သတင်း

မိုဘိုင်းဖုန်း ဆင်းမ်ကတ် ဈေးတင်ရောင်း၍ ပြန် ထိန်းချုပ်

This article has been converted from Zawgyi One to Unicode

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ မိုဘိုင်ဖုန်း သန်း ၃၀ စီမံကိန်း ပထမသုတ်အဖြစ် ချပေးထားသည့် မိုဘိုင်းဖုန်း ဆင်းမ်ကတ်များကို သတ်မှတ်ထားသည့် ကုမ္မဏီ၂ ခု မှလွဲ၍ တခြားပုဂ္ဂလိက အရောင်းဆိုင်များအား ရောင်းချခွင့် ပြန်လည် ထိန်းချုပ်ထားကြောင်း သတင်းရရှိသည်။

မိုဘိုင်းဖုန်း အသုံးပြုနေသော အမျိုးသားတဦးနှင့် အများသုံးဖုန်း အသုံးပြုနေသော အမျိုးသမီးတဦးတို့ကို ၂၀၁၂ မတ်လ အတွင်းက ရန်ကုန်မြို့တွင် မြင်ရစဉ် (ဓာတ်ပုံ - Reuters / Soe Zeya Tun)

မိုဘိုင်းဖုန်း ဆင်းမ်ကတ် ရောင်းချခွင့်ကို ပြန်လည်ထိန်းချုပ်ရခြင်းမှာ ဆက်သွယ်ရေးမှ သတ်မှတ်ထားသော ဈေးနှုန်းများထက် ပိုတင်၍ ပုဂ္ဂလိကအရောင်းဆိုင်များမှ ရောင်းချခြင်းကြောင့်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်း အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ရန်ကုန်မြို့ ပုဇွန်တောင် ဆက်သွယ်ရေးရုံးတွင် ပြုလုပ်သော မေလ ၄ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“Yadanarpon Teleport နဲ့ Elite Tech ကုမ္ပဏီနှစ်ခုကို ခေါ်သတိပေးထားတယ်။ သူ့တို့ ကိုယ်ပိုင်ဆိုင်ကလွဲလို့ ပြင်ပဆိုင်တွေကို လုံးဝ ရောင်းချခွင့် မပေးဖို့ ပြောထားတယ်။ ရောင်းပြီးသားတွေကတော့ ဘာမှ မတတ်နိုင်ဘူး” ဟု ဦးသိန်းဝင်းက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက GSM ဆင်းမ်ကတ်များကို ကျပ်နှစ်သိန်းဖြင့် လည်းကောင်း၊ WCDMA ဆင်းမ်ကတ်များကို ကျပ်နှစ်သိန်းခွဲဖြင့်လည်းကောင်း ဈေးနှုန်းသတ်မှတ်ပေးကာ ရန်ကုန်မြို့တွင် GSM ဆင်းမ်ကတ်များကို ဧပြီလ ၉ ရက်နေ့ နှင့် WCDMA ဆင်းမ်ကတ်များကို ဧပြီလ ၂၃ ရက်နေ့တို့တွင် ပုဂ္ဂလိက ကိုယ်စားလှယ်များမှတဆင့် စတင် ရောင်းချပေးသော်လည်း ဝယ်ယူသူအများစုမှာ သတ်မှတ်ဈေးနှုန်းထက် ငွေကျပ်နှစ်သောင်း မှ ခုနစ်သောင်းအထိ ဈေးတင်ရောင်းချမှုများ ကြုံတွေ့နေရသည်။

အဆိုပါ ကုမ္ပဏီများမှတဆင့် လက်ဝေခံရောင်းချသည့် ပြင်ပဖုန်းဆိုင်များတွင် ဖုန်းကတ်ဈေးနှုန်းများ အဆမတန် မြင့်တက်နေသည့်အတွက် လက်ဝေခံ ရောင်းချခြင်းကို ရပ်ဆိုင်းပြီး တိုက်ရိုက်သာ ရောင်းချရန်နှင့် ရန်ကုန်တွင်  ဖုန်းကတ်ရောင်းချမှုကို Yadanarpon Teleport နှင့် E-lite Tech ကုမ္ပဏီနှစ်ခုနှင့် ဆက်သွယ်ရေးဌာန ငါးခုကိုသာ တရားဝင်ရောင်းချခွင့် ပြုမည်ဖြစ်ကြောင်း မိုဘိုင်းဖုန်း အင်ဂျင်နီယာချုပ် ဦးသိန်းဝင်းက ပြောသည်။

သို့ရာတွင် ထိုသို့ ပြင်ပ၌ မိုဘိုင်းဖုန်းဈေးတက်ရခြင်းမှာ ဆက်သွယ်ရေးနှင့် ကုမ္ပဏီကြီးနှစ်ခု ပူးပေါင်းပြီး လက်ဝါးကြီးအုပ်နေခြင်းကြောင့် ဖြစ်ကြောင်း ဝေဖန်မှုများ ရှိနေသည်။

“ပြင်ပမှာ ဈေးနှုန်းမြင့်တက်နေရတာဟာ  ဆင်းမ်ကတ်တွေကို ဈေးကွက်ထဲ လိုသလောက် ရောင်းချပေးမှုမရှိဘဲ ထိန်းရောင်းနေလို့ ဖြစ်တာပါ။ လွတ်လွတ်လပ်လပ်နဲ့ ဈေးကွက်ကို ချပေးလိုက်ရင် ဈေးတက်စရာ မရှိပါဘူး” ဟု တာမွေမြို့နယ်ရှိ မိုဘိုင်းဖုန်း ဟန်းဆက်အရောင်းဆိုင်မှ ဆိုင်ရှင် ဦးကောင်းမြတ်က ဆိုသည်။

၎င်းက ဆက်လက်၍ “အားလုံး မှတ်မိကြဦးမှာပါ၊ အရင်တုန်းက ဆင်းမ်ကတ်တွေကို ဆက်သွယ်ရေးဌာန တခုတည်းကပဲ ကျပ် ၁၅ သိန်းနဲ့ ရောင်းပေးတဲ့ အချိန်တုန်းက အပြင်မှာ ကျပ်သိန်း ၃၀ လောက်အထိ ဈေးတက်သွားတာလေ။ ဈေးကွက် လက်ဝါးကြီးအုပ်တာတွေ ပစ္စည်းကို ရှားအောင် ထိန်းပြီးရောင်းတာတွေ လုပ်နေရင် ဈေးကတော့ တက်နေဦးမှာပဲ” ဟု ဆိုသည်။

အလုံမြို့နယ်ရှိ အေဘီစီ ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးအောင်မျိုးလွင်က “ကျနော်တို့က Elite Tech ဆိုင်က ၁.၅ ရာခိုင်နှုန်း ကော်မရှင်နဲ့ GSM ဆင်းမ်ကတ် ၆၀၀ ကို ဧပြီလ ၉ ရက် မတိုင်ခင်က ရခဲ့ပါတယ်။ ကတ် ၃၀၀ ကို အရစ်ကျ ဝယ်ယူဖို့ အရင်စာရင်းပေးထားတဲ့ လူဦးရေ ၃၀၀ ကို ရောင်းချပေးခဲ့ပါတယ်။ ကတ် ၃၀၀ ကို လက်ငင်းနဲ့ ရောင်းလိုက်ပါတယ်။ ရောင်းပြီး နောက်တခေါက် ပြန်ဝယ်မယ်အလုပ်မှာ ဝယ်လို့ မရတော့ပါဘူး” ဟု ဆိုသည်။

ပုလဲကွန်ဒိုရှိ Elite Tech ရုံးမှ အရောင်းတာဝန်ခံတဦးက “ကျမတို့ အခု လောလောဆယ် ဆိုင်သမားတွေကို အရောင်းပိတ်ထားပါတယ်။ ဝယ်ချင်တဲ့ဆိုင်တွေ လျှောက်လွှာ လာတင်ထားပါ။ လူကြီးတွေက ရောင်း၊ မရောင်း ဆုံးဖြတ်မှာပါ” ဟု ပြီးခဲ့သည့် မေလ ၃ ရက်နေ့က ပြောသည်။

သင်္ကန်းကျွန်းမြို့နယ်မှ မိုဘိုင်းဆင်းမ် ဝယ်ယူသူ ဒေါ်အေးသီတာက “Elite ဆိုင်မှာ GSM ဆင်းမ်ကတ်ကို ကျပ် နှစ်သိန်းနဲ့ ရောင်းပေးနေတယ် ဆိုပေမယ့် တရက်ကြို စာရင်းပေးသွင်းရတာတို့ တန်းစီ စောင့်ဆိုင်းရတာတို့နဲ့၊ ဆိုင်တံခါးကိုလည်း ဖွင့်လိုက်ပိတ်လိုက်နဲ့ ဗရုတ်သုတ်ခပါပဲ။ ကျမတို့ကတော့ ရပ်ကွက်နားက ဆိုင်မှာပဲ နှစ်သိန်း တစ်သောင်း ငါးထောင်ပေးပြီး ဝယ်လိုက်ပါတယ်။ တရက်ပြီးတရက် သွားလိုက်ပြန်လိုက်နဲ့၊ လမ်းစရိတ်နဲ့ တွက်ကြည့်ရင် မထူးပါဘူး” ဟု ပြောသည်။

ထိုကဲ့သို့ ဈေးကွက် ဖရိုဖရဲ ဖြစ်နေချိန်တွင် ဆိုင်တချို့ကလည်း ဆင်းမ်ကတ်ဝယ်ယူပါက ဖုန်းဟန်းဆက်များကို တွဲဖက်ဝယ်ယူမှသာ ရောင်းချပေးမည်ဟုဆိုကာ ဆင်းမ်ကတ်ကို အမြတ်မယူသော်လည်း ဟန်းဆက်အပေါ်တွင် အမြတ်တင် ရောင်းချလျက်ရှိသည်။

ဆင်းမ်ကတ် လက်ဝေခံရောင်းချပေးသူ ဆိုင်ရှင်တဦးက “ကျမတို့က Elite Tech နဲ့ Yadanarpon Teleport တို့ဆီက ဝယ်လို့မရတော့လို့ Asia Mega Link ကတဆင့် GSM ကို နှစ်သိန်း တသောင်း ပေးဝယ်ရပါတယ်။ ဆိုင်မှာ နှစ်သိန်း တသောင်းနဲ့ပဲ ရောင်းပေးပါတယ်။ ဆင်းမ်ကတ်မရှိဘဲနဲ့ ဖုန်းဟန်းဆက်ပဲ ရောင်းလို့ မရဘူးလေ။ ဆင်းမ်ကတ်ကို အမြတ် မယူဘဲ ဟန်းဆက်ကိုပဲ အမြတ်ယူရောင်းရပါတယ်” ဟု ဆိုသည်။

ဖုန်းဆင်းမ်ကတ်များကို တကတ်လျှင် ကျပ် ၅၀၀၀ ဖြင့် ရွှေပြည်တံခွန်ကုမ္ပဏီက စီစဉ်ရောင်းချပေးရန် ခွင့်ပြုချက်တောင်းထားသော်လည်း မြန်မာ့ဆက်သွယ်ရေးမှ လုပ်ခွင့်မပေးသဖြင့် အကောင်အထည် မဖော်နိုင်သေးပေ။

ဧပြီလ ၂၃ ရက်နေ့က နေပြည်တော်တွင် ကျင်းပသော လွှတ်တော်အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက ကျပ် ၅၀၀၀ တန် ဆင်းမ်ကတ်ကိစ္စကို လွှတ်တော်တွင် အဆိုတင်သွင်းခဲ့ရာ ယင်းကိစ္စမှာ လောလောဆယ် မဖြစ်နိုင်သေးကြောင်း၊ ဖုန်းဈေးများကို ယခု တန်ဖိုးထက် လျှော့ချပေးရန် စီစဉ်နေပါကြောင်းဟုသာ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဒုဝန်ကြီး ဦးတင့်လွင်က ဖြေကြားသွားသည်။

အေဘီစီ ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးအောင်မျိုးလွင်က “ကိုယ်တိုင် မလုပ်နိုင်လည်း လုပ်နိုင်တဲ့သူတွေကို လုပ်ပိုင်ခွင့်ပေးဖို့ ကောင်းပါတယ်။ အိမ်နီးချင်း နိုင်ငံတွေရဲ့ လုပ်ပုံကိုင်ပုံတွေကို အတုယူဖို့ ကောင်းပါတယ်။ အခြေခံ အဆောက်အအုံတွေအတွက် ရင်းနှီးမြှုပ်နှံရလို့ မတန်တဆဈေးနဲ့ ရောင်းနေရတာပါလို့ပြောရင် ပြည်သူအများစုက လက်ခံမှာ မဟုတ်ပါဘူး။ ဥပမာ ကုန်စုံဆိုင် တဆိုင်တည်လို့ ကုန်ကျစရိတ်များလို့ပါဆိုပြီး တရာတန်ကို တထောင်နဲ့ ရောင်းလို့ မရပါဘူး။ ဒါပေမယ့် တခြားဆိုင်တွေကို ရောင်းခွင့်မပေးဘဲ လက်ဝါးကြီးအုပ်ထားမယ်ဆိုမှသာ ရချင်ရမှာပါ” ဟု ဆိုသည်။

၎င်းက ဆက်လက်၍ “အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဆို မိုဘိုင်းဖုန်းသုံးတာ ကျနော်တို့နိုင်ငံထက် နောက်ကျပါတယ်။ အခုဆိုရင် သူတို့နိုင်ငံရဲ့ ဖုန်းသုံးစွဲနှုန်းက ကျနော်တို့နိုင်ငံထက် သာပါတယ်။ နှစ်သစ်ကူးဆိုရင် ဖုန်းဆင်းမ်ကတ်တွေ အလကားတောင် ပေးနေတာပါ” ဟု ဆိုသည်။

မေလ ၇ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် သင်တန်းဖွင့်ပွဲတခု၌ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဦးသိန်းထွန်းက GSM/UMTS မိုဘိုင်းဖုန်း စီမံကိန်း ပထမနှစ်၏ ပထမအဆင့်လုပ်ငန်းများကို မြန်မာ့ဆက်သွယ်ရေးနှင့် ပုဂ္ဂလိက ကုမ္ပဏီများ ပူးပေါင်းပြီး အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ ယခင်ကထက် ဈေးနှုန်းလျှော့ချ၍ ရောင်းချပေးနိုင်ပြီဖြစ်ကြောင်း ပြောကြားသွားသည်။

ဧရာဝတီသတင်းထောက် စိမ်းနုနု ပူးပေါင်းရေးသားသည်။

ဆက်စပ်သတင်း
နှစ်သိန်းတန် GSM နှစ်သိန်းခွဲအထိ ဈေးပေါက်

Loading