သတင်း

သက်ဆင်ကို သွားဖမ်းဟု ဗိုလ်နှုတ်ခမ်းမွေး ပြော

This article has been converted from Zawgyi One to Unicode

အပြစ်မရှိ၍ အဖမ်းခံရန် မလိုကြောင်း၊ ထိုင်းနိုင်ငံ နာမည်ပျက်အောင် လုပ်သည့် ပြည်ပြေး ထိုင်းဝန်ကြီးချုပ် သက်ဆင်ကိုသာ သွားဖမ်းသင့်ကြောင်း မူးယစ်ဆေးမှုဖြင့် ထိုင်းအာဏာပိုင်များ၏ ဆုငွေထုတ်ခံရသော ဗိုလ်ချုပ် စောလားပွယ်က ပြောဆိုလိုက်သည်။

ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော ဗိုလ်ချုပ် စောလားပွယ် (ဓာတ်ပုံ - ဧရာဝတီ)

မူးယစ်ဆေးမှုဖြင့်စွပ်စွဲခံရပြီး ဆုငွေ ထိုင်းဘတ် ၁ သန်း (ဒေါ်လာ ၃,၂၀၀၀ ခန့်) ထုတ်ခံရသည့်ကိစ္စနှင့် ပတ်သက်၍ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီခရိုင်အတွင်းရှိ DKBA ဌာနချုပ်တွင် ယနေ့ ပြုလုပ်သော ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲ၌ တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသား တပ်မတော် (DKBA) မှ ဗိုလ်နှုတ်ခမ်းမွေး (ခေါ်) ဗိုလ်ချုပ် စောလားပွယ်က ပြည်တွင်းပြည်ပ သတင်းထောက်များကို ထိုသို့ ပြောကြားခြင်း ဖြစ်သည်။

“ဘာအပြစ်ရှိလို့ ထိုင်းမှာ သွားပြီးတော့ အဖမ်းသွားခံရမှာလဲ။ အပြစ်တွေ ကျနော့်ဆီကို ပုံချတယ်။ အရင်က ဝန်ကြီးချုပ်လုပ်ခဲ့တဲ့ သက်ဆင်ကို သွားဖမ်းရင် မကောင်းဘူးလား။ သူကမှ ထိုင်းနိုင်ငံ နာမည်ပျက်အောင် လုပ်ခဲ့တယ်။ ကျနော် မဟုတ်ဘူး” ဟု ဗိုလ်ချုပ် စောလားပွယ်က ပြောသည်။

ယင်း သတင်းစာ ရှင်းလင်းပွဲသို့ မြန်မာပြည်တွင်းမှ သတင်းထောက် ၄၀ ကျော်နှင့် ထိုင်း သတင်းထောက် ၁၀ ဦးကျော် တက်ရောက်ကြောင်း သိရသည်။

ထိုင်းအဏာပိုင်များက မူးယစ်ဆေးဝါးမှုနှင့် ပတ်သက်၍ ဆုငွေထုတ်ထားသည့် ကိစ္စကို နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ (DEA) မှ တာဝန်ရှိသူများ လာရောက် စုံစမ်းစစ်ဆေးရန် DKBA  က ဖိတ်ကြားထားပြီး ယင်းအဖွဲ့က စာကိုလက်ခံရရှိကြောင်း အကြောင်းပြန်ထားသည်ဟု သိရသည်။

DEA က အကြောင်းကြားစာ လက်ခံရရှိသည်ဟု အကြောင်းပြန်သော်လည်း DEA အနေဖြင့် လာရောက် စုံစမ်းစစ်ဆေးမှု ပြုမပြုကိုမူ ဖော်ပြထားခြင်း မရှိကြောင်း ဗိုလ်ချုပ် စောလားပွယ်က ပြောသည်။

ယခုကဲ့သို့ စွပ်စွဲပြောဆိုချက်များကို မိမိတို့ဘက်မှ အမှန်တရားအတွက် တရားမျှတစွာ ဖြေရှင်းလိုကြောင်း၊ မိမိတို့ အခြေပြုရာ ဒေသတွင် ထိုင်း ဒုဝန်ကြီးချုပ်မှ မူးယစ်ဆေးဝါးရှိသည်ဟု သံတယရှိသည့် မည့်သည့်နေရာမဆို နိုင်ငံတကာအစိုးရများနှင့် DEA အဖွဲ့မှ တာဝန်ရှိသူများအနေနှင့် ဝင်ရောက်ကြည့်ရှု စစ်ဆေးရန် မေတ္တာရပ်ခံတင်ပြကြောင်း ဗိုလ်နှုတ်ခမ်းမွေး၏ DEA သို့ ပေးစာတွင် ဖော်ပြထားသည်။

DEA သို့ အကြောင်းကြားစာ မိတ္တူကို ထိုင်းနှင့် မြန်မာနိုင်ငံအတွင်းရှိ DEA ရုံးခွဲမှ တာဝန်ရှိသူများကိုလည်း ပေးပို့ထားကြောင်း သိရသည်။

ထိုင်း မူးယစ်ဆေး ထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံး (ONCB) အကြီးအကဲ ထိုင်း ဒု ဝန်ကြီးချုပ် ချလုံ ယူဘမ်ပရုန်းက “ဗိုလ်နှုတ်ခမ်းမွေးက မူးယစ်ဆေးဝါးနဲ့ မပတ်သက်ဘူးလို့ ထိုင်းဘက်ကို ပြန်ပြောတယ်။ ပြဿနာကိုလည်း ရှုပ်ထွေးသွားအောင် လုပ်တယ်။ ဒါကတော့ တရားခံပြောတဲ့ စကားပါပဲ။ ယုံချင်ရင်ယုံ၊ မယုံချင်လဲနေ” ဟု ပြောကြောင်း ယနေ့ထိုင်းဘာသာဖြင့် ရေးထားသော Daily News အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

ဗိုလ်ချုပ် စောလားပွယ် ဦးဆောင်သည့် DKBA တပ်ဖွဲ့ဝင်များ အခြေစိုက်သော ဝေါ်လေတပ်စခန်းတည်ရှိရာ ထိုင်းဘက်ခြမ်းတွင် ၂၀၀၃ ခုနှစ်က ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြား (ရာဘ) အလုံးရေ ၉ ဒဿမ ၄ သန်း ဖမ်းဆီးရရှိခဲ့မှုနှင့်ပတ်သက်၍ ONCB အဖွဲ့က ဗိုလ်ချုပ် စောလားပွယ်ကို စွပ်စွဲပြီး ဆုငွေ ထုတ်ခြင်း ဖြစ်သည်။

DKBA တပ်ဖွဲ့မှ ဗိုလ်မှူးကြီး စန်းအောင်ကမူ ယင်းကိစ္စနှင့် ပတ်သက်၍ နောက်ကွယ်မှ တစုံတရာ ဖိအားပေးမှုများရှိကြောင်း ယူဆရပြီး သက်သေအထောက်အထားများဖြင့် ပြသရန် ခက်ခဲကြောင်း ဧရာဝတီသို့ ပြောသည်။

ထိုင်းအာဏာပိုင်များ၏ စွပ်စွဲချက်နှင့်ပတ်သက်၍ လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်တွင် ဗိုလ်ချုပ် စောလားပွယ်မှာ တပ်ရင်းမှူး အဆင့်သာရှိကြောင်းလည်း ၎င်းက ဆိုသည်။

“ထိုင်းတွေ တချိန်က ကျနော်တို့ ဗိုလ်ချုပ် ချင်းမိုင်မှာ အစည်းအဝေးသွားတက်ပြီး ပြန်လာတုန်းက နယ်စပ်လှေဆိပ်မှာ ဖမ်းထားသေးတယ်။ အဲဒီအချိန်မှာ သူတို့ ဖမ်းထားလို့ရတာပဲ။ ဆုငွေ တဘတ်တောင် မကုန်ဘူး။ အခု ဒီအချိန်ကျမှ ထုတ်ပြန်တယ်ဆိုတော့ ဒီနောက်ကွယ်က ထိုးနှက်မှုတွေ အများကြီးပါမယ်လို့ ထင်တယ်” ဟု ဗိုလ်မှူးကြီး စန်းအောင်က ပြောသည်။

မြန်မာအစိုးရကဘက်က လတ်တလော DKBA နှင့် ထိုင်းစစ်တပ်တို့၏ တင်မားမှုနှင့်ပတ်သက်၍ ယနေ့အထိ တစုံတရာ ပြောဆိုခြင်း မရှိသေးပေ။

ဤအတောအတွင်း ထိုင်း-မြန်မာနယ်စပ် ဖုပ္ဖရဒေသတွင် ထိုင်းလုံခြုံရေတပ်များ တင်းကျပ်ထားပြီး မြန်မာဘက်ကမ်း DKBA ထိန်းချုပ်ဒေသရှိ နယ်စပ်ဂိတ်များကိုလည်း ပိတ်ထားသည်။

မဲဆောက်မြို့နှင့် မြဝတီမြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေး တံတားကိုလည်း DKBA တပ်ဖွဲ့ဝင်များက ပိတ်ရန် စီစဉ်ထားသောကြောင့် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များက စိုးရိမ်နေကြပြီး ထိုင်း ဒု ဝန်ကြီးချုပ် ချလုံ ယူဘမ်ပရုန်းက အပြောအဆို မတတ်ကြောင်း အပြစ်တင်နေကြသည်ဟု သိရသည်။

ONCB က ဆုငွေထုတ်ထားသည့် မြန်မာနိုင်ငံသား ၃ ဦးအနက် တဦးဖြစ်ပြီး မဲခေါင်မြစ်အတွင်း တရုတ်သင်္ဘောသား ၁၃ ဦးကို သတ်ဖြတ်မှုတွင် သံသယရှိသူ နော်ခမ်းကို လာအိုအာဏာပိုင်များက ဧပြီလ ၂၅ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ပြီး ယခုအခါ တရုတ်ရဲလက်သို့ လွှဲပြောင်း ပေးအပ်လိုက်ပြီ ဖြစ်သည်။

တရုတ် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနရှိ မူးယစ်ဆေးထိန်းချုပ်ရေး ဗြူရို ညွှန်ကြားရေးမှူး Liu Yuejin က တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းတို့သည် နယ်စပ်ဖြတ်ကျော် မူခင်းများ တိုက်ဖျက်ရေးအတွက် အတူပူးပေါင်း ဆောင်ရွက်နေကြောင်း၊ ထို့ကြောင့် ဖမ်းမိထားသော ဂိုဏ်းခေါင်းဆောင် နော်ခမ်းကို လွှဲပြောင်းယူခြင်းဖြစ်ကြောင်း၊ မဲခေါင်မြစ်တလျှောက် တည်ငြိမ်ရေးနှင့် လုံခြုံရေးကို ထိမ်းသိမ်းနေကြောင်း ပြောသည်ဟု ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

Loading