၂၀၁၀ ပြည့်နှစ် သင်္ကြန်ကာလ ရန်ကုန်မြို့ရှိ X2O သင်္ကြန်မဏ္ဍပ် ဗုံးကွဲမှုတွင် ပတ်သက်သည်ဟူသော သံသယဖြင့် ဖမ်းဆီးထားသည့် ကိုဖြိုးဝေအောင်ကို သေဒဏ်နှင့် တခြားပြစ်ဒဏ်များ အသီးသီး ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
အင်းစိန်ထောင်တွင်း အထူးတရားရုံးက ကိုဖြိုးဝေအောင်ကို ပုဒ်မ ၃၀၂ လူသေစေမှုဖြင့် သေဒဏ်၊ ပုဒ် ၃၂၆ အပြင်းအထန် နာကျင်စေမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်၊ ပုဒ်မ ၃၂၄ နာကျင်စေမှု၊ ပုဒ်မ ၁၀၃ ဖောက်ခွဲမှုဖြင့် ထောင်ဒဏ် တသက်တကျွန်း၊ ပုဒ်မ ၁၃ (၁) တရားမဝင် နယ်စပ်ဖြတ်ကျော် ပုဒ်မဖြင့် အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်၊ ပုဒ်မ ၁၇ (၁) မတရားအသင်း ဆက်သွယ်မှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၃ နှစ် တို့ကို တပေါင်းတည်းကျခံစေရန် ယနေ့ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
“ဒါ အမြင့်ဆုံးပြစ်ဒဏ်တွေကို ချမှတ်လိုက်တာပဲ။ ကျနော်တို့ကတော့ မကျေနပ်ဘူး။ ကျနော်တို့က အပြီးသတ် လျှောက်လဲချက်ပေးတုန်းက တရားခံကို ရိုက်နှက်ညှဉ်းပန်းပြီးမှ ရတဲ့အချက်တွေကို တင်ပြတရားစွဲတာဆိုတာကို လုံးဝလက်မခံဘဲနဲ့ ဒီလိုလုပ်လိုက်တာ။ ကျနော်တို့က တိုင်းအဆင့် အယူခံ ဆက်တက်မယ်” ဟု ၎င်း၏ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။
လူ ၁၀ ဦးကျော် သေဆုံး၍ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့သော X2O သင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲမှုတွင် ပါဝင်သည်ဆိုသည့် သံသယဖြင့် အင်ဂျင်နီယာဖြစ်သူ ကိုဖြိုးဝေအောင်သည် အင်းစိန်ထောင်တွင် ထိန်းသိမ်းခံခဲ့ရပြီး မတရားအသင်းပုဒ်မ၊ လူဝင်မှုကြီးကြပ်ရေးပုဒ်မ၊ လူသေစေမှု၊ အကြမ်းဖက်မှု စသည့်ပုဒ်မများဖြင့် ၂ နှစ်ကျော် တရားရင်ဆိုင်ခဲ့ရသည်။
ယနေ့ တရားစီရင်ရာတွင် ဇနီးဖြစ်သူအပါအဝင် ကိုဖြိုးဝေအောင်ဖက်မှ တင်ပြသော သက်သေအချက်အလက်များကို တင်ပြသုံးသပ်ခြင်းများ မရှိသကဲ့သို့ မိသားစုဝင်များ တရားခွင်သို့ ဝင်ရောက်ခွင့်မပြုကြောင်း ဇနီးဖြစ်သူ မဌေးဌေးက ပြောသည်။
“ဒီလိုချမယ်ဆိုတာတော့ ကျမတို့က မျှော်လင့်ထားပြီးသားပါ။ တရားစီရင်မှုမှာကတော့ မတရားမှုတွေရှိနေတော့ ဒီတရားစီရင်ရေးကို ယုံကြည်ချက် လုံးဝမရှိတော့ဘူး။ စိတ်ကုန်သွားပြီ။ ဒါပေမယ့် လုပ်ထုံးလုပ်နည်းအရကတော့ အယူခံ တက်လို့ရတဲ့အထိ တက်မှာပဲ” ဟု မဌေးဌေးက ပြောသည်။
ကလေးနှစ်ဦး၏ ဖခင်ဖြစ်သူ ကိုဖြိုးဝေအောင်သည် ခါးကျီးပေါင်းတက်ရောဂါနှင့် အသည်းကြီးရောဂါများ ခံစားနေရသောကြောင့် အထူးကုဆရာဝန်များဖြင့် ပြသ၊ ကုသရန် လိုအပ်နေကြောင်း၊ ယနေ့အထိ ပြင်ပဆေးရုံသို့သွားရောက် ဆေးကုသခွင့်၊ အထူးကုဆရာဝန်နှင့် ပြသခွင့် မရသေးကြောင်း၊ အယူခံတင်စဉ် ကာလအတွင်း နယ်ဝေးထောင်သို့ ပို့ဆောင်ခံရမည်ကို စိုးရိမ်နေကြောင်း မိသားစုဝင်များက ပြောသည်။
“အခုက သေဒဏ်ချလိုက်ပြီဆိုတော့ သူ့ကို လောလောဆယ် ထောင်တွင်းဆေးရုံကနေ စိတ္တဇသမားတွေကို ထားတဲ့တိုက်ကို ပြောင်းမယ်လို့ သိရတယ်။ ဆေးရုံက သူ့ကို အကိုက်အခဲပျောက်ဆေးတွေပဲ ပေးထားတယ်။ တခြားကုသခွင့်ဘာမှ မရသေးဘူး” ဟု ဇနီးဖြစ်သူက ပြောသည်။
ကိုဖြိုးဝေအောင်က မတရားသဖြင့် ဖမ်းဆီးခြင်း၊ တရားစွဲဆို ပြစ်ဒဏ်ချမှတ်ခြင်းများသည် မြန်မာနိုင်ငံ၏ ကူးပြောင်းရေးကာလအတွင်း တရားစီရင်မှုနှင့် တရားဥပဒေစိုးမိုးမှုတွင် ပြောင်းလဲမှု တစုံတရာမရှိသေးသည်ကို ဖော်ပြနေကြောင်း ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေးကောင်စီ (AHRC) က ထောက်ပြပြောဆိုသည်။
ကိုဖြိုးဝေအောင်ကို ဖမ်းဆီးစဉ်က ဝရမ်းတစုံတရာမပါဘဲ ဖမ်းဆီးခြင်း၊ သက်သေထွက်ဆိုချက်ရအောင် ညှဉ်းပန်းနှိပ်စက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်မှုဖြင့် ရရှိသော သက်သေထွက်ချက်များကို တင်ပြခြင်း၊ ပစ္စည်းသက်သေခံအတုများ ရုံးတော်သို့တင်ပြခြင်း၊ တရားခွင်ကို အထူးတရားရုံးတွင် တရားပိတ်ပြုလုပ်ခြင်း၊ ဗုံးကွဲချိန်တွင် ကိုဖြိုးဝေအောင်သည် လုပ်ငန်းခွင်တွင်း ရှိနေသည်ဆိုသည့် ကိုဖြိုးဝေအောင်ဖက်မှ တင်ပြသော သက်သေထွက်ဆိုချက်များကို ပယ်ချခြင်း၊ ကိုဖြိုးဝေအောင်ဖက်မှ ကာကွယ် တင်ပြထွက်ဆိုချက်များကို ရုံးတော်မှ ကန့်ကွက်ပယ်ချခြင်းများကို ကြည့်ခြင်းအားဖြင့် အမှုစီရင်ပုံမှာ တရားမျှတမှုမရှိသည်ကို ဖော်ပြနေကြောင်း AHRC ၏ ထုတ်ပြန်ကြေငြာချက်တွင် ရေးသားထားသည်။
ဆက်စပ်ဖတ်ရှုရန်