မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် လက်ရှိ ပြုပြင်ပြောင်းလဲမှုများသည် ပျက်လွယ်နိုင်သော အခြေအနေများရှိနေသေးကြောင်း ပိုလန် နိုင်ငံခြားရေးဝန်ကြီး Mr.Radoslaw Sikorski က ပြောကြားသည်။

ရန်ကုန်မြို့တွင် မေ ၁၀ ရက်နေ့က တက္ကသိုလ်ရိပ်သာလမ်း နေအိမ်၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံအပြီး ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့တွေ့တဲ့အခါ အခြေအနေတွေကို ပြန်ပြီးအစီရင်ခံ ပြောပြမှာပါ။ အားလုံးကိုခြုံပြီးတော့ သုံး သပ်မယ့် ကျနော့်အမြင်ကတော့ လက်ရှိပြုပြင်ပြောင်းလဲမှုတွေက ကျနော်တို့ ထင်ထားတာထက် ပိုပျက်လွယ်နေပါသေးတယ်။ ကျနော်တို့အနေနဲ့ အခြေအနေတွေကို အနီးကပ်စောင့်ကြည့်ပြီး နောက်ပြန်မလှည့်နိုင်အောင် စီးပွားရေးနဲ့ နိုင်ငံရေးကဏ္ဍတွေကို ထောက်ပံ့ ကူညီသွားပါမယ်”ဟု Mr.Radoslaw Sikorski က ရှင်းပြသည်။
Mr.Radoslaw Sikorski က မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲမှုများသည် ပိုလန်နိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများနှင့် အလား သဏ္ဍန် တူကြောင်း၊ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များသည် အလွန်ခက်ခဲကြောင်း၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးများကို ပိုလန် က ဆက်လက်ထောက်ခံမည်ဖြစ်ကြောင်း ၎င်း၏ အဆိုအရ သိရှိရသည်။
“ပိုလန်အနေနဲ့ သမ္မတကြီးနဲ့ အတိုက်အခံခေါင်းဆောင် နှစ်ဦးစလုံးကို တွေ့ဆုံပြီးတဲ့အခါမှာ၊ ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုတွေကို
ဆက်လက် ထောက်ခံသွားမယ့်အကြောင်း ပြောချင်ပါတယ်။ ပိုလန်နိုင်ငံနဲ့ မြန်မာနိုင်ငံက အာဏာရှင်စနစ်ကနေ ဒီမိုကရေစီပြုပြင်ပြောင်းလဲတာ၊ အမိန့်ပေး ဈေးကွက်ကနေ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေး စနစ်ကို ပြောင်းလဲမှုတွေဟာ အတော်ကို ဆင်တူပါတယ်။ ဒါက လွယ်ကူတဲ့ အပြောင်းအလဲဖြစ်စဉ်မျိုးတော့ မဟုတ်ပါဘူး”ဟု ပိုလန် နိုင်ငံခြားရေးဝန်ကြီး က ဆိုသည်။
ပိုလန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံရေးကိစ္စများကိုလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးခဲ့ကြောင်း၊ ပိုလန်အနေနှင့် မြန်မာနိုင်ငံအတွက် စီးပွားရေးဆိုင်ရာ ပညာသင်ဆုများ ပေးအပ်မည်ဖြစ်ပြီး နှစ်ဦးနှစ်ဖက် အပြန်အလှန်အကျိုးရှိနိုင် သော ရင်းနှီးမြုပ်နှံမှုများကိုသာ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ပိုလန်နိုင်ငံ၏ အခြေအနေများကို မြန်မာအစိုးရနှင့် အတိုက်အခံများအား လေ့လာစေချင်ကြောင်းလည်း ဆက်လက်ပြောဆိုသည်။
မြန်မာ့နိုင်ငံရေး နှင့် မြန်မာပြည်အကြောင်းများစွာကို ရေးသားပြုစုလျက်ရှိသော ဆွီဒင် သတင်းစာဆရာ Bertil Lintner ကလည်း မြန် မာပြည်၏ ဖြစ်ထွန်းမှုများသည် အခြေခိုင်ခြင်း မရှိသေးကြောင်း The Australian သတင်းဌာနသို့ ပြောဆိုထားသည်။
ဒေါ်အောင်ဆန်းစုကြည်ကမူ မြန်မာနိုင်ငံ၌ ရင်းနှီးမြုပ်နှံမှုများပြုလုပ်ရာတွင် လည်းကောင်း၊ အကူအညီပေးရာတွင် လည်းကောင်း လူနည်းစုကိုလည်း ထည့်သွင်း စဉ်းစားပေးရမည် ဖြစ်ကြောင်း ပြောသည်။
“ရင်းနှီးမြုပ်နှံ တာပဲဖြစ်ဖြစ်၊ အကူအညီတွေ ပေးတာပဲဖြစ်ဖြစ်၊ လူအများစုရှိနေရှိနေတဲ့ နေရာတွေတင် မဟုတ်ဘူး၊ တိုင်းရင်းသား လူနည်းစုတွေမှာလည်း လုပ်ဆောင်သင့်တယ် ဆိုတာ ကျမအမြဲထောက်ပြပါတယ်။ အမြဲပဲ ချိန်ဆကြဖို့ လိုပါတယ်။ ကျမတို့
ပြည်သူတွေက ဆင်းရဲကြတယ်ဆိုပေမယ့် တိုင်းရင်းသားဒေသတွေမှာ ပိုပြီးဆင်းရဲတယ်၊ အကူအညီတွေပိုလိုတယ်”ဟု ဒေါ်အောင် ဆန်းစုကြည် က ဆိုသည်။
ပိုလန်နိုင်ငံခြားရေးဝန်ကြီးသည် ဒေါ်အောင်ဆန်းစုကြည်ကို ပိုလန်နိုင်ငံသို့လာရောက်ရန် ဖိတ်ကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ကလည်း လာမည့် နှစ်အတွင်း သွားရောက်လည်ပတ်ဖွယ် ရှိကြောင်း ပြန်လည်ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံကို ဗုဒ္ဓဟူးနေ့က စတင် လာရောက်သည့် ၂ ရက်ခရီးစဉ်အတွင်း ပိုလန် နိုင်ငံခြားရေးဝန်ကြီးသည် သမ္မတ ဦးသိန်းစိန်နှင့် လည်း တွေ့ဆုံခဲ့ပြီး ဥရောပ သမဂ္ဂ၏ စီးပွားရေး ပိတ်ဆို့မှုများ အပြီးတိုင် ရုပ်သိမ်းနိုင်ရေး၊ ပိုလန်က မြန်မာနိုင်ငံအတွင်း စက်ရုံ အလုပ်ရုံများ၊ သဘောၤကျင်း လုပ်ငန်း၊ ရထားပို့ဆောင်ရေး ဆိုင်ရာ လုပ်ငန်း၊ စွမ်းအင် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် နှင့် နည်းပညာ ကဏ္ဍများတွင် အကူအညီများ ပေးနိုင်ရေးတို့အတွက် ဆွေးနွေးကြကြောင်းလည်း သိရသည်။