သတင်း

မြန်မာ့အရေး ကူညီအားပေးရန် ဝန်ကြီးချုပ် မန်မိုဟန်ဆင်းကို တိုက်တွန်း

This article has been converted from Zawgyi One to Unicode

ယခုလအတွင်း မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာမည့် အိန္ဒိယ ဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်းအနေဖြင့် အိမ်နီးချင်း မြန်မာနိုင်ငံ၏ နိုင်ငံရေးတွင် စစ်မှန်သော ပြောင်းလဲမှုများ ဖြစ်ပေါ်ရေး အားပေးကူညီပြောဆိုရန် အိန္ဒိယရှိ မြန်မာ့အရေး လှုပ်ရှားသူများက တိုက်တွန်းပြောဆိုလိုက်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းတို့ နယူးဒေလီမြို့တွင် ၂၀၁၂ မေလ ၇ ရက်နေ့ က တွေ့ဆုံစဉ် (ဓာတ်ပုံ - PM India)

မြန်မာ့အရေး စိတ်ဝင်စားသူ အိန္ဒိယပါလီမန် အမတ်များအဖွဲ့၊ အိန္ဒိယ လူမှုရေးအဖွဲ့များနှင့် အိန္ဒိယအခြေစိုက် မြန်မာအဖွဲ့အစည်း အသီးသီးတို့က ဝန်ကြီးချုပ် မန်မိုဟန်ဆင်းထံ စာပေးပို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

အိန္ဒိယပါလီမန် အမတ်များအဖွဲ့၏ ပေးစာတွင် “မြန်မာနိုင်ငံရေး ပြောင်းလဲနေသည်ဆိုသော်လည်း သမ္မတဦးသိန်းစိန် အစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသားများအရေး၊ တိုင်းရင်းသားဒေသများတွင် ဖြစ်နေသော စစ်ပွဲများနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိသေးသည်ကို ဝန်ကြီးချုပ်အနေဖြင့် ပြောဆိုစည်းရုံးပေးရန် တိုက်တွန်းလိုပါသည်” ဟု ပါရှိသည်။

မစ္စတာ မန်မိုဟန်ဆင်း၏ မြန်မာပြည်ခရီးစဉ်သည် ၂၅ နှစ်တာ ကာလအတွင်း အိန္ဒိယဝန်ကြီးချုပ်တဦး၏ ပထမဆုံး ခရီးစဉ်ဖြစ်သည်ကို အခွင့်ကောင်းယူ၍ မြန်မာ့ဒီမိုကရေစီရေးနှင့် နှစ်နိုင်ငံချစ်ကြည်ရေးအတွက် တွန်းအားပေးရန်၊ အိန္ဒိယအနေနှင့် မြန်မာနိုင်ငံတွင်း စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် နှစ်နိုင်ငံ အကျိုးစီးပွားအပြင် ပြည်သူလူထု၏ အကျိုးစီးပွား၊ ထိခိုက်နစ်နာမှုများအတွက်လည်း ထည့်သွင်းစဉ်းစားရန် အစရှိသည်တို့ကိုလည်း ပေးစာတွင် ရေးသားထားသည်။

နယူးဒေလီအခြေစိုက် မြန်မာ့ရေးရာဌာန (Burma Center Delhi)၊ အိန္ဒိယ အခြေခံလူတန်းစားများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ အိန္ဒိယမှ မြန်မာ့အရေးစိတ်ဝင်စားသည့် လူပုဂ္ဂိုလ်များ၊ သတင်းသမားများ၊ တခြားလူမှုရေး အဖွဲ့အစည်းများကလည်း တိုင်းရင်းသားနယ်မြေများတွင် ဖြစ်ပေါ်နေသော ဖိနှိပ်မှုများ၊ အထူးသဖြင့် ကချင်ဒေသတွင်း ဖြစ်ပွားနေသော စစ်ပွဲများအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အလေးထားဆောင်ရွက်မှသာ နိုင်ငံရေးတည်ငြိမ်မှု ရှိမည်ဖြစ်၍ သမ္မတဦးသိန်းစိန် အစိုးရနှင့် ဆွေးနွေးရာတွင် ထည့်သွင်းပြောဆိုရန် တိုက်တွန်းထားသည်။

“တိုင်းရင်းသားများကို ပစ်မှတ်ထား၍ ဖိနှိပ်နေမှုများကို ရပ်တန့်ရေး၊ နယ်စပ်ဒေသမှ ရိုဟင်ဂျာဘင်္ဂါလီများအရေး ဒီမိုကရေစီနည်းလမ်းကျ လုပ်ကိုင်ရန်၊ ရခိုင်ပြည်နယ်တွင်းတွင် အဆိုပါ လူမျိုးများကို ဖိနှိပ်နေမှုများကို ရပ်တန့်၍ ၎င်းတို့ကို နေရပ်ရင်းတွင် ဘေးကင်းလုံခြုံစွာ ပြန်လည်နေထိုင်ခွင့်ပေးရေးတို့အတွက် အိန္ဒိယအစိုးရအနေနှင့် ဖိအားပေးသင့်သည်” ဟု အဆိုပါအဖွဲ့များ၏ ဝန်ကြီးချုပ်ထံ ပေးစာတွင် ဖော်ပြထားသည်။

ထို့အတူ ဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း ဆွေးနွေးပြောဆိုကြမည့် ထမံသီ ရေကာတာ ဆောက်လုပ်ရေးနှင့် ကုလားတန်စီမံကိန်းတွင် စီမံကိန်းဆိုင်ရာများကို အများပြည်သူသို့ ပွင့်လင်းမြင်သာမှုရှိစေရန်၊ မိမိ အကျိုးအမြတ် တခုတည်းသာ မဟုတ်ဘဲ ဒေသခံ မြန်မာပြည်သူတို့၏ ရေရှည်အကျိုးအတွက်နှင့် သဘာ၀ ပတ်ဝန်းကျင်အရေးများ ထည့်သွင်းစဉ်းစားစေလိုသည်ဟုလည်း တိုက်တွန်းထားသည်။

ထမံသီရေကာတာ စီမံကိန်း နယ်မြေအတွက် ကျေးရွာ နှစ်ထောင်ကျော် ၂၀၀၇ ခုနှစ်အတွင်းက ရွှေ့ပြောင်းခံခဲ့ရကြောင်း၊ အဆိုပါ ပြည်သူများမှာ အဓမ္မရွှေ့ပြောင်းခံရခြင်းဖြစ်ပြီး နစ်နာကြေးမှာလည်း ကျပ်ငွေ ၅၀၀၀ (အမေရိကန်ဒေါ်လာ ၅ ဒေါ်လာခန့်) သာ ရခဲ့ကြောင်း၊ ထပ်မံ၍လည်း ဒေသခံပြည်သူ ၄ သောင်းကျော်မှာ အဓမ္မရွှေ့ပြောင်းခံရမည့်အရေး ကြုံတွေ့နေရကြောင်း ၎င်းစာတွင် ထောက်ပြထားသည်။

အလားတူပင် အိန္ဒိယအခြေစိုက် မြန်မာအဖွဲ့အစည်းများကလည်း မြန်မာနိုင်ငံတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေးနှင့် နည်းပညာအကူအညီများ လိုအပ်နေကြောင်း၊ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းအနေနှင့် သမ္မတဦးသိန်းစိန် အစိုးရတခုတည်းနှင့်သာ မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ၊ တခြားတက်ကြွလှုပ်ရှားသူများနှင့်ပါ တွေ့ဆုံရန် စာပေးပို့ တိုက်တွန်းပြောဆိုကြသည်။

အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်းသည် သူ၏ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံ ကုန်သွယ်ရေး၊ စီးပွားရေးကိစ္စရပ်များကို အဓိကထား ဆွေးနွေးမည်ဖြစ်ပြီး နှစ်နိုင်ငံ သဘောတူစာချုပ်များကိုလည်း ချုပ်ဆိုဖွယ်ရှိကြောင်း သိရသည်။

ဝန်ကြီးချုပ် မန်မိုဟန်ဆင်း မြန်မာနိုင်ငံသို့ သွားရောက်မည့် နေ့ရက်အတိအကျကိုမူ အတည်မပြုနိုင်သေးပေ။

Loading