စွယ်စုံရအနုပညာရှင် ဇာဂနာ နဲ့ ရန်ကုန်က ထင်ရှားတဲ့ အနုပညာရှင်အများအပြားဟာ ထိုင်းနိုင်ငံ၊ ဖန်ငခရိုင်ကို သွားပြီး အဲဒီဒေသက ရွှေ့ပြောင်းမြန်မာ အလုပ်သမားနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတိုရုပ်ရှင် (short film) တကား ရိုက်ကူးနေကြပါတယ်။
“ဒီမှာရှိတဲ့ မြန်မာလုပ်သားတွေကနေ မွေးဖွားလာတဲ့ ကလေးတွေကို ကျောင်းထားပေးဖို့ အခက်အခဲ ရှိနေတဲ့ ကလေးတွေကို ဒီမှာ ဘယ်လို ပညာတွေ သင်ပေးနေကြလဲ၊ ပညာရေးဟာ ဘယ်လောက်ထိ အရေးကြီးလဲ ဆိုတဲ့ အကြောင်းကို အဓိကထားပြီး ရိုက်မယ့် ဇာတ်လမ်းပါ” လို့ ဒီဇာတ်ကား စီစဉ်သူ ဇာဂနာက ဧရာဝတီကို ပြောပါတယ်။
မြန်မာအလုပ်သမားတွေ ရုန်းကန် လှုပ်ရှားရမှု အခြေအနေအမှန်ကို အသိပေးတဲ့ သဘောမျိုးနဲ့ စီစဉ်ကြတာဖြစ်ပြီး မသိသေးတဲ့သူတွေအတွက်ကော၊ မေ့လျော့နေတဲ့ သူတွေအတွက်ပါ ရည်ရွယ်တယ်လို့လည်း ဇာဂနာက ရှင်းပြပါတယ်။
မိနစ် ၄၀ ခန့် ကြာမယ့် ဒီဇာတ်လမ်းတိုရုပ်ရှင်အတွက် ဒါရိုက်တာ မင်းထင်ကိုကိုကြီး အပါအဝင် ရဲတိုက်၊ ချစ်သုဝေ၊ ကောင်းပြည့်၊ သန္တာဗိုလ် စတဲ့ သရုပ်ဆောင်တွေက အခကြေးငွေ မယူဘဲ ပါဝင်ကူညီပေးကြမှာပါ။
ကွင်းဆင်း ရိုက်ကူး ကူညီခွင့်ရတဲ့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်လို့ သရုပ်ဆောင် ချစ်သုဝေက ပြောပါတယ်။
“ကျမတို့ လုပ်ပေးနိုင်တဲ့ အင်အားလေးနဲ့ လုပ်ပေးနိုင်တဲ့ အရာလေးတခု ထိထိရောက်ရောက် ဖြစ်လာဖို့ မျှော်လင့်ပါတယ်” လို့ ချစ်သုဝေက ပြောပါတယ်။
မြေပုံထဲကြည့်လိုက်ရင် ကော့သောင်းမြို့ရဲ့ အောက်ဘက်မှာတွေ့ရမယ့် ဖန်င ခရိုင်ဝန်းကျင်မှာ ဒီကနေ့ကစပြီး ၆ ရက်ကြာ ရိုက်ကူးဖို့ စီစဉ်ထားပါတယ် တဲ့။ မြန်မာပြည်သား အများအပြား အလုပ်လုပ်ကိုင်နေတဲ့ ဒီခရိုင်ဟာ ၂၀၀၄ ခုနှစ် ဆူနာမီ ရေလှိုင်းတွေရဲ့ဒဏ်ကို အကြီးအကျယ် ခံခဲ့ရတဲ့ဒေသလည်း ဖြစ်ပါတယ်။
အရေအတွက် ၂ သန်းကနေ ၄ သန်းအထိ ရှိနိုင်တဲ့ ထိုင်းနိုင်ငံရောက် မြန်မာပြည်သားရွှေ့ပြောင်းအလုပ်သမားတွေ အကြောင်းကို မြန်မာပြည်က အနုပညာရှင်တွေနဲ့ ဇာတ်ကား ရိုက်ကူးတာ ဒါ ပထမဆုံးအကြိမ်လို့ ပြောရမှာပါ။
ဒီဇာတ်ကားရိုက်ကူးပြီးစီးတဲ့အခါ မြန်မာပြည်သားတွေ အားလုံး ကြည့်ရှုနိုင်အောင် ထုတ်လွှင့်ပေးဖို့ ရည်ရွယ်ပေမယ့် အသေးစိတ် အစီအစဉ်ကိုတော့ လတ်တလောမှာ အတိအကျ မပြောနိုင်သေးဘူးလို့ ဇာဂနာက ရှင်းပြပါတယ်။
“ပြည်သူတွေ ငိုနေရင် အနုပညာသည်တွေလည်း ငိုကြရမှာပဲလေ။ ပြည်သူတွေပျော်နေရင်လည်း အနုပညာသည်တွေ ပျော်ကြရမှာပဲ။ ပြည်သူတွေနဲ့ ကျနော်တို့ အနုပညာရှင်တွေဟာ တသားတည်း ဖြစ်တယ် ဆိုတာကို အမြဲတမ်းခံယူထားပါတယ်” လို့ ဇာဂနာက ပြောပါတယ်။
“တိုင်းပြည်အပြင်ကို ရောက်နေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေပဲဖြစ်ဖြစ် သူတို့ရဲ့ မိသားစုကိုပဲဖြစ်ဖြစ် ကျနော်တို့ အနုပညာသည်တွေက ဘယ်သောအခါမှ မေ့မှာ မဟုတ်ပါဘူး။ ကိုယ်နိုင်တဲ့နေရာကနေ ကျရာတာဝန်ထမ်းနေမှာပါ” လို့ ဇာဂနာက ဆက်ပြောပါတယ်။
ခရီးစဉ်အတွင်း ဆောက်လုပ်ရေး၊ ငါးဖမ်းလုပ်ငန်း၊ ရာဘာလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ မြန်မာပြည်သားတွေအကြောင်းကိုပါ မှတ်တမ်းရုပ်ရှင် ရိုက်ကူးဖို့ စီစဉ်ထားကြတာပါ။
ဇာတ်ကား ဖြစ်မြောက်ရေး စီစဉ်သူတွေထဲမှာ ဒီဒေသအတွင်း ရွှေ့ပြောင်းမြန်မာ အလုပ်သမားများရဲ့ ပညာရေး၊ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နေတဲ့ GHRE ဆိုတဲ့ အဖွဲ့လည်း ပါဝင်တယ်လို့ သိရပါတယ်။