အနာဂတ် ဒီမိုကရေစီရေးအတွက် မိဘများအနေဖြင့် ကလေးများကို ပြုစုပျိုးထောင်မှု မှန်ကန်ရန် အရေးကြီးကြောင်း ပြည်သူ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
မေလ ၈ ရက်နေ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တာမွေမြို့နယ် ရုံးခန်းဖွင့်ပွဲ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က “ဒီမိုကရေစီရောက်ဖို့အတွက် ကလေးများပြုစုပျိုးထောင်မှုနဲ့ ဆိုင်တယ်။ မြန်မာနိုင်ငံမှာဆိုရင် မိဘတွေက ကလေးတွေကို သွန်သင်ဆုံးမတဲ့နေရာမှာ ပြတ်သားမှု၊ ရှင်းရှင်းလင်းလင်းဆုံးမှု မရှိဘူး။ မိဘခိုင်းတာပဲလုပ် ဆိုတာဟာ သားသမီးတွေ အရွယ်ရောက်လာရင် အမြဲတမ်း ခေါင်းငြိမ့်တတ်တဲ့အကျင့် ဖြစ်သွားတယ်။ ဒါကြောင့် လုပ်သင့်တယ်၊ မလုပ်သင့်ဘူးဆိုတာ ကလေးတွေကို နားလည်အောင် ရှင်းပြဖို့လိုအပ်တယ်။ ကလေးတွေကြီးလာရင် အထက်ကလူကြီးတွေ၊ အစိုးရ လုပ်တဲ့အခါ အကျင့်ပါသွားနိုင်ပါတယ်” ဟု ပြောကြားသည်။
မြန်မာနိုင်ငံသည် လွန်ခဲ့သည်နှစ်ပေါင်း၂၀ ကျော်က အာရှေ့တောင်အာရှ နိုင်ငံအားလုံး အားကျခဲ့သည့် နိုင်ငံဖြစ်ပြီး ယခင်အခြေအနေ ပြန်လည်ရောက်ရှိလာအောင် ဝိုင်းဝန်းကြိုးစားရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပညာရေးသည်လည်း ပြုပြင်ရန်လိုအပ်ကြောင်း၊ ပညာရေးစနစ်ကောင်းမှ နိုင်ငံသူ နိုင်ငံသားများ၏ လုပ်အားအကျိုး မြှင့်တင်နိုင်၊ တိုးတက်နိုင်မည်ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်၍ “ဒါကြောင့် ကလေးတွေ ငယ်ငယ်ကတည်းက စပြီးကျောင်းတွေမှာ မိသားစုတွေထဲက စပြီးတော့ သွန်သင်ဆုံးမဖို့ လိုအပ်တယ်။ ကလေးတွေကို ငယ်ငယ်ကတည်းက နိုင်ငံအတွက် တန်ဖိုးရှိတယ်။ ကြီးလာအောင် ပြုစုပျိုးထောင်ကြပါ။ ဆုံးမတဲ့အခါမှာလည်း နားလည်အောင် ပြောပါ” ဟု တိုက်တွန်းသွားသည်။
အဆိုပါ ကလေးငယ်များ ပြုစုပျိုးထောင်မှုနှင့် ပတ်သက်ပြီး ၁၉၈၈ ခုနှစ်က အရှေ့တောင်အာရှ နိုင်ငံများအား သုနေသနပြုပြီး နှိုင်းယှဉ်ရေးသားထားသည့် စာအုပ်အပေါ် အခြေခံ၍ ပြောကြားခြင်းဖြစ်ကြောင်းလည်း ပြောကြားသွားသည်။
မြန်မာနိုင်ငံသည် ကလေးအခွင့်အရေးစာချုပ်ကို လက်မှတ်ရေးထိုးထားသော်လည်း၊ ၎င်းစာချုပ်ပါ အချက်အလက်များကို ပြည်သူလူထုသိရှိစေရန် ပညာပေးမှု နည်းပါးခြင်း၊ အကောင်အထည် ဖော်ဆောင်ရန် အစိုးရ၏ ဘဏ္ဍာငွေသုံးစွဲမှုမှာ နည်းပါးခြင်းတို့အပေါ် ကလေးသူငယ်အခွင့်အရေး စောင့်ကြည့်လေ့လာသူများက ဝေဖန်ကြသည်။
ကျောင်းနေရမည့်အရွယ်တွင် ကျောင်းသို့ မပို့နိုင်ခြင်း၊ ကလေးအလုပ်သမားများ လုပ်အားခနည်းပါးစွာဖြင့် အလုပ်လုပ်နေရခြင်း၊ ကလေးစစ်သားစုဆောင်းခြင်း ပြဿနာများသည် မြန်မာနိုင်ငံတွင် ပေါ်ပေါက်နေဆဲဖြစ်သည်။
ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ကို ကမ္ဘာ့နိုင်ငံအသီးသီးမှ ၁၉၈၉ ခုနှစ်တွင် စတင် လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ၁၉၉၉ ခုနှစ်ရောက်မှသာလျှင် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ စာချုပ် တွင်အချက်ပေါင်း ၅၄ ချက်ပါဝင်ပြီး၊ အချက် ၄၀ အထိ ကလေးအခွင့်အရေး ဖော်ပြထားပြီး၊ ကျန် ၁၄ချက်သည် အစိုးရ များဘက်မှ အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အပိုင်းကို ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း သိရသည်။
ကလေးသူငယ်၏ အသက် အပိုင်းအခြားကို နိုင်ငံတကာတွင် ၁၈ နှစ်အရွယ်အထိ သတ်မှတ်ထားပြီး မြန်မာနိုင်ငံတွင်မူ အသက် ၁၆ နှစ်အထိသာ ကလေးအဖြစ် သတ်မှတ်ထားကာ အသက် ၁၆ နှစ်မှ ၁၈ နှစ်အထိ လူငယ်အဖြစ် သတ်မှတ်ထားသည်ဟု သိရသည်။