အခုလို နိုင်ငံခြားသားသီးသန့် ဆိုတဲ့ အိမ်သာဟာ Myanmar Travel & Tours (MTT) ကုမ္ပဏီ ရုံးခန်းမှာ ရှိတာဖြစ်ကြောင်း Facebook မှာ ထပ်ဆင့်ဖော်ပြသူက ရှင်းပြထားပါတယ်။
ဒီဆိုင်းဘုတ်ရဲ့ ဆိုလိုရင်းက “မြန်မာမဝင်ရ” လို့ ပြောဆိုလိုက်တာနဲ့ အတူတူဖြစ်တယ် စတဲ့ စတဲ့ သုံးသပ်ချက်၊ ဝေဖန်ချက်တွေ မိုးလုံးညံခဲ့ပါတယ်။
အန္တရာယ်ဆိုတာ လွယ်မထားရဘူး လို့ ပြောတတ်ကြပါတယ်၊ သို့သော်လည်း ဒီလိုဆိုင်းဘုတ်နဲ့ တွေ့ရင်တော့ အန္တရာယ်ကို လွယ်ထားရတော့မှာပေါ့။
MTT တာဝန်ရှိသူတဦးကတော့ ဒီဆိုင်းဘုတ်က သူတို့ဆိုင်းဘုတ် မဟုတ်ဘူးလို့ အခိုင်အမာ ဆိုပါတယ်။
“ကျနော်တို့ MTT ရုံးက နေပြည်တော်မှာ ရုံးချုပ်တခုရှိတယ်။ ရန်ကုန်မှာ ရုံးခွဲ တခုရှိတယ်။ နောက် နယ်မြို့တွေမှာ ရှိတယ်။ အဲ့ဒီ ရုံးတွေမှာ Toilet (အိမ်သာ) ကို အခုလို သီးသန့် လုပ်ထားတာ တခုမှမရှိဘူး။ တခြား ဘယ်ကုမ္ပဏီတွေက ဘယ်ဟာတွေ သွားကြည့်ပြီး ပြောလဲဆိုတာတော့ မသိဘူး” လို့ ရန်ကုန်ရုံးခွဲက တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောပါတယ်။
ကဲ … ဆိုင်းဘုတ်ပိုင်ရှင် ဘယ်သူလဲ ဆိုတာ မသိတော့ပါဘူး။ ဆိုင်းဘုတ် ဖတ်မိသူများမှာ ပြောစရာတွေ ရှိသလို ဆိုင်းဘုတ်တပ်သူမှာလည်း သူ့အကြောင်းနဲ့သူ ရှိမှာပါ။
မစပ်စု ပြောခဲ့သလိုပဲ ဘယ်နိုင်ငံ ဘယ်တိုင်းပြည်မှာမှ မတွေ့ရတဲ့ ထူးခြားဆန်းပြားမှုတွေနဲ့အတူ ရွှေမြန်မာနိုင်ငံတော်ကြီးလည်း အမြန်ဆုံး တိုးတက်နိုင်ပါစေလို့ ဆုတောင်းရင်း..။