တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့မှ ဗိုလ်နှုတ်ခမ်းမွေး (ခေါ်) ဗိုလ်မှူးချုပ် စောလားပွယ်ကို မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဖမ်းဆီးလွှဲပြောင်းပေးရန် ထိုင်းနိုင်ငံရှိ မူးယစ်ဆေး ထိန်းချုပ်ရေး ဘုတ်အဖွဲ့ရုံး (ONCB) က မြန်မာအစိုးရထံ တောင်းဆိုလိုက်သည်။
ဗိုလ်နှုတ်ခမ်းမွေး ထိုင်းတွင် တရားရင်ဆိုင်ရန် မြန်မာအစိုးရက ဖမ်းဆီးလွှဲပြောင်းပေးရေး ONCB က မြန်မာရဲချုပ်ကို တောင်းဆိုထားကြောင်း၊ ထိုင်းဝန်ကြီးချုပ် ယင့်လပ် ရှင်နာဝပ် သွားစေလိုပါက ယင်းကိစ္စအတွက် မြန်မာနိုင်ငံသို့ သွားရောက်ဆွေးနွေးရန် အဆင်သင့်ရှိကြောင်း ထိုင်း ဒု ဝန်ကြီးချုပ် ချလုံ ယူဘမ်ပရုန်းက ပြောကြားသည်ဟု ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။
ONCB အကြီးအကဲတဦးဖြစ်သူ ရဲဗိုလ်ချုပ် Adul Saeng Sing Kaew က မြန်မာ ရဲချုပ်နှင့် ပုဂ္ဂိုလ်ရေးအရ အဆက်အသွယ်ရှိကြောင်း၊ ၎င်း အနေနှင့်လည်း မြန်မာနိုင်ငံသို့ သွားရောက် ဆွေးနွေးပြောဆိုရန် အဆင်သင့်ရှိကြောင်း ချလုံ ယူဘမ်ပရုန်းက ဆိုသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ နယ်စပ်ဒေသ အခြေအနေကို ထိခိုက်မှု တစုံတရာ မရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။
DKBA တပ်ဖွဲ့ကို ကြိုတင်ကာကွယ်သည့် အနေဖြင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နယ် ဖုပ္ဖရဒေသနှင့် ဘုရားသုံးဆူ နယ်စပ်တို့တွင်လည်း ထိုင်းစစ်တပ်က လုံခြုံရေး တင်းကျပ်ထားကြောင်း ယင်း နယ်စပ်ရှိ ဒေသခံများက ပြောသည်။
DKBA တပ်ဖွဲ့မှ ဗိုလ်မှူးကြီး စန်းအောင်က DKBA တပ်ဘက်ကလည်း တပ်လှန့်ထားပြီး လုပ်စရာရှိသည်ကို ဆက်လုပ်သွားမည်ဟု ဧရာဝတီသို့ ပြောသည်။
လတ်တလော နယ်စပ် ဂိတ်များကိုလည်း ဆက်လက် ပိတ်ထားဆဲ ဖြစ်ကြောင်း သိရသည်။ မြန်မာအစိုးရက လတ်တလော DKBA နှင့် ထိုင်းစစ်တပ်တို့၏ စစ်ရေးတင်မားမှုနှင့် ပတ်သက်၍ တစုံတရာ ပြောဆိုခြင်း မရှိသေးပေ။
ယခုအခါ နယ်စပ် နှစ်ဖက်ခြမ်းရှိ ဒေသခံများနှင့် မြန်မာဘက်ကမ်း၌ သွားရောက် ရင်းနှီးမြှုပ်နှံထားသော ထိုင်းလုပ်ငန်းရှင်များ အသွားအလာ ရပ်ဆိုင်းထားကြောင်း သိရသည်။
ဧပြီလ ၂၀ ရက်နေ့က ONCB အဖွဲ့အနေနှင့် ဗိုလ်မှူးချုပ် စောလားပွယ်ကို မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဖမ်းဆီးရန် ဆုငွေ ထိုင်း ဘတ် ၁ သန်း (ဒေါ်လာ ၃,၂၀၀၀ ခန့်) ထုတ်ခဲ့သည်။ မူးယစ်းဆေးဝါးနှင့်ပတ်သက်၍ ဆုငွေထုတ်ထားသည့် ၂၅ ဦးထဲတွင် ထိုင်းနိုင်ငံသားများနှင့် မြန်မာနိုင်ငံမှ ၃ ဦး ပါဝင်သည်။
ဗိုလ်ချုပ် စောလားပွယ် ဦးဆောင်သည့် DKBA တပ်ဖွဲ့ဝင်များ အခြေစိုက်သည့် ဝေါ်လေတပ်စခန်း တည်ရှိရာ ထိုင်းဘက်ခြမ်းတွင် ၂၀၀၃ ခုနှစ်က ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြား (ရာဘ) အလုံးရေ ၉ ဒဿမ ၄ သန်း ဖမ်းဆီးရရှိခဲ့မှုနှင့် ပတ်သက်၍ ONCB အဖွဲ့က ဗိုလ်ချုပ် စောလားပွယ်တွင် တာဝန်ရှိသည်ဟု စွပ်စွဲ၍ ဆုကြေးငွေ ထုတ်ထားခြင်း ဖြစ်သည်။
မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ဆုငွေထုတ်ထားသည့် ကိစ္စအား ထိုင်းအာဏာပိုင်များ ဖြေရှင်းခြင်း မပြုလုပ်ပါက နှစ်နိုင်ငံနယ်စပ် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်လိမ့်မည်ဟု DKBA တပ်ဖွဲ့မှ ဗိုလ်မှူးချုပ် စောလားပွယ်က ယခုလ ၁ ရက်နေ့တွင် ပြောကြားခဲ့ပြီး နောက် DKBA နှင့် ထိုင်းအာဏာပိုင်များအကြား တင်းမာမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထိုစွပ်စွဲမှုနှင့် ပတ်သက်၍ အဖြစ်မှန်ကို နိုင်ငံတကာက သိရှိနိုင်ရန် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံခြား သတင်းဌာနများနှင့် ပြည်တွင်းသတင်းဌာနများကို ဖိတ်ကြား၍ ယခုလ ၁၀ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ထပ်မံပြုလုပ်မည်ဟု DKBA အဖွဲ့က ပြောသည်။