ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး ကျန်းမာရေး မကောင်းသဖြင့် ရာထူးမှ နုတ်ထွက်လိုက်ပြီဆိုသော သတင်းများနှင့်ပတ်သက်၍ ပြည်တွင်း သတင်းဂျာနယ်များတွင် ထည့်သွင်းဖော်ပြခြင်း မပြုရန်နှင့် မလိုက်နာပါက အရေးယူသွားမည်ဟု ပြန်ကြားရေးဝန်ကြီး ဌာန စာပေစိစစ်ရေး က ပြောဆိုသည်။
ပြည်တွင်း Venus News Weekly ဂျာနယ်က“ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ကင်ဆာရောဂါလက္ခဏာတွေ့ရှိရပြီး ကျန်းမာရေး မကောင်းဟု သတင်းများထွက်ပေါ်”ဆိုသော ခေါင်းစဉ်ဖြင့်ဖော်ပြရန် စာပေစိစစ်ရေးသို့တင်ပြခဲ့ရာ တားမြစ်ခံရကြောင်း ဂျာနယ် တာဝန်ခံ အယ်ဒီတာ ကိုလှိုင်းသစ်ဇင်ဝေ က ပြောပြသည်။
“ဦးတင်အောင်မြင့်ဦး သတင်းက ပြည်တွင်းမှာ တော်တော်ကို သတင်းထွက်နေတဲ့အပြင် လူတွေကလည်း ဒါကို စိတ်ဝင်တစားနဲ့ သိချင်နေကြတယ်။ အဲဒီတော့ ကျနော်တို့ သတင်းဂျာနယ်ကလည်း ဒီသတင်းကို ဖော်ပြနိုင်ဖို့ စာပေစိစစ်ရေးကို တင်ပါတယ်။ ဒါပေ မယ့် စာပေစိစစ်ရေးက ဗိုလ်မှူးတင့်ဆွေ၊ ဗိုလ်မှူးမျိုးမြင့်မောင်တို့ နှစ်ဦးစလုံးက မဖော်ပြဖို့ တားပါတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြော သည်။
မေလ ၇ ရက်နေ့ထုတ် မြန်မာပို့စ် သတင်းဂျာနယ်သည်လည်း ဒု သမ္မတ ဦးတင်အောင်မြင့်ဦး သတင်း ထည့်သွင်းဖော်ပြမှုနှင့် ပတ် သက်ပြီး စာပေစိစစ်ရေးတွင် ခံဝန်ကတိ လက်မှတ်ထိုးခဲ့ရကြောင်း သိရှိရသည်။
“သူတို့ကတော့ လုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်ပါမယ်ဆိုတာ ခံဝန်ထိုးခိုင်းပါတယ်။ ဂျာနယ် အနေနဲ့ တာဝန်ယူပါတယ်။ ဖြစ်လာ မယ့်အရာကိုလည်း ရင်ဆိုင်ဖြေရှင်းပေးပါမယ် ဆိုတာ ဝန်ခံကတိပြုပါတယ် ဆိုတဲ့ စာသား လက်မှတ်ထိုးခဲ့ရတာပါ”ဟု မြန်မာပို့စ် တာဝန်ခံ အယ်ဒီတာ ကိုခိုင်လင်းကျော် က ပြောသည်။
တနင်္ဂနွေနေ့က ထွက်ပေါ်လာသည့် ဦးတင်အောင်မြင့်ဦး သတင်းကို ဂျာနယ်ထွက်ရက် တနင်္လာနေ့အမီ ပုံနှိပ်ဖော်ပြရသောကြောင့်
စာပေစိစစ်ရေးသို့ တင်ပြရန် အချိန်မမီသည့်အတွက် မတင်ပြဖြစ်သည့် ကိစ္စလည်း ပါဝင်ကြောင်း ၎င်းက ဆိုသည်။
ကိုလှိုင်းသစ်ဇင်ဝေကလည်း ဆက်လက်ပြီး“ခွင့်မပြုတဲ့ကြားထဲက သတင်းထည့်ရင်တော့ အရေးယူမယ်ပေါ့။ လောလောဆယ်ကြား ထားတာက မြန်မာပို့စ်ဂျာနယ် တာဝန်ရှိသူတွေကို စာပေစိစစ်ရေးက ခေါ်ထားတယ်လို့ သိရတယ်။ ကျန်းမာရေး မကောင်းလို့ မကောင်းဘူး ရေးတာပဲ။ သတင်းဂျာနယ်တွေကို ဘာအရေးယူစရာရှိလဲ။ သတင်း လွတ်လပ်ခွင့်ပေးပါမယ်လို့ ဝန်ကြီးကိုယ်တိုင် ခဏခဏ ပြောနေတာပဲ။ မကောင်းလို့ မကောင်းဘူးရေးတာ ပိတ်ပင်တယ် ဆိုတော့ စာပေလွတ်လပ်ခွင့် နဲ့ ပတ်သက်လို့ မေးခွန်း ထုတ်စရာတွေ များလာပြီ”ဟု ပြောသည်။
ဦးတင်အောင်မြင့်ဦး သည် လည်ချောင်းကင်ဆာရောဂါ လက္ခဏာများတွေ့ရှိနေရပြီး စိတ်ကျ ဝေဒနာကိုပါ ခံစားနေရကြောင်း၊ ဒု သမ္မတ ရာထူးမှ နုတ်ထွက်လွှာ တင်သွင်းထားကြောင်း အစိုးရ နှင့် နီးစပ်သည့် အသိုင်းအဝိုင်းကလည်း ပြောဆိုသည်။
ဦးတင်အောင်မြင့်ဦး၏ နေအိမ်တည်ရှိရာ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ၃ ရပ်ကွက် အေးရိပ်ငြိမ်လမ်းနှင့် အောင်သိဒ္ဓိလမ်းများ တွင်လည်း မေ လဆန်းပိုင်းမှ စတင်ပြီး လုံခြုံရေး ရဲအစောင့်များ ထူထပ်စွာချထားကြောင်း ဒေသခံများက ပြောသည်။
ဒု သမ္မတ ဦးတင်အောင်မြင့်ဦးသည် DSA အပတ်စဉ် ၁၂ ကျောင်းဆင်းတဦးဖြစ်ပြီး တပ်မတော်တွင် ဗိုလ်ချုပ်ကြီးအဆင့် တာဝန် ထမ်းဆောင်ခဲ့ကာ အစိုးရအဖွဲ့အတွင်း သဘောထား တင်းမာသူဟု လူအများက သတ်မှတ်ခံထားရသူလည်း ဖြစ်သည်။