စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှ လယ်သိမ်းခံ တောင်သူလယ်သမားများက ရဲက သိမ်းသွားသော ၎င်းတို့၏ လယ်မြေများ ပြန်ရရေးအတွက် နိုင်ငံတော်သမ္မတနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) သို့ ယမန်နေ့က တိုင်ကြားလိုက်သည်။
ကန့်ဘလူမြို့နယ် ကိုင်းတော်နှင့် လိပ်တူရွာမှ လယ်မြေဧက ၄၀ ကျော်ကို ကန့်ဘလူ ရဲစခန်းပိုင်မြေအဖြစ် သိမ်းဆည်းခဲ့ပြီး အဆိုပါ လယ်မြေများကို တခြားတောင်သူများအား သီးစားပြန်ချ၍ ငှားရမ်းနေသောကြောင့် မူလ လယ်ပိုင်ရှင်များက လယ်ယာမြေများ ပြန်ရလိုခြင်းဖြစ်သည်။
“အခု သနပ်ခါးပင်တွေ စိုက်ထားတယ်။ သိမ်းတာက ၂၀၀၈ တုန်းက မြို့နယ်စခန်းမှူးက သိမ်းတာ။ ကျနော်တို့က လျော်ကြေးလည်း မရဘူး၊ လယ်အစားလည်း ပြန်မရတော့ ကျနော်တို့မှာ အလုပ်လက်မဲ့ ဖြစ်နေရတယ်။ အရင်က မယက (မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွဲ့ဖြိုးရေးကောင်စီ) ကို တိုင်ထားပေမယ့် ဘာမှမထူးလို့ ILO ကို တိုင်ရတာပါ” ဟု လယ်ပိုင်ရှင်တဦးဖြစ်သူ ဦးဝင်းစိုးက ပြောသည်။
အဆိုပါ လယ်မြေများမှာ ကာလပေါက်ဈေး တဧကလျှင် ကျပ် ၅ သိန်းခန့်ရှိကြောင်း၊ လယ်မြေများ ပြန်လည် ပိုင်ဆိုင်ခွင့်မရပါက ထိုက်တန်သည့် လျော်ကြေးတစုံတရာ ရလိုကြောင်း လယ်ပိုင်ရှင်များက ဆိုသည်။
အလားတူပင် မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးရွာ၊ သုံးတောင်ရွာ၊ ညောင်ပင်ရွာ၊ အောင်ချမ်းသာရွာ၊ ပင်လိမ်ရွာ စသည့်ရွာများမှ လယ်မြေသိမ်းဆည်းခံရသည့် တောင်သူလယ်သမားများကလည်း လယ်ယာမြေများ ပြန်လည်ရလိုမှုအတွက် တရားစွဲဆိုရန် ပြင်ဆင်နေသည်ကြောင်း သိရသည်။
ဇီးပင်ကြီးရွာမှ လယ်မြေများကို ရဲသိပ္ပံ၊ ဗဟိုဝန်ထမ်းတက္ကသိုလ် ပိုင်မြေများအဖြစ် သိမ်းဆည်းခဲ့ပြီး ၎င်းမြေများကို တခြားသူများသို့ အငှားပေး၍ သီးစားပြန်ချထားကြောင်း၊ ပင်လိမ်ရွာမှ လယ်မြေဧက ၅၀ ကျော်ကိုလည်း ပုဂ္ဂလိက ကုမ္ပဏီတခုက သိမ်းယူထားကြောင်း၊ အဆိုပါ လယ်မြေများအတွက် လယ်ပိုင်ရှင်များသည် အစားထိုးမြေ၊ နစ်နာကြေးများ မရကြောင်း လယ်သမားများအရေး ကူညီဆောင်ရွက်ပေးနေသူ ရှေ့နေဦးမြင့်သွင်က ဆိုသည်။
“လယ်ပိုင်ရှင်တွေဆီက အထောက်အထားတွေ စုစည်းနေပါတယ်။ လယ်သမားတွေကိုလည်း လယ်ယာမြေ ဥပဒေတွေ၊ လျော်ကြေးရပိုင်ခွင့်တွေ ရှင်းပြပြီးတော့ နစ်နာကြေး အရင်တောင်းဖို့ရယ်၊ အထောက်အထားတွေ ခိုင်လုံပြည့်စုံရင်၊ ဥပဒေအရလည်း ကာလစည်းကမ်းဘောင်ထဲ ဝင်တယ်ဆိုရင် သမ္မတဆီ တင်ပြဖို့၊ ချက်ခြင်း တရားစွဲဖို့ လုပ်နေပါတယ်” ဟု ရှေ့နေ ဦးမြင့်သွင်က ပြောသည်။
အဆိုပါ လယ်ယာမြေများတွင် လွန်ခဲ့သည့် ၅ နှစ်ကျော်က သိမ်းဆည်းခံခဲ့ရသော လယ်မြေများလည်း ပါဝင်ကြောင်း၊ တောင်သူလယ်သမား အများစုမှာ မိမိတို့၏ ရပိုင်ခွင့်ဖြစ်သော်လည်း လျော်ကြေးတောင်းရန်၊ တရားစွဲဆိုမှုများ ပြုရမည်ကို ကြောက်ရံွ့နေကြကြောင်း၊ တရားစွဲဆိုရန် သုံးစွဲရမည် တံဆိပ်ခေါင်း တန်ဖိုးမှာလည်း ကျပ် ၄ သိန်းခွဲခန့်ရှိနေ၍ တောင်သူများအနေဖြင့် အခက်တွေ့နေရသည်ဟု ဆိုသည်။
၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေပါ လယ်ယာမြေဆိုင်ရာ ဥပဒေတွင် နစ်နာကြေးနှင့် လယ်ယာမြေ အစားထိုးပြန်ပေးမှုများသာ ပါဝင်ပြီး တောင်သူလယ်သမားများအတွက် ကာကွယ်မှု တစုံတရာ မပါဝင်ကြောင်း၊ တောင်သူလယ်သမားများကို အကာကွယ်ပေးမည့် ဥပဒေ လိုအပ်နေကြောင်း ရှေ့နေ ဦးမြင့်သွင်က ဆိုသည်။
၎င်းက “ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၁ အခန်း ၉၊ ပုဒ်မ ၂၆ မှာ ရေးထားတာက နစ်နာကြေးတွေ၊ လျော်ကြေးတွေပေးမယ်လို့ ရေးထားတယ်။ အဲ့ဒါက စီမံကိန်းနဲ့ ပတ်သက်လို့ အစိုးရက သိမ်းခဲ့ရင် နစ်နာကြေး လျော်ကြေး ပေးမယ်ပေါ့။ ဒါတောင်မှ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့နဲ့ ညှိနှိုင်းပြီးမှ ပေးမယ်လို့ ရေးထားပါတယ်။ တောင်သူလယ်သမားတွေကို ကာကွယ်နိုင်လောက်တဲ့ ဥပဒေကတော့ မပါပါဘူး” ဟု ပြောသည်။
စစ်တပ်ပိုင် အဆောက်အဦ၊ အစိုးရရုံး၊ စက်ရုံမြေနေရာများ၊ အစိုးရပိုင် စီမံကိန်းများနှင့် ပုဂ္ဂလိက ကုမ္ပဏီများပိုင် စီးပွားရေးလုပ်ငန်းများ စသည်တို့အတွက် လယ်မြေသိမ်းဆည်းခံရမှုများ၊ လယ်ယာမြေ ပြန်လည်ရလိုမှုနှင့် လျော်ကြေးရလိုမှုအတွက် တိုင်ကြားမှု၊ တရားစွဲဆိုမှုများမှာ နိုင်ငံတဝှမ်း ဒေသအသီးသီးတွင် ဖြစ်ပေါ်နေသည်။