တောင်ကိုရီးယားနိုင်ငံ သမ္မတ မစ္စတာ လီမြောင်ဘတ် သည် မြန်မာနိုင်ငံသို့ မကြာခင်ကာလ အလည် အပတ်ခရီးလာရောက်ရန် ရှိနေပြီး ယင်းခရီးစဉ်နှင့်ပတ်သက်၍ လုံခြုံရေးဆိုင်ရာ ကြိုတင်လေ့ကျင့်မှုများ ရန်ကုန်မြို့တွင် ပြု လုပ်နေပြီဖြစ်သည်။
ယင်းခရီးစဉ်နှင့် ပတ်သက်၍ အသေးစိပ် သိရှိရန် ဧရာဝတီက ရန်ကုန်ရှိ တောင်ကိုရီးယား သံရုံးသို့ ဆက်သွယ် မေးမြန်းသော်လည်း ဖြေဆိုခြင်းမရှိပေ။ သို့သော် ထိုခရီးစဉ်နှင့်ပတ်သက်၍ လုံခြုံရေးဆိုင်ရာ ကြိုတင်လေ့ကျင့်မှုများကို ရန်ကုန်မြို့တဝှမ်း ပြုလုပ်နေကြောင်း ရန်ကုန်ရှိ သတင်းရပ်ကွက်များက ဆိုသည်။
အကယ်၍ မစ္စတာ လီမြောင်ဘတ် မကြာခင် လာရောက်မည်ဆိုပါက ယင်းခရီးစဉ်သည် နှစ်ပေါင်း ၃၀ အတွင်း မြန်မာနိုင်ငံသို့ လာရောက်သည့် တောင် ကိုရီးယား သမ္မတ၏ ပထမဆုံး ခရီးစဉ်ဖြစ်မည်။ မြန်မာနိုင်ငံသို့ နောက်ဆုံး လာရောက်လည်ပတ်ခဲ့သော တောင် ကိုရီးယား သမ္မတမှာ မစ္စတာ ချန်ဒူးဝမ်ဖြစ်သည်။
၁၉၈၃ ခုနှစ် တောင်ကိုရီးယား သမ္မတ မစ္စတာ ချန်ဒူးဝမ်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးသွားသော အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဂူဗိမ္မာန်တွင် မြောက်ကိုရီးယား သူလျို ၃ ဦးက ဗုံးခွဲ တိုက်ခိုက် လုပ်ကြံခဲ့ကြသဖြင့် တောင်ကိုရီယား ဒု-ဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီး အပါအဝင် အစိုးရ ဝန်ကြီးများ၊ အကြံပေးများ၊ လုံခြုံရေးများ၊ မြန်မာ အရာရှိများ စုစုပေါင်း ၂၁ ဦး သေဆုံးခဲ့ပြီး ၄၆ ဦး အပြင်းအထန် ဒဏ်ရာ ရခဲ့ကြသည်။
သို့သော် တောင်ကိုရီယား သမ္မတမှာ နောက်ကျလာခဲ့၍ အသက်ဘေးက ကင်းလွတ်ခဲ့သည်။
အာဇာနည်ကုန်းဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားပြီး ၂ ရက်အကြာတွင် ဖောက်ခွဲလုပ်ကြံခဲ့ကြသူ မြောက်ကိုရီယား သူလျိုများဖြစ် ကြသည့် မြောက်ကိုရီးယား အထူး စစ်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အဆင့်ရှိသူများဖြစ်သည့် ဇင်မို၊ ကင်မင်ချူး၊ ဆင်ကိချိုတို့ ၃ ဦးကို မြန်မာပြည်သူများ၏ အကူအညီဖြင့် ဖမ်းဆီးနိုင်ခဲ့သည်။ သို့သော် မြောက်ကိုရီးယားအစိုးရက လုပ်ကြံမှုကို မပတ်သက်ကြောင်း ငြင်းဆိုခဲ့သည်။
ထိုကိစ္စဖြစ်ပွားပြီးနောက် မြောက်ကိုရီယားနိုင်ငံ သံရုံးကို နှင်ထုတ်ခဲ့ပြီး နှစ်ပေါင်း ၂၅ နှစ်ကျော်ကြာ မြန်မာ-မြောက်ကိုရီးယား ၂ နိုင်ငံ ဆက်ဆံရေးကို ဖြတ်တောက်ခဲ့သည်။
ထိုလုပ်ကြံတိုက်ခိုက်မှုသည် မြန်မာအစိုးရအတွက် လုံခြုံရေးသင်ခန်းစာကြီး တခု ရစေခဲ့ကြောင်း ပထမဆုံး မြောက် ကိုရီယား သံအမတ်ကြီးဟောင်း သခင် ချန်ထွန်းက ဧရာဝတီကို ပြောသည်။
“အဲဒီတုန်းက မြန်မာကလည်း ဘက်မလိုက်ဆက်ဆံရေး ရှိတော့ မြောက်ကိုရီယားနဲ့ရော တောင်ကိုရီးယားနဲ့ရော ၂ နိုင်ငံ လုံးနဲ့ ဆက်ဆံရေး ရှိခဲ့တယ်၊ အဲဒါဖြစ်ဖြစ်တော့ မြောက်ကိုရီးယားနဲ့ သံတမန် အဆက်ဖြတ်ခဲ့တယ်။ အခုတော့ မြန်မာက မြောက် ကိုရီယားဆီက လက်နက် လိုချင်လို့ ပြန်ဆက်တယ်ဆိုပြီး သတင်းတွေကြားရတာပဲ”ဟု သခင် ချန်ထွန်းက ဆိုသည်။
မြန်မာအစိုးရသည် အနုမြူနှင့် ဒုံးပျံနည်းပညာ၊ စစ်လက်နက်ပစ္စည်းများနှင့်ပတ်သက်ပြီး လွန်ခဲ့သောနှစ်များအတွင်းက မြောက်ကိုရီယားနှင့် တိတ်တဆိတ် စစ်ရေးအရ ပြန်လည်ဆက်သွယ်မှုများ လုပ်ခဲ့ကြောင်း အမေရိကန်နှင့် ဒေသတွင်း အစိုးရများက စိုးရိမ်မကင်းဖြစ်လာခဲ့သည်။ လက်ရှိ နေပြည်တော် အစိုးရကမူ အမေရိကန်အစိုးရနှင့် ဆက်ဆံရေး ပြန်လည်ကောင်းမွန်ချင်သောကြောင့် မြောက်ကိုရီးယားနှင့် နီးကပ်စွာမရှိကြောင်း ပြောဆိုထားသည်။
ယခုကဲ့သို့ တောင် ကိုရီယား၏ အဆင့်အမြင့်ဆုံး တာဝန်ရှိသူ လာရောက်မည်ဆိုလျှင် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုအတွက် ကောင်းမွန်ကြောင်း၊ တဖက်တွင်လည်း မြန်မာဘက်က တောင်ကိုရီယား သမ္မတအတွက် လုံခြုံရေးကို အထူး စီမံရန် စနစ်တကျ လုပ်မည်ဟု ယုံကြည်ကြောင်း သခင်ချန်ထွန်းက ဆိုသည်။
“ဒါကတော့ သူတို့ ပထမ တခါ သင်ခန်းစာ ရပြီးပြီလေ။ အနည်းဆုံးတော့ သူတို့ စောစောကတည်းက ၂၄ နာရီလောက် ကြို တင်ပြီး လုံခြံရေးချထားရမှာပေါ့”ဟု သူက ဆိုသည်။
ယနေ့ နေ့လယ်ပိုင်းက စတင်ပြီး ရန်ကုန်မြို့တွင်လည်း ရဲများက ဝတ်စုံပြည့်ဖြင့် လုံခြုံရေး အစမ်းလေ့ကျင့်ခန်းများ လုပ်နေ ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့တွင် လုံခြုံရေး တရာကျော် ရှိနေရခြင်းမှာ တောင်ကိုရီးယား သမ္မတ၏ မြန်မာ နိုင်ငံ ခရီးစဉ်တွင် လုံခြုံရေး အပြည့်အ၀ ရရှိစေရန် အတွက် ဝတ်စုံပြည့်ဖြင့် လေ့ကျင့်နေခြင်းသာဖြစ်ကြောင်း လုံခြုံရေး ခေါင်းဆောင် တစ်ဦးက အတည်ပြုပြောကြားသည်ဟု ရန်ကုန်အခြေဆိုက် The Messenger ၏ အင်တာနက် အွန်လိုင်း ဖေ့စ်ဘုတ်တွင် ဖော်ပြထားသည်။
တောင် ကိုရီယားနိုင်ငံသည် မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်က စတင်ကာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်နေပြီး မြန်မာ အစိုးရ၏ စာရင်းများအဆို အရ အမေရိကန် ဒေါ်လာ ၃ ဘီလျံခန့်ရှိပြီး နှစ်နိုင်ငံကူးသန်းရောင်းဝယ်မှုမှာ ၂၀၁၁ ခုနှစ်စာရင်းအရ အမေရိကန်ဒေါ်လာ သန်း ၉၇၀ ရှိသည်။ အကြီးဆုံး ရင်းနှီးမြုပ်နံှမှုလုပ်ကိုင်နေသော တောင် ကိုရီယား ကုမ္ပဏီမှာ ဒေဝူး (Daewoo) ဖြစ်ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးတွင် ဒေါ်လာ ၂.၂ ဘီလီယံ ရင်းနှီးမြှုပ်နှံထားသည်။
ဧပြီလက နေပြည်တော်သို့ လာရောက်ခဲ့သော တောင်ကိုရီးယားစီးပွားရေးကိုယ်စားလှယ်အဖွဲ့က နည်းပညာနှင့် လူ့အရင်းအမြစ် ဖွံ့ဖြိုးရေးတို့အတွက် တောင်ကိုရီးယား ကုမ္ပဏီများအနေဖြင့် မြန်မာအစိုးရနှင့် ပူးပေါင်းလုပ်ရန် မျှော်လင့်နေကြောင်းနှင့် လမ်းပန်းဆက်သွယ်ရေး ဆောက်လုပ်ရေး၊ ဓာတုဗေဒ ဆေးဝါးနှင့် အစားအစာ၊ ဘဏ်လုပ်ငန်း၊ သုတေသနနှင့် ဖွံ့ဖြိုးရေး၊ ဟိုတယ်၊ စတိုးဈေးဆိုင်များ၊ စားသောက်ကုန်၊ မီဒီယာလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ဆန္ဒရှိနေကြောင်း ပြောဆိုခဲ့သည်။