မန္တလေးဟိုတယ်ဇုန်ကို တံတားဦးနှင့် အင်း၀ အကြားရှိ မြေဧက ၃ ထောင်ကျော်ပေါ်တွင် တည်ဆောက်ခွင့် ရပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း မန္တလေးဇုန်မှ တာဝန်ရှိသူတဦးက ယနေ့တွင် ဧရာဝတီသ့ို ပြောသည်။
၂၀၁၁ ခုနှစ် ဇူလိုင်လအတွင်းက အမရပူရမြို့နယ်အတွင်းမှ အိမ်ခြေ ၃၀၀ ကျော်ရှိ ရှမ်းကလေးကျွန်းတွင် မြေဧက ၅၅၀ အသုံးပြုပြီး ဟိုတယ်အလုံးပေါင်း ၉၀ ကျော်ထည့်သွင်း တည်ဆောက်ရန် ယာယီသတ်မှတ်ထားသော်လည်း ဒေသခံများ၏ ကန့်ကွက်မှုနှင့် မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့်၏ ခွင့်ပြုမိန့် မရရှိသည့်အတွက် လုပ်ငန်းများ ရပ်တန့်ထားခဲ့ရသည်။
မန္တလေးတိုင်း ဝန်ကြီးချုပ် ဦးရဲမြင့်က ယခုအခါ တံတားဦးနှင့် အင်း၀ အကြားတွင် ဟိုတယ်ဇုန်တည်ဆောက်ရန်အတွက် မြေနေရာ ဧက ၃ ထောင်ကျော် သတ်မှတ်ပေးလိုက်သောကြောင့် ပထမ လျာထားသည်ထက် အဆပေါင်းများစွာ ဟိုတယ်များ တိုးချဲ့ဆောက်လုပ် ခွင့်ရတော့မည် ဖြစ်ကြောင်း သိရသည်။
မန္တလေး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူ တဦးက “ရှမ်းကလေးကျွန်းမှာ ဟိုတယ်ဇုန်တည်ဆောက်မယ် ဆိုတုန်းက မြေဧက ၅၅၀ ပဲ ရတယ်။ အဲဒီအချိန်တုန်းက ဟိုတယ်အလုံး ၉၀ လောက်ပဲ တည်ဆောက်ခွင့်ရှိတော့ တခြားလုပ်ငန်းရှင်တွေ ပါဝင်လို့ မရဘူးဖြစ်ခဲ့သေးတယ်။ အခုလို မြေဧကတွေ တိုးပြီးရတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေလည်း ပိုမို လက်ခံလို့ရပြီ။ ပြည်တွင်းလုပ်ငန်းရှင်တွေလည်း အများအပြား ပါဝင်နိုင်ပြီ” ဟု ပြောသည်။
မန္တလေး ဟိုတယ်ဇုန်ကို ရွေးချယ်ရာတွင် ဒေသခံပြည်သူများ နစ်နာမှု မရှိစေရန် အထူးဂရုစိုက် သွားမည် ဖြစ်ကြောင်း၊ မြေဧကများကို ဝယ်ယူရာတွင် တာဝန်ရှိသူများနှင့် တိုင်ပင်ပြီး ဒေသခံများ ပိုင်ဆိုင်ထားသော မြေများကို တပြေးညီ ဈေးနှုန်းသတ်မှတ် ဝယ်ယူသွားရန် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
“ကျနော်တို့က ဒေသခံတွေကို မနစ်စေချင်ဘူး။ ဒီလို ဟိုတယ်ဇုန်တွေ လုပ်မယ်ဆိုတာနဲ့ တချို့မြေဈေးတွေလည်း အဆမတန် တက်ကုန်တယ်။ အဲလိုဆိုတော့လည်း မဟုတ်သေးဘူး။ ဒါကြောင့် အဖက်ဖက်ကနေ ညှိနှိုင်းပြီး ဝယ်သွားမှာပါ” ဟု မန္တလေး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူက ပြောသည်။
မန္တလေးမှ ဆောက်လုပ်ရေး လုပ်ငန်းရှင်တဦးက “အောင်ပင်လယ်ဘက်က လယ်မြေတွေများတော့ မြန်မာနိုင်ငံရဲ့ ဆန်စပါးကို ထိခိုက်နိုင်တယ်။ အခု ရှမ်းကလေးကျွန်းကို တည်ဆောက်မယ်ဆိုပေမယ့်လည်း နုန်းမြေတွေကများတော့ အဲဒီမြေနုကျွန်းက ဒေသခံတွေအတွက် စိုက်ပျိုးဖို့ မြေနေရာမရဘဲ ကန့်ကွက်တာတွေ၊ ဆန္ဒပြတာတွေ ဖြစ်လာနိုင်တယ်။ အခုလို တံတားဦးဘက်ကို အလေးပေးပြီး တည်ဆောက်မယ်ဆိုတော့ ပိုကောင်းတာပေါ့။ တံတားဦးဘက်ဆိုရင် အင်းဝနဲ့လည်း နီးတယ်လေ။ နိုင်ငံခြားသားတွေ အကြိုက်ပေါ့” ဟု ဆိုသည်။
တံတားဦးမြို့သည် လက်ရှိတွင် ဖွံ့ဖြိုးစပြုနေပြီး မြေနေရာ ကျယ်ဝန်းသော်လည်း ရေရှားသည့် အပူပိုင်းဒေသဖြစ်သည်။ မြေအမျိုးအစားမှာ ကျစ်လျစ်သော သဲမြေများ ဖြစ်သည်။
ဟိုတယ်ဇုန်တွင် ဟိုတယ်၊ မိုတယ်၊ စားသောက်ဆိုင်၊ အမှတ်တရပစ္စည်းဆိုင်များ၊ ဂေါက်ကွင်းများ၊ ဧည့်လမ်းညွှန်ရုံးများ၊ အင်တာနက်ဝိုင်ဖိုင်များ၊ စပိဘုတ်စက်လှေများ၊ ဟိုတယ်နှင့် သက်ဆိုင်သည့် ဆိုင်များကို ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းဟိုတယ်ဇုန် ပေါ်ပေါက်လာပါက ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်လမ်း ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်ပြီး မန္တလေးတွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ပိုမိုအဆင့်မြင့်လာမည် ဖြစ်ကြောင်း၊ လက်ရှိ မန္တလေးမြို့တွင် နိုင်ငံခြားသားများ အဆင့်မြင့်မြင့် တည်းခိုနိုင်သည့် ပတ်ဝန်းကျင်နှင့် အသံတိတ်ဆိတ်သော ဟိုတယ်များ ရှားပါးလျက်ရှိကြောင်း လေ့လာသူများက ဆိုသည်။
ယခု ဟိုတယ်ဇုန်မှာ မန္တလေးမြို့ အပြင်ဘက်တွင် တည်ရှိသည်။
မန္တလေးမြို့သို့ တလလျှင် နိုင်ငံခြားသား ၁ သောင်းဝန်းကျင် လာရောက်လည်ပတ်လျက် ရှိကြောင်း တရားဝင် စာရင်းဇယားများအရ သိရသည်။
မန္တလေးရှိ ဟိုတယ်၊ မိုတယ်များတွင် ပြည်တွင်းခရီးသွားအတွက် တည်းခိုမှုနှုန်းမှာ ငွေကျပ် ၁ သောင်းခွဲမှ ၄ သောင်းကျော်အထိ လည်ကောင်း၊ နိုင်ငံခြားသားများအတွက် အမေရိကန် ဒေါ်လာ ၁၈၀ မှ ၁၁၀၀ ကျော်အထိ လည်းကောင်း ဈေးအသီးသီးရှိကြောင်း သိရသည်။