တိုင်းရင်သား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးပြုလုပ်ရန် သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့သစ်ကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီကို ဦးသိန်းစိန်က ဥက္ကဌ အဖြစ် ဆောင်ရွက်ပြီး ဒု သမ္မတ နှစ်ဦး၊ လွှတ် တော် ဥက္ကဋ္ဌ နှစ်ဦး၊ ကာကွယ် ရေးဦးစီးချုပ် ဒု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ် ရေးရာ ဝန်ကြီး၊ ပြည်ထောင်စု ရှေ့နေချုပ်နှင့် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော် အပါအဝင် ၁၂ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော် သမ္မတ ရုံး နှင့် နီးစပ်သည့် အသိုင်းအဝိုင်း က ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့၌ ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း က ဥက္ကဌ၊ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်က ဒု ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ပြီး ဒု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ရထား ပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်း၊ အဖွဲ့ဝင်များအဖြစ် ဝန်ကြီး ၇ ဦး၊ ပြည်နယ်/တိုင်းဝန်ကြီးချုပ် ၁၀ ဦး၊ ပြည်နယ်/တိုင်း စစ်ဌာနချုပ် တိုင်းမှူး ၁၀ ဦး၊ နယ်စပ်ရေးရာ ဒု ဝန်ကြီး ဗိုလ်ချုပ် ဇော်ဝင်းနှင့် ဒု ရှေ့နေချုပ် ဦးထွန်းထွန်းဦး အပါအဝင်၂ ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၉ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၉ ဦး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မျိုးကြည် အပါအဝင် စုစုပေါင်း ၅၂ ဦးဖြင့် ဖွဲစည်းထားကြောင်း သမ္မတ ရုံး အသိုင်းအဝိုင်းမှ သတင်းရသည်။
ယခုကဲ့သို့ အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ကို ပြင်ဆင်၍ အသစ်ပြန်လည် ဖွဲ့စည်းခြင်းသည် ထာဝရ ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ဖွဲ့စည်းခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
“အခုပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ငြိမ်းချမ်းရေးကော်မတီအဖွဲ့နှစ်ခုက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအားလုံးနဲ့ထာဝရငြိမ်းချမ်း ရေးရတဲ့အထိ အစိုးရသက်တမ်းမကုန်ခင် ငြိမ်းချမ်းရေးအကောင်အထည်ဖော်နိုင်အောင် လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားပါတယ်” ဟု သမ္မတရုံးမှ အမည်မဖော်လိုသော အရာရှိတဦးက ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီသည် ပထမဆင့်အနေနှင့် ပြည်နယ်အဆင့်ငြိမ်းချမ်းရေး ဆွေးနွေးခြင်း၊ နှစ်ဦးနှစ်ဖက် အပစ်အခတ် ရပ်စဲရေး၊ နှစ်ဖက်သဘောတူညီမှု ညှိုနှိုင်းရရှိထားသည့် သတ်မှတ်နေရာများတွင် နေထိုင်ရေး၊ သတ်မှတ် နေရာများအပ အခြားဒေသသို့ လက်နက်ဖြင့်သွားလာခြင်းမပြုရန်၊ ဆက်ဆံရေးစခန်းကို နှစ်ဖက်သဘောတူညီသော သင့်လျော် သည့်နေရာများတွင် လက်နက်မပါဘဲ ထားရှိရေး၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် ဆွေးနွေးရန် ကိုယ်စားလှယ် အဖွဲ့ တရားဝင်ဖွဲ့စည်းပေးရန်နှင့် ဆွေးနွေးမည့် အချိန်နှင့်နေရာ ညှိုနှိုင်းရေးများကို လုပ်ဆောင်မည်ဖြစ်သည်ဟု သိရှိရသည်။
ယခင်က အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ကို ဦးအောင်မင်း ဦးဆောင်သော အဖွဲ့နှင့် ဦးအောင်သောင်း ဦးဆောင်သော အဖွဲ့ဟူ၍ နှစ်ဖွဲ့ ထားရှိရာ ဦးအောင်သောင်း အဖွဲ့သည် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့(KIO)နှင့် ဆွေးနွေးရာတွင် အောင်မြင်မှု မရရှိသေးပေ။ ပြန်လည် ဖွဲ့စည်းလိုက်သော အစိုးရ အငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တွင်း ဦးအောင်သောင်း ပါဝင်ခြင်း မရှိသည်ကို တွေ့ရှိရသည်။
အစိုးရက ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA-S) ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း(SSA-N)၊ ကရင်အမျိုးသား အစည်း အရုံး (KNU)၊ မွန်ပြည်သစ် ပါတီ၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်(DKBA) ကလို့ထူးဘော အဖွဲ့၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(KNPP) စသည်ဖြင့် ၁၀ ဖွဲ့ထက်မနည်း ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ထားပြီး ဖြစ်ကြောင်း သိရသည်။