ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ နာဇီဈေး၌ အခွန်နှှုန်း တိုးမြှင့် ကောက်ခံနေခြင်းအား ရပ်ဆိုင်းပေးရန် ဈေးသူ ဈေးသားများ ဆန္ဒပြ တောင်းဆိုမှုကြောင့် အခွန်ကောက်ခံခွင့် လေလံအောင်ထားသူ၏ လိုင်စင်အား ရုပ်သိမ်းလိုက်ကြောင်း ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီး တဦးက ပြောသည်။
“ဝန်ကြီးချုပ်ရဲ့တာဝန်ပေးမှုအရ ဝန်ကြီးအဖွဲ့က ချက်ချင်းပဲ ကွင်းဆင်းစစ်ဆေးပြီးတော့ ဈေးသည်တွေ ကျေနပ်နိုင်လောက်တဲ့ အခြေအနေတခု ဆောင်ရွက်ပေးဖို့ စီစဉ်ထားပါတယ်၊ လေလံရသူကို လိုင်စင်ရုပ်သိမ်းပြီးတော့ အခွန်ကောက်တာကိုတော့ စည်ပင်ကပဲ လတ်တလော လုပ်ဆောင်ပေးနေပါတယ်”ဟု ၎င်း က ဧရာဝတီကို ပြောသည်။
ဆိုင်ခန်း ၂၀၀ ဝန်းကျင်ရှိ နာဇီဈေးအား အခွန်ကောက်ခံခွင့် လေလံရထားသူ ဦးခင်မောင်လှ (ခ) ဆော်လိမ် သည် ၈ ပေ ပတ် လည် ဆိုင်ခန်းတခန်းအား ကျပ် ၁၀၀၀ ၊ ဈေးအတွင်း ဝင်သည့် ဆိုက္ကားတစီးလျှင် ကျပ် ၁၀၀၀၊ မုန့်တီဆိုင် တဆိုင်လျှင် ကျပ် ၇၀၀ နှင့် ကောက်ညှင်းပေါင်း ရောင်းသူ တဦးလျှင် ကျပ် ၅၀၀ စီ နေ့စဉ် ကောက်ခံနေကြောင်း နိရဉ္စရာ သတင်း၌လည်း ရေး သားထားသည်။
ဆန္ဒပြမှုသည် မေလ ၆ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့ပြီး အခွန်ကောက်ခံမှုအပေါ်မကျေနပ်၍ ပထမဆုံးအကြိမ် ဆန္ဒပြခြင်းလည်းဖြစ် သည်။
ဦးခင်မောင်လှသည် အာဏာပိုင်များနှင့်နီးစပ်သည့် ငွေကြေးချမ်းသာသူ ဖြစ်ပြီး အခွန်ကောက်ခွင့် လိုင်စင်ကို ယခင် နဝတ အစိုးရလက်ထက်ကပင် ရရှိထားကြောင်း၊ ၎င်းအား သက်ဆိုင်ရာသို့ တိုင်ကြားမှုများ ရှိခဲ့သော်လည်း အာဏာပိုင်များက ထိရောက်သည့် အရေးယူမှု တစုံတရာ မရှိဟု သိရသည်။
“အခွန်တွေ အဆမတန်ကောက်ခံနေတာ ဆယ်စုနှစ်ချီ ရှိနေပါပြီ၊ တိုင်ကြပေမယ့် အရေးယူမှု တစုံတရာ ထိရောက်မှု မရှိခဲ့ ပါဘူး၊ ဆန္ဒပြမှု ဖြစ်လာတော့မှ ဝန်ကြီးအဖွွဲ့က အရေးပေါ်အစည်းအဝေးခေါ်ပြီး ဆုံးဖြတ်ပေးခဲ့တာပါ”ဟု စစ်တွေ ဒေသခံနှင့် ပြည် နယ်လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဦးအောင်မြကျော်က ဧရာဝတီ ကို ပြောသည်။
ဈေးများ၌ အခွန် အဆမတန်တိုးမြှင့်ကောက်ခံနေမှုများနှင့် ပြဿနာ တစုံတရာ ဖြစ်ပေါ်ပါက တာဝန်ခံ ဖြေရှင်းပေးမည့် အစီ အစဉ်များ ထားပေးရန် ရှိမရှိ ပြည်နယ်လွှတ်တော်၏ အစည်းအဝေး၌ မေးခွန်းများ မြေမြန်းခဲ့ရာ မသက်ဆိုင်သည့် အဖြေများ ကိုသာ စည်ပင်သာယာ ဝန်ကြီးက ဖြေဆိုခဲ့ကြောင်း ဦးအောင်မြကျော် က ပြောသည်။
“ဈေးကောက်ကိစ္စ၊ ပြဿနာ ဖြစ်ရင် ဖြေရှင်းဖို့ နေရာ ကိစ္စတွေမေးမြန်းတော့ ဈေးမှာ အိမ်သာတွေ ဘယ်လိုဆောက်ပေးထား
တဲ့အကြောင်းတွေ၊ အိမ်သာ ဝန်ထမ်း ဘယ်နှစ်ယောက် ခန့်ပေးထားတယ် ဆိုတာမျိုးတွေကိုပဲ ဝန်ကြီးက ဖြေတယ်”ဟု ၎င်းက ဆိုသည်။
ဈေးကောက်အခွန်နှုန်းထား တိုးမြှင့်ကောက်ခံမှုများသည် နာဇီဈေးတခုတည်းသာမက စစ်တွေမြို့ပေါ်ရှိ မြို့မဈေး၊ မင်းဂံဈေး၊ ပါတလစ်ဈေး စသည့် ဈေးများတွင်လည်း ကောက်ခံနေကြောင်း ဒေသခံများထံမှ သိရသည်.
“ကျနော်တို့ ဈေးမှာ ဆိုရင် ဆန်တအိတ်ကို ၂၀၀ ကျပ်၊ ဆားတအိတ်ကို ၁၀၀ ကျပ် သတ်မှတ်ထားပါတယ်၊ ရောင်းရရ၊ မရရ ပေါ့၊ လေလံရထားသူတွေက ဈေးတွေမှာ စာကပ်ထားတာပါ၊ ၃ ပေ၊ ၄ ပေ ပတ်လည် ဆိုင်ခန်းတွေကို ကျပ် ၃၅၀၊ ၄၀၀ ဆိုပြီး တော့လည်း ပုံမှန်မဟုတ်တဲ့ နှှုန်းတွေနဲ့ ကောက်ချင်သလို ကောက်နေကြပါတယ်”ဟု မင်းဂံဈေးမှ ကိုသန်းလှှိုင် က ရှင်းပြသည်။
ဈေးလေလံစည်းကမ်းများ၌ ပျံကျဈေးသည်များ အတွက် ၁ ပေ ပတ်လည်လျှင်၂၀ ကျပ် သတ်မှတ်ထားကြောင်း၊ လေလံ စည်း ကမ်းများကို သက်ဆိုင်ရာဝန်ထမ်းများက ရေးဆွဲသတ်မှတ်ခြင်းဖြစ်၍ နေရာဒေသအလိုက်ကွာခြားမှု ရှိနိုင်ကြောင်း၊ ပြည်နယ် အစိုးရ အနေဖြင့် ရခိုင်တပြည်နယ်လုံးရှိ ဈေးများ၌ အခွန်တိုးမြှင့်ကောက်ခံမှု မဖြစ်စေရေး ဆောင်ရွက်နေကြောင်း ရခိုင်ပြည် နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီး တဦးက ပြောဆိုသည်။
“ပြဿနာတွေကို ဖြေရှင်းမပေးဘူး ဆိုတာ မဟုတ်ပါဘူး၊ ရခိုင်ပြည်နယ်ရဲ့ မြို့နယ် ၂၀ လုံးက တိုင်တဲ့ပြဿနာတွေကို မှန်ကန် မှု ရှိမရှိ အဆင့်ဆင့်စိစစ်ပြီးတော့ ပြည်နယ်အစိုးရက ဖြေရှင်းပေးပါတယ်၊ တချို့ကလည်း စီးပွားရေးအရ မကျေနပ်လို့ တိုင်တာ
တွေ ရှိတတ်တယ်”ဟုလည်း ၎င်းက ဆိုသည်။
အခွန်ကောက်ခံမှု နှှုန်းထားများကို တရားဝင် သတ်မှတ်ထားသည့် နှှုန်းထားထက် အဆများစွာ ကောက်ခံနေမှုသည် ရခိုင်ပြည် နယ်၏ ဈေးများ၌သာမက ကားဂိတ်များ၊ သင်္ဘောဆိပ်များ၊ လှေဆိပ်များ စသည့်နေရာဒေသ အများအပြား၌ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။
ရခိုင်ပြည်နယ်အစိုးရသည် ပြည်နယ်တခုလုံး၏ မြစ်ချောင်း အင်းအိုင်များ၊ စီးပွားရေးလုပ်ငန်းများအားလုံးကို အာဏာပိုင်များနှင့် နီးစပ်သည့် ငွေကြေး တတ်နိုင်သူများအား လေလံစနစ်ဖြင့် အခွန်ကောက်ခံခွင့်ပေးခဲ့၍ ပြည်သူများ အနေဖြင့် အခွန်တိုးမြှင့်ပေး နေရကြောင်း၊ တနိုင်တပိုင် လုပ်ကိုင်စားသောက်သူများသည် ကန့်သတ်ခံရမှုများနှင့် ကြုံတွေ့နေရကြောင်း ရခိုင် ပြည်သူများထံမှ သိရသည်။