ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန် (၄) က Hight-Art ဆံပင်တု စက်ရုံ နှစ်ရုံမှ အလုပ်သမား ၁၇၀၀ ကျော်က အခြေခံလစာ တိုးပေးရေးနှင့် အလုပ်သမားခံစားပိုင်ခွင့်များရရှိရေး တောင်ဆိုမှုကို စက်ရုံပိုင်ရှင်ဖက်က လိုက်လျောသဖြင့် ပြေလည်မှု ရှိသွားပြီဖြစ်ကြောင်း အလုပ်သမားခေါင်းဆောင်များက ဧရာဝတီသို့ ပြောသည်။
မူလကရရှိသော အခြေခံလစာ ၈ ထောင်ကျပ်ကို အလုပ်သမားများက ၃ သောင်းကျပ်ထိ တိုးမြှင့်ပေးရန်တောင်းဆိုမှုအပါအဝင် အခြေခံတောင်းဆိုချက်များကို ယနေ့မွန်းလွဲပိုင်းက လှိုင်သာယာ စက်မှုဇုန် ရှေ့တန်းကြီးကြပ်ရေးရုံးတွင် အလုပ်သမား ခေါင်း ဆောင် ၇ ဦးနှင့် အလုပ်ရှင် ကိုယ်စားလှယ် ဒေါ်နန်းသောင်းရင်၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် တို့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးခဲ့ပြီး သဘောတူလိုက်ခြင်းဖြစ်သည်။
“အားလုံးအဆင်ပြေသွားပါပြီ။ ကျမတို့မနေ့ကတည်းက တောင်းဆိုတဲ့ တောင်းဆိုချက်တွေကို ဒီနေ့ မွန်းလွဲ ၂ နာရီမှာ အားလုံးပဲ လိုက်လျောပေးပါတယ်။ အရင်တုန်းကလို အချိန်ပို မဆင်းချင်ဘဲဆင်းခိုင်းတာ၊ ရေမီးဖြတ်တောက်တာ၊ သန့်ရှင်းရေးလုပ်ခိုင်းတာ တွေကို မလုပ်တော့ပါဘူးလို့ စာချုပ်ချုပ်ဆိုထားတယ်” ဟု အလုပ်သမားခေါင်းဆောင် ၇ ဦးထဲမှ မယမင်းလွင်က ဧရာဝတီသို့ ပြောသည်။
အခြေခံလစာအပြင် ယခင်ရရှိခဲ့သော အချိန်ပိုကြေး၊ ခရီးစရိတ်၊ ရက်မှန်ကြေးနှင့် အခြားအခွင့်အရေးများ ကိုလည်း ဖြတ်တောက်ခြင်းမရှိဘဲ စက်ရုံဖက်ကလိုက်လျောပေးသည့်အတွက် မူလက အလုပ်သမားတဦးသည် အခြေခံလစာ ၈၀၀၀ ကျပ်အပါအဝင် ဆုကြေးငွေများနှင့် တစ်လလျင် ၃ သောင်းမှ ၄ သောင်း ကျပ်ထိ ရရှိနေရာမှ ဇွန်လမှ စတင်ကာ ၇ သောင်းကျပ်ဝန်းကျင်ရရှိတော့မည်ဖြစ်သည်။
အခြား အလုပ်သမခေါင်းဆောင်တစ်ဦးဖြစ်သူ မမေသူဝင်းကလည်း“အစားအသောက်တွေထဲမှာဆိုရင် အသားငါးကို တစ်ပတ်မှ တစ်ခါလောက်ပဲကျွေးတယ်။ ကျန်တဲ့ရက်တွေက အသီးအရွက်နဲ့ ငါးပိရည်တို့ ပဲပြား၊ အာလူး၊ ပဲတို့ အဲလိုကျွေးတဲ့အခါမှာလည်း သန့်သန့်ရှင်းရှင်းမကျွေးဘူးရှင့်၊ ဟင်းထဲမှာ တီကောင်တွေ၊ ပီနံအိတ်ကြိုးတွေ၊ ခေါင်းကပ်ပလာစတာတွေကအစ ပါတယ်။ ဟို တလောကကဆို စက်ရုံထဲမှာ ဝမ်းရောဂါပါဖြစ်တယ်”ဟု သူက ဧရာဝတီကိုပြောသည်။
စက်ရုံတွင် တင်းကျပ်သောစည်းမျဉ်းများဖြင့် ခိုင်းစေသော မြန်မာ အလုပ်သမားခေါင်းဆောင်များကိုလည်း ရာထူးလျှော့ချခြင်းနှင့် ဌာနရွှေ့ပြောင်းခြင်းများပြုလုပ်ပေးရန် တောင်းဆိုထားကြောင်းလည်း သိရသည်။
Hight-Art စက်ရုံပိုင်ရှင်သည် ကိုရီးယားနိုင်ငံသားဖြစ်ပြီး ထိုစက်ရုံမှ ထွက်သော ဆံပင်တုများကို မြန်မာနိုင်ငံတွင်း ဖြန့်ချိခြင်းမပြုဘဲ ကိုရီးယား၊ တရုတ်၊ ဂျပန်နှင့် ဖိလစ်ပိုင်နိုင်ငံများသို့တင်ပို့ကြောင်းသိရသည်။ အခြေခံ လစာတိုးမြှင့်ပေးရန်နှင့် အခြား အလုပ်သမား ရပိုင်ခွင့်များကို ယခင်နှစ် ဧပြီလကလည်းတောင်းဆိုမှုပြုလုပ်ခဲ့ဖူးသော်လည်း မအောင်မြင်ခဲ့ပေ။
လှိုင်သာယာစက်မှုဇုန် ဆန္ဒပြတောင်းဆိုမှု အဆင်ပြေသွားပြီဖြစ်သော်လည်း ရွှေပြည်သာ စက်မှုဇုန်ရှိ မြန်မာဝိုင်နှင့် အရက်ချက် စက်ရုံ M.W.D.C စက်ရုံခွဲ ၄ ခုအနက် အမှတ် (၁) နှင့် အမှတ် (၂) စက်ရုံတို့မှ အလုပ်သမား ၂၀၀ ကျော်က ယခုလ ၈ ရက်နေ့မှ စတင်ကာ အခြေခံလစာ တိုးမြှင့်ပေးရေးနှင့် လုပ်ငန်းခွင်အတွင်း လိုအပ်ချက်များပြုပြင်ပေးရေးတို့ကို ရန်ကုန် မြောက်ပိုင်းခရိုင် အင်းစိန် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် သွားရောက် ဆန္ဒပြတောင်းဆိုခဲ့သော အလုပ်သမားများမှာ အဆင်ပြေမှုမရသေးပေ။
ထိုတောင်းဆိုမှုတွင် စင်္ကာပူနိုင်ငံသို့ ခရီးလွန်နေသည့် စက်ရုံပိုင်ရှင် ပြန်ရောက်မည့် ယခုလ ၁၄ ရက်နေ့တွင် အလုပ်ရှင်နှင့် အလုပ် သမားများ မျက်နှာချင်းဆိုင် ဆွေးနွေးညှိနှိုင်းရန် မြောက်ပိုင်းခရိုင်အလုပ်သမားညွှန်ကြားရေးမှူးက ဆုံးဖြတ်ပေးခဲ့ကြောင်း ယင်းဆန္ဒပြမှုကို အလုပ်သမားများဘက်မှ ကူညီဆောင်ရွက်ပေးနေသူ ရွှေပြည်သာမြို့နယ် အမျီုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ၏ ဥပဒေအကြံပေး အဖွဲ့ဝင် ဦးသိန်းအောင် က ပြောသည်။
“မြောက်ပိုင်းခရိုင်အလုပ်သမားညွှန်ကြားရေးမှူးက စက်ရုံ ၁ နဲ့ ၂ က အလုပ်သမားတွေအားလုံးကို ၁၄ ရက်နေ့မှာ စင်္ကာပူက ပြန် လာမယ့် သူဌေးနဲ့ သူတို့ကနေ ဖြေရှင်းပေးမယ်။ အဲဒီရက်မတိုင်မီ ကြားကာလမှာ အလုပ်သမားတွေကို နားရက်အဖြစ် ပေးလိုက် တယ်။ ၁၄ ရက်နေ့ကြရင်တော့ ဖြစ်ပေါ်လာမယ့် အကျိုးဆက်ကို စောင့်ကြမယ်”ဟု ဦးသိန်းအောင် က ဧရာဝတီသို့ ပြောသည်။
မူလက ကျပ် ၅၀၀၀၀ ဝန်းကျင်ရရှိနေသော M.W.D.C စက်ရုံအလုပ်သမားများကို အစိုးရဝန်ထမ်းများ လစာတိုးမြှင့်ပေးချိန်၌ စက်ရုံကလည်း ၎င်းတို့အလုပ်သမားများကို တလ ကျပ် ၆၀၀၀ ထိ တိုးမြှင့်ပေးခဲ့ကြောင်း ဆန္ဒပြ အလုပ်သမားများက ဧရာဝတီသို့ ပြော သည်။
ထိုသို့ တိုးမြှင့်ပေးသော်လည်း တဖက်တွင် မူလခံစားပိုင်ခွင့် ဆုကြေးငွေ တစ်လ ၁၆၀၀ ကျပ်နှင့် ခရီးစရိတ်အဖြစ် တစ်ရက် ၁၀၀ ကျပ် ပေးနေခြင်းကို ဖြတ်တောက်ပစ်ခဲ့၍ ယခုနှစ် ဧပြီ ၂၈ ရက်နေ့မှ စတင်တောင်းဆိုခဲ့သော်လည်း ညှိနှိုင်းဖြေရှင်း ပေးခြင်း မရှိသည့်အတွက် ယခုကဲ့သို့ အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ရခြင်းဖြစ်သည်ဟု ကာယကံရှင်များက ပြောသည်။
M.W.D.C စက်ရုံတွင် ဆယ်နှစ်ကျော်ကြာ အလုပ်လုပ်ကိုင်ခဲ့သူ ကိုသောင်းထိုက် က “လစာက အစိုးရတိုးသလိုမျိုး ၃ သောင်းတိုး စေချင်တယ်။ လစာက အခုဟာ ဘယ်လိုပဲဖြစ်နေဖြစ်နေ ၄ သောင်းခွဲ ၅ သောင်းပဲရတယ်ဗျာ။ ဒီလစာနဲ့ ဘယ်လိုမှမရဘူး။ အဲဒါ ကြောင့် ကျနော်တို့လူစုပြီး သွားတောင်းဆိုတာ။ ဒီနေ့ထိတော့ လိုက်ရောမှုမရသေးဘူး” ဟု သူက ဧရာဝတီသို့ ပြောသည်။
စက်ရုံကပေးသော သတ်မှတ်လစာ ၅ သောင်းကျပ်ဝန်းကျင်မှာ မိသားစု စားဝတ်နေရေးအတွက် အထောက်ကူမပြုနိုင်သည့် အတွက် ကျပ် ၇ သောင်းကျော်ထိ တိုးမြှင့်ပေးရန် ဆန္ဒပြ စက်ရုံအလုပ်သမား ကိုဟိန်းမင်းဇော်ကလည်းပြောသည်။ တောင်းဆို ချက်များထဲတွင် စက်ရုံတွင်း သောက်သုံးရေ ဖူလုံစွာထားရှိပေးရေးနှင့် အလုပ်ချိန် တိကျစွာ သတ်မှတ်ပေးရေးတို့ကို ထည့်သွင်း တောင်းဆို မည်ဖြစ်ကြောင်း ဆန္ဒပြ အလုပ်သမားများက ဧရာဝတီသို့ ပြောကြသည်။
ထို့အတူ M.W.D.C စက်ရုံတွင် အလုပ်သမားများ၏ ကျန်းမာရေးကာကွယ်စောင့်လျှောက်ပေးခြင်းအားနည်းမှုများနှင့် စက်ရုံ ကြိုပို့ ကားများအချိန်မှန်ရေးတို့ကိုလည်း အလုပ်သမားများက တောင်းဆိုကြမည်ဟု ဆိုသည်။
“အခု အလုပ်မှာက အက်ဆစ်တွေအရမ်းသုံးလာတာ အရင်တုန်းက သမီးတို့ အက်ဆစ်က နှစ်ခွက်ပဲသုံးတာ အခုဆို ၁၀ ခွက် ၁၅ ခွက် လိုသလို သွန်ထည့်တယ်။ လက်တွေပေါက်တယ်နော် လက်အိတ်မပေးဘူး။ ပေးရင်လည်း လက်အိတ်ကို ဖြဲပြီးမှပေးတယ်။ အက်ဆစ်တွေလောင်တာ နည်းတာမဟုတ်ဘူး” ဟု ဆန္ဒပြအလုပ်သမ မချောစုထွေးက ဧရာဝတီသို့ ပြောသည်။
ယမန်နေ့မနက်ပိုင်းက မြောက်ပိုင်းခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဒုဗိုလ်မှူးကြီးဟောင်း ဦးနေလင်း ရှေ့တွင် ဆွေးနွေး ညှိနှိုင်းမှု များ ပြုလုပ်ကြသော်လည်း စက်ရုံပိုင်ရှင် ဦးအောင်မိုးကျော်မှာ စင်္ကာပူသို့ ခရီးလွန်နေကြောင်း၊ စက်ရုံမှူး ဦးစိုးမိုး နှင့် စက်ရုံ အတွင်းရေးမှူး ဒေါ်အေးသီတာအောင်တို့က အလုပ်သမားများ၏ တောင်းဆိုချက်များကို လုံးဝ လက်မခံဘူးလို့ ငြင်းဆိုကြောင်း အလုပ် သမားများက ဧရာဝတီသို့ပြောကြသည်။
M.W.D.C ခေါ် Myanmar Winery & Distillery Company Limited သည် မြန်မာနိုင်ငံတွင် လူသုံးများသော Grand Royal Special Reserve Whisky နှင့် Eagle Whisky၊ Royal Dry Gin၊ Golden Island Rum၊ Royal Special London၊ Jazz Wine Cooler၊ Grand Royal Drinking Water တို့ကို ထုတ်လုပ်သော ကုမ္မဏီဖြစ်ပြီး ထိုစက်ရုံမှူး ဦးစိုးမိုးသည် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်သည်။