ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ အခြေစိုက်ထားသည့် ဓညဝတီ ရေတပ်စခန်း ဌာနချုပ်နှင့် ဒေသ တဝိုက်ရှိ အစိုးရတပ်ရင်းများ သည် ဒေသခံများ ၏ လယ်ယာမြေများကို လျော်ကြေး တစုံတရာမပေးဘဲ အဓမ္မ သိမ်းယူနေကြောင်း သိရသည်။
ကျောက်ဖြူမြို့နယ် စစ်တောကျေးရွာအုပ်စုရှိ သစ်ပုတ်တောင်၊ စည်မော်၊ ကြံချိန်၊ ဦးဂင်း၊ စိန်ခြုံ ကျေးရွာအုပ်စု အပါအဝင် ဒေ သတဝိုက်ရှိ ကျေးရွာများမှ လယ်ဧက ထောင်ချီ၍ သိမ်းယူထားခြင်းဖြစ်ကြောင်း ဒေသခံများ က ဧရာဝတီ ကိုပြောသည်။
ဓညဝတီ ရေတပ်စခန်းဌာနချုပ်သည် ယခင်က စစ်တွေဒေသ၌ အခြေစိုက်ခဲ့ပြီး ၁၉၉၄-၉၅ ဝန်းကျင်တွင် ကျောက်ဖြူ ဒေသသို့ ပြောင်းရွှေ့ခဲ့ကြောင်း၊ ထိုအချိန်မှ စတင်၍ ဒေသခံများ၏ လယ်မြေများကို သိမ်းယူခဲ့ရာ ယခုအချိန်အထိ သိမ်းယူနေဆဲ ဖြစ်ကြောင်း၊ ယခင်က မတိုင်ကြားရဲကြသော်လည်း ယခုအခါ အစိုးရသစ်နှင့် လွှတ်တော် အသီးသီးပေါ်ပေါက်လာပြီ ဖြစ်၍ တိုင်ကြား ရဲ လာကြသည်ဟု ဒေသခံများ က ပြောဆိုသည်။
ထိုလယ်မြေများ ပြန်လည်ရရှိရေးအတွက် ကျောက်ဖြူမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ပြည်ထောင်စု ကာကွယ်ရေး ဝန်ကြီး ဒု ဗိုလ်ချုပ်ကြီး လှမင်းအား တင်ပြခဲ့ရာ တရားမဝင်သိမ်းယူထားပါက ပြန်လည်ရရှိရေး ဆောင်ရွက် ပေး မည်ဟု ကတိပေးထားကြောင်း သိရသည်။
“တရားမဝင် သိမ်းထားတဲ့ လယ်တွေတော့ ပိုင်ရှင်တွေ ပြန်ရအောင် စီစဉ်ပေးမယ်လို့ ကတိပေးထားတယ်၊ ပြန်ရ မရတော့ စောင့်ကြည့်ရဦးမှာပါ”ဟု ဦးဘရှိန် က ဆိုသည်။
ဓညဝတီဌာနချုပ်က သိမ်းယူထားသည့် လယ်ယာမြေများကို လယ်ပိုင်ရှင်များထံ သီးစားစနစ်ဖြင့် ပြန်လည် လုပ်ခွင့် ပေးကြောင်း၊ တဧကလျှင် ယခင်က စပါး ၅ တင်းသာ တောင်းခံခဲ့ပြီး ယခုအခါ ၁၅ တင်းအထိ တိုးမြှင့်ကောက်ခံနေကြောင်း၊ မပေးပါ က လယ်လုပ်ပိုင်ခွင့် မရှိစေရဟု ခြိမ်းခြောက်ထား၍ လယ်သမားများ စိုးရိမ်နေကြောင်းလည်း သိရသည်။
ခြေမြန်တပ်ရင်း ခမရ ၅၄၂-၅၄၃ တပ်ရင်းများသည်လည်း ကျောက်ဖြူမြို့ အနီးရှိ ဂုံးချိန် ကျေးရွာ အုပ်စု၊ အုန်းတော၊ မလကျွန်း၊ တပ်တောင် စသည့်ကျေးရွာများမှ လယ်ယာမြေများကို သိမ်းယူထား၍ လယ်သမား ၁၀၀ ကျော်သည် မိမိတို့ လယ်မြေများ ပြန်လည် ရရှိရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်၊ ဒေသဆိုင်ရာ အာဏာပိုင်များ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)များထံ ယခုနှစ်ဆန်းပိုင်းက တိုင်ကြားခဲ့သည့်အတွက် ခမရ ၅၄၂ ၏ တပ်ရင်းမှူး ဗိုလ်မှူးဝင်းခန့်၏ ကန့်သတ် တားမြစ်မှုကို ခံနေကြရကြောင်း ဂုံးချိန်ရွာသား တဦးက ဧရာဝတီ ကို ပြောသည်။
၎င်းက“လယ်သိမ်းတာ တိုင်တဲ့အတွက် ဒီနှစ်မှာ သီးစားလည်း မလုပ်ရတော့ဘူး၊ လယ်ကွင်းထဲလည်း မလာရဘူးလို့ ခမရ ၅၄၂ ရဲ့ တပ်ရင်းမှူးက ခြိမ်းခြောက်ထားပါတယ်”ဟု ဆိုသည်။
လယ်ယာမြေနှင့် နွားစားကျက်မြေ ဧက ထောင်ပေါင်းများစွာအား သိမ်းယူခဲ့ရာတွင် ရခိုင်ဒေသ၌ တိုင်းမှူး တာဝန်ယူခဲ့ကြသော ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဝင်းမြင့်၊ ဗိုလ်ချုပ်မောင်ဦး၊ ဗိုလ်ချုပ်သောင်းအေး၊ ဗိုလ်မှူးချုပ် သူရမောင်နီ၊ ပို့ဆောင်ရေး ဝန်ကြီး ဟောင်း ဗိုလ်ချုပ် သိန်းဆွေ တို့၏မြေကွက်များ ပါဝင်ခဲ့သော်လည်း လျော်ကြေးငွေ ကျပ် သိန်းထောင်ချီ၍ရရှိကြကြောင်း ဒေသ ခံများက ပြောဆိုသည်။
၎င်းတို့သည် တိုင်းမှူးအဖြစ်တာ ဝန်တာထမ်းဆောင်ခဲ့ချိန်က ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း၌ ပါဝင်မည့် ဒေသခံများ၏ လယ်မြေများ၊ မြေလွတ် မြေရိုင်းများ၊ နွားစားကျက် မြေများကို ဒေသခံ မြေစာရင်းဌာနနှင့်ပေါင်း၍ ဇနီးများ၊ သားသမီးများ၏ အမည်ဖြင့် ဖော်ဆောင်ထားခဲ့သည့် မြေကွက်များဖြစ်ကြောင်း၊ စီမံကိန်းများ အကောင်အထည်ဖော်ချိန်၌ ထိုမြေများအတွက် ကုမ္ပဏီများ က လျော်ကြေးငွေ ပေးဆောင်ရာ ကျပ်သိန်းပေါင်း ထောင်ချီ၍ ရရှိခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
စစ်တပ်မှ သိမ်းယူထားသည့် လယ်မြေများသို့ ဒေသခံလယ်ပိုင်ရှင်များအား ဝင်ခွင့်မရသည့်အပြင် ကျွဲ နွား များ ဝင်လျှင်လည်း သတ်ပစ်မည်ဟု ခြိမ်းခြောက်ထားကြောင်း၊ ဓညဝတီဌာနချုပ် လက်အောက်ခံရေတပ်များကိုလည်း ဒေသတွင်းပင်လယ်ပြင်များ ၌ ဖြန့်ကျက်ချထားကာ သင်္ဘော၊ စက်လှေ၊ လောင်းလှေ စသည့်များထံမှ ဆက်ကြေး ကောက်ခံနေကြောင်းလည်း သိရသည်။
“ဓညဝတီဌာနချုပ်က ပင်လယ်ပြင်ရော လယ်မြေတွေပါ သိမ်းထားပါပြီ၊ ဒေသတဝိုက် ငါးဖမ်းခွင့်မရသလို ရေပြင်မှာ တွေ့တဲ့ စက်လှေတွေ၊ လှေတွေဆီက တပ်ရိက္ခာအတွက်ဆိုပြီး ပိုက်ဆံ သောင်းချီ တောင်းတယ်၊ တွေ့တဲ့ပစ္စည်းကို တောင်းတယ်၊ မပေးရင်လုယူတယ်”ဟု ကျောက်ဖြူ မြို့ခံတဦးက ဧရာဝတီ ကိုပြောသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ တရုတ်အစိုးရပိုင် CNPC ကုမ္ပဏီမှ ဦးစီးတည်ဆောက်နေသော ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းနှင့်ဆက်စပ်နေသည့် စီမံကိန်းများ၏ လုံခြုံရေးကို အကြောင်းပြကာ ဓညဝတီ ရေတပ်စခန်း ဌာနချုပ်အပြင် အစိုးရစစ် တပ်၏ တပ်ရင်း အများအပြားသည် ဒေသ တဝိုက်ရှိ ပင်လယ်ပြင်နှင့် ကုန်းတွင်းပိုင်းများ၌ တိုးချဲ့တပ်စွဲ ထားသည်။
ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်း၊ သဘာဝဓာတ်ငွေ့ သိုလှောင်ရုံ စီမံကိန်း၊ ရေနံ သိုလှောင်ကန်၊ ဓာတ်ငွေ့သန့်စင်စက်ရုံ စီမံကိန်းများကို တရုတ်နိုင်ငံ၏ အကြီးဆုံးကုမ္ပဏီတခု ဖြစ်သော တရုတ်အမျိုးသား ရေနံ ကော်ပိုရေးရှင်း(China National Petroleum Corporation-CNPC) ကုမ္ပဏီ အပါအဝင် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ အများအပြားက လုပ်ဆောင်နေကြသည်။
ရခိုင်ဒေသတွင် အစပြုသည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့ကို ဖြတ်၍ တရုတ်နိုင်ငံ နန်နင်းမြို့၌ အဆုံးသတ်မည်ဖြစ်သည်။ ရွှေသဘာဝဓာတ်ငွေ့များကို၂၀၁၃ ခုနှစ်မှ စ၍ ကျောက်ဖြူမြို့မှ နန်နင်းသို့ ပို့လွှတ် မည် ဖြစ်ကြောင်း သိရသည်။