ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်း ရွှေဖြူ သတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့် ဒေသခံ ကျေးရွာ ၇ ရွာမှ လူဦးရေ ၂၀၀၀ ကျော်၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ထိခိုက်ဆုံးရှုံးမှု ဖြစ်ပေါ်လျက်ရှိကြောင်း သတင်းရရှိသည်။
လားဟူ အမျိုးသမီးအဖွဲ့ (LWO) က ယနေ့ထုတ်ပြန်သော “ရွှေဖြူအတွက် သိမ်းယူခြင်း – ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ပလက်တီနမ် တူးဖော်မှု” အစီရင်ခံစာတွင် ပလက်တီနမ် ခေါ် ရွှေဖြူတူးဖော်ရေး လုပ်ငန်းများသည် တာချီလိတ်မြို့၏ မြောက်ဘက် ၁၃ ကီလိုမီတာအကွာ၌ ရှိနေပြီး ယင်း စီမံကိန်းများကြောင့် ဒေသခံ လားဟူ၊ အခါနှင့် ရှမ်းတိုင်းရင်းသားများ လုပ်ကိုင်နေသော စိုက်ပျိုးမြေ ဧက ၂၀၀ ကျော် ပျက်စီးသွားသကဲ့သို့ သစ်တောနှင့် ရေအရင်းအမြစ်များပါ ပျက်စီး ဆုံးရှုံးနေရကြောင်း ဖော်ပြထားသည်။
အဆိုပါ အစီရင်ခံစာကို ထိုင်းနိုင်ငံအခြေစိုက် လားဟူအမျိုးသမီးအဖွဲ့ က ရှမ်းပြည်နယ် အရှေ့ပိုင်း ရွှေဖြူ တူးဖော်ရေး လုပ်ငန်းခွင်များသို့ တနှစ်ကျော်ကြာသွားရောက် လေ့လာ၍ ထုတ်ပြန်ခြင်းဖြစ်ကြောင်း ကိုယ်တိုင် ကွင်းဆင်း၍ စစ်တမ်း ကောက်ယူခဲ့သူ မနာဗစ်ဘွန်က ဧရာဝတီသို့ ပြောသည်။
“ကုမ္ပဏီတွေက တိုးချဲ့တူးဖော်ရေးလုပ်တဲ့အခါမှာ ဒေသခံတွေရဲ့လယ်ယာတွေထဲကို မြေစာခဲတွေ ပို့ကုန်တာတွေ၊ ဒီတူးဖော်မှုတွေကြောင့် ရေတွေ ညစ်ညမ်းကုန်တယ်။ သစ်တောတွေ ပျက်စီးကုန်တယ်။ ဒေသခံတွေက ဘာလျော်ကြေးမှမရဘဲ ဥပဒေမဲ့ ခံနေကြရတယ်။ ဒါတွေနဲ့ပတ်သက်ပြီး သူတို့ကို ကူညီလုပ်ဆောင်ပေးမဲ့လူ မရှိဘူး” ဟု မနာဗစ်ဘွန် ကပြောသည်။
ယင်းဒေသတွင် ပြည်တွင်း သတ္တုတူးဖော်ရေး ကုမ္ပဏီများဖြစ်သော စိုင်းလောင်ဟိန်း၊ မြင့်ဦးအောင် (မုတ်ဆိတ်)၊ ဟိန်းလင်းစံ၊ စံပါရမီ (သတ္ထုတွင်းဝန်ကြီးဌာန) နှင့် ဝဏ္ဏသိန်းသန်း ကုမ္ပဏီတို့က အားရဲ၊ ကျောတော၊ မယ်ကောဝမ်း၊ မားမိုးတာ (၁)၊ မားမိုးတာ (၂)၊ မားမိုးတာ (၃)၊ ဟားကျား၊ မာအိုဆမ်းခမ်း၊ မော်ဗင်း စသည့်ကျေးရွာများ၏ လယ်မြေများကို ဥပဒေမဲ့ အတင်းအဓမ္မ အသုံးပြုလုပ်ကိုင်နေကြခြင်း ဖြစ်သည်ဟု သိရသည်။
ထို့သို့ ပျက်စီးဆုံးရှုံးရသော ဒေသခံများ၏ လယ်မြေများတွင် မူလက စပါး၊ လက်ဖက်၊ ငှက်ပျော၊ ပြောင်းဖူး၊ ပိန္နဲ၊ မျှစ်၊ ဟင်းသီးဟင်းရွက်နှင့် မယ်ဇလီပင်များ စိုက်ပျိုးကြကြောင်း၊ လယ်မြေဆုံးရှုံးမှုများအတွက် လျော်ကြေးလုံးဝ မရရှိကြောင်း အစီရင်ခံစာကဆိုသည်။ LWO က မှတ်တမ်းပြုစုနိုင်ခဲ့သော ရွာပေါင်း ၃၀ ခန့်မှ စာရင်းအရ လယ်မြေ ၉၂ ဧကမှာ ဥပဒေမဲ့ အဓမ္မ သိမ်းဆည်းခြင်းကို ခံထားရသည်ဟု အမည်များနှင့်တကွ ဖော်ပြထားသည်။
အဆိုပါ ကုမ္ပဏီများသည် တာချီလိတ် ဗျူဟာမှူး ဦးခင်မောင်စိုးထံမှ လုပ်ငန်းလုပ်ကိုင်ရန် ခွင့်ပြုချက် ယူထားသူများဖြစ်ကြောင်း၊ လုပ်ငန်းစီမံကိန်းများအတွက် လုံခြုံရေးအဖြစ် ခမရ ၅၂၆ က အခကြေးငွေယူ၍ လုံခြုံရေး တာဝန်ယူထားပေးကြောင်း သိရသည်။ ထိုဒေသတွင် အစိုးရလက်အောက်ခံ လားဟူ ပြည်သူ့စစ်တပ်ဖွဲ့များရှိသော်လည်း စီမံကိန်းများ ရပ်တန့်စေရန် ဟန့်တားပေးနိုင်ခြင်း မရှိဟုလည်း သိရှိရသည်။
ရွှေဖြူတူးဖော်ရေးလုပ်ငန်းကို ၂၀၀၇ ခုနှစ်က စိုင်းလောင်ဟိန်း ကုမ္ပဏီက စတင်လုပ်ဆောင်ခဲ့ပြီး ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းထိ ကုမ္ပဏီ ၅ ခုသာရှိခဲ့ရာမှ ၂၀၁၂ ခုနှစ်တွင် နောက်ထပ် ရွှေဖြူတူးဖော်ရေး ကုမ္ပဏီပေါင်း ၁၀ ခု ထပ်တိုးလာသဖြင့် ဒေသခံများ၏ အိုးအိမ်နှင့် လယ်မြေများအတွက် စိုးရိမ်မှုပိုမို ကြီးထွားလာကြောင်း မနာဗစ်ဘွန် ကပြောသည်။
LWO ပြောရေးဆိုခွင့်ရှိသူ မအေးအေးမြင့်က “ဒေသခံတွေအတွက်ကတော့ ငါတို့နေရာက ရွှေဖြူထွက်တယ်ဆိုတဲ့ ဂုဏ်ယူ ပြောစရာကလွဲလို့ အခုလက်ရှိ တွေ့ကြုံနေရတာတွေဟာ သူတို့အတွက် ဆိုးကျိုးတွေချည်းပါပဲ” ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။
၂၀၀၇ ခုနှစ်မှ စတင်ကာ ရွှေဖြူတူးဖော်ရေးလုပ်ငန်းများ ရောက်ရှိလာပြီးနောက် ဒေသခံအများစုမှာ ၎င်းတို့၏ အိမ်ခြံမြေနှင့် လယ်မြေများကို အခမဲ့ အဓမ္မသိမ်းယူခြင်း၊ တချို့သောလယ်ပိုင်ရှင်များမှာ အခမဲ့သိမ်းယူမည်စိုးသဖြင့် ထိုကုမ္ပဏီများမှပေးချေသော ဈေးနှုန်းဖြင့်သာ ရောင်းချပေးရခြင်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ထိုဖြစ်ရပ်များ၏ အကျိုးဆက်အဖြစ် ဒေသခံများမှာ အလုပ်ကိုင်ရှားပါးမှုကြောင့် နေရပ်ကိုစွန့်ကာ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် နယ်စပ်ရှိ တာချီလိတ်မြို့များပေါ်တွင် ရရာလုပ်ငန်းများကို သွားရောက် လုပ်ကိုင်နေကြရသကဲ့သို့ အနီးရှိ စီမံကိန်း လုပ်ငန်းများအတွင်း၌ပင် ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်လာသူများပါ ရှိလာကြောင်း မအေးအေးမြင့်က ပြောသည်။
ရွှေထက်တန်ဖိုးကြီးသော ပလက်တီနမ် ခေါ် ရွှေဖြူသည် ရှားပါး၍ အဖိုးတန်သော သတ္တုတမျိုးဖြစ်သည်။ ရှမ်းပြည်နယ် အရှေ့ပိုင်းမှ ထွက်ရှိသော အဆိုပါ ရွှေဖြူများကို မြန်မာနိုင်ငံ နယ်စပ်မှတဆင့် အိမ်နီးခြင်းနိုင်ငံများဖြစ်သော ထိုင်းနှင့် တရုတ်နိုင်ငံများသို့ တင်ပို့ကြောင်း သိရသည်။
ထိုစီမံကိန်းများကို လုပ်ဆောင်နေသော ကုမ္ပဏီများကို မြန်မာအစိုးရသစ် အနေဖြင့် ရပ်တန့်ပေးစေလိုကြောင်း၊ သတ္တုတူးဖော်ခြင်းကြောင့်၊ ဒေသခံများ၏ ပိုင်ဆိုင်မှု အတွက် ထိုက်တန်သည့်လျော်ကြေးပေးရန် လိုအပ်ကြောင်း LWO က တောင်းဆိုထားသည်။
အလားတူ တခြားတဖက်တွင်လည်း ဒေသခံများအနေဖြင့် ထိုစီမံကိန်းများကြောင့် မြေယာနှင့် လူမှုဘဝ ပျက်ဆီးဆုံးရှုံးခြင်းမှ ကာကွယ်ရန် လှုပ်ရှားမှုများလုပ်ဆောင် သွားရန်ကိုလည်း တိုက်တွန်းပြောဆိုထားသည်။
အဆိုပါ ရွှေဖြူသတ္တုတွင်း စီမံကိန်းများကို ရပ်တန့်ပေးရန် တောင်းဆိုမှုနှင့်အတူ ယနေ့ထုတ်ပြန်ခဲ့သော “ရွှေဖြူအတွက် သိမ်းယူခြင်း” အစီရင်ခံစာကို ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် လူထုမဲဆန္ဒဖြင့် အနိုင်ရရှိသွားသော လွှတ်တော်အမတ်များ၊ အစိုးရဌာနများနှင့် သက်ဆိုင်ရာကုမ္ပဏီများကို LWO က ပေးပို့ တိုက်တွန်းသွားမည်ဟုလည်းသိရသည်။
LWO ကို ၁၉၉၇ ခုနှစ်က ဖွဲ့စည်းခဲ့ပြီး လားဟူအမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေးနှင့် နိုင်ငံရေးတွင် ပိုမိုပါဝင် ဆောင်ရွက်လာနိုင်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် တခြားလုပ်ငန်းကဏ္ဍများကို ပြည်တွင်းနှင့် ထိုင်းနိုင်ငံရောက် လားဟူ အမျိုးသမီးများ တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လုပ်ကိုင်ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်သည်။