သတင်း

ဘုရားသုံးဆူ ဓားစာခံများ လွတ်မြောက်လာ

This article has been converted from Zawgyi One to Unicode

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် မွန်လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့၏ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသော မြို့သား ဓားစာခံ ၄ ဦးကို  ဖမ်းဆီးပြီး နှစ်ရက်မြောက် နေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဖမ်းဆီးခံခဲ့ရသူများက ဧရာဝတီသို့ ပြောသည်။

ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူဒေသ (ဓာတ်ပုံ - ခင်ဦးသာ / ဧရာဝတီ)

ယခုလ ၈ ရက်နေ့က ဘုရားသုံးဆူမြို့ ရပ်ကွက်(၂)က ထမင်းဆိုင် တဆိုင်ရှိ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၇ ဦးကို လက်နက် ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားရာ လမ်းခရီး၌ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး ထွက်ပြေးသွားခဲ့၍ ကျန်ရှိ ၄ ဦးကို ယမန် နေ့က ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း လွတ်မြောက်လာသူ ကိုသက်ဦး က ပြောသည်။

“ကျနော်တို့ကို မနေ့ညနေ ၆ နာရီလောက်က ပြန်လွှတ်ပေးလိုက်တယ်။ မြို့ပေါ်ကို ည ၈ နာရီခွဲလောက်မှ ရောက်တယ်။ လမ်းပြ တယောက် ထည့်ပေးလိုက်တယ်။ နှိပ်စက်ညှဉ်းပန်းတာ ဘာညာမရှိပါဘူး။ ကောင်းကောင်းမွန်မွန် ပြန်လွှတ်လိုက်တာပါ”ဟု ကိုသက်ဦး က ဧရာဝတီသို့ ပြောသည်။

မြို့ခံများကို ဖမ်းဆီးသူ မွန်လက်နက်ကိုင်အဖွဲ့၏ ခေါင်းဆောင်မှာ နိုင်ထွန်းဖြစ်ပြီး ယခင်က မွန်ပြည်သစ် ပါတီတွင် တာဝန် ထမ်း ဆောင် ဖူးကြောင်း၊ အနားယူသွားပြီးနောက်၂၀၁၀ ပြည့်နှစ်ခန့်က စတင်ကာ ထိုင်း-မြန်မာနယ်စပ် မျက်နှာချင်းဆိုင် မြို့နှစ်မြို့ဖြစ် သော စံခလဘူရီ နှင့် ဘုရားသုံးဆူမြို့ နယ်စပ်များတွင် ဆက်ကြေးတောင်း၊ ဓားပြတိုက်မှုများပြုလုပ်နေသူဟု မွန်ပြည်သစ် ပါတီ ဘုရားသုံးဆူမြို့နယ် ဥက္ကဌ နိုင်ထောရော့ က ပြောသည်။

ထိုအဖွဲ့မှ အစိမ်းရောင် ပြောက်ကျားဝတ်စုံများနှင့် လက်နက်ကိုယ်စီ ကိုင်ဆောင်ထားသူ ၇ ဦးက ယခုလ ၈ ရက်နေ့တွင် မြို့ပေါ် အမှတ် (၂) ရပ်ကွက်သို့ဝင်ရောက်လာရာ ငုဝါ လမ်းထိပ်သို့အရောက်၌ ရဲကားနှင့် ရင်ဆိုင်တိုးသဖြင့် အနီးရှိ ထမင်းဆိုင်တွင်းမှ မြို့ခံ ၇ ဦးကို ဓားစာခံ ဖမ်းဆီးခေါ်ဆောင် သွားခြင်းဖြစ်ကြောင်း လွတ်မြောက်လာသူများက ပြောသည်။

“သူတို့က လမ်းထဲကိုဝင်လာတယ်။ တအိမ်အိမ်ကို သွားပြီး ဒုက္ခပေးဖို့နဲ့ တူပါတယ်။ ရဲကားက ပိတ်စောင့်နေတော့ သူတို့ ထွက်ပေါက် အတွက် ကျနော်တို့ကို ကောက်စွဲသွားတာပဲ။ ကျနော်တို့နဲ့ ဘာအငြိုးအတေးမှ မရှိဘူး။ ကျနော်တို့က ဆင်းရဲသားတွေပဲ။ သူတို့က ၇ ယောက်၊ အားလုံး ပြောက်ကျား ဝတ်စုံတွေနဲ့ပဲ၊ သူတို့က အရင် မွန်ပြည်သစ်တပ်ဖွဲ့ကလို့ ပြောတာပဲ”ဟု လွတ်မြောက်လာသူ အခြားတဦး ကလည်း ပြောသည်။

ယမန်နေ့ညက လွတ်မြောက်လာသူ ၄ ဦးအား ဘုရားသုံးဆူ မြို့ခံ စစ်တပ်၊ ရဲနှင့် အာဏာပိုင်အဖွ့ဲများက ခေါ်ယူ မေးမြန်းမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

“ကျနော်တို့ကို တောထဲခေါ်သွားတယ်။ သူတို့စခန်းတော့ မတွေ့ခဲ့ဘူး။ သူတို့နေတာတောင် သစ်ပင်ကို ပုခက်ကလေးတွေချည်ပြီး အိပ်ကြတာ ကျနော်တို့ကတော့ မြေကြီးပေါ်မှာပဲအိပ်ခဲ့ကြရတယ်။ မနက်ဆိုရင်တော့ သူတို့စားတဲ့အတိုင်း စားရတယ်။ ငါးတွေ ဘာတွေဖမ်းပြီး ကျနော်တို့ိကိုချက်ကြွေးတယ်၊ နှိပ်စက်တာ ဆဲတာတို့ မလုပ်ဘူး။ သူတို့အတွက် လုံခြုံလောက်ပြီဆိုမှ ကျနော်တို့ကို ပြန်လွှတ်ပေးလိုက်တာပါ”ဟု ပြန်လွတ်လာသူ ကိုသက်ဦး က ပြောသည်။

မွန်ပြည်သစ် ထိန်းချုပ်ရာနယ်မြေများအတွင်း၌ နိုင်ထွန်းနှင့်အဖွဲ့က ဆက်ကြေးတောင်း၊ ဓားပြတိုက်ခြင်းများကြောင့် ဒေသအချို့တွင် မွန်ပြည်သစ်ကို အထင်မှားခြင်းများ ရှိနေသဖြင့် ရှင်းလင်းမှုများပြုလုပ်နေရကြောင်း၊ ထို့ကြောင့် နိုင်ထွန်းနှင့်အဖွဲ့ကို မွန်ပြည် သစ် က ချေမှုန်းရန် ခြေရာခံ လှုပ်ရှားနေပြီဖြစ်ကြောင်း သိရသည်။

“သူတို့ရှိတဲ့အတွက်ကြောင့် ကျနော်တို့ကို ပြည်သူတွေက သံသယ မျက်လုံးတွေနဲ့ အကြည့်ခံရတဲ့ ပုံစံမျိုးတွေရှိတာပေါ့နော်။ ကျနော်တို့ဘက်ကတော့ အတတ်နိုင်ဆုံး ရွာသားတွေကို ဒီအဖွဲ့နဲ့ မပတ်သက်ဘူး၊ မဆိုင်ဘူးဆိုတာ ရှင်းပြတယ်။ ကျနော်တို့ မွန်ပြည် သစ် ပါတီကလည်း သူတို့အဖွဲ့ကို ချေမှုန်းဖို့ ခြေရာခံလှုပ်ရှားနေတယ်”ဟု နိုင်ထောရော့ က ပြောသည်။

ဘုရားသုံးဆူမြို့သည် မကြာခဏ ဗုံးပေါက်ကွဲမှု၊ ပစ်ခတ်မှု၊ ဓားပြတိုက်မှုများ ဖြစ်ပွားနေခြင်း၊ မြို့ပေါ်တွင် အမည်မသိ လက်နက် ကိုင် တပ်များ၏ လှုပ်ရှားသွားလာမှုများကြာင့် မြို့ခံများကလည်း စိုးရိမ်နေကြသည်။

ယမန့်နေ့ည ၉ နာရီခန့် ကလည်း မြို့လယ်ရှိ ဥဒေါင်းကန်ပွဲဈေးနှင့် ကိုက် ၁၀၀ ခန့်တွင် အမည်မသိ လက်နက်ကိုင် နှစ်ဖွဲ့ ပစ်ခတ်ကြပြီး ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာ ရရှိသွားကြောင်း ဒေသအခြေစိုက် မွန်ပြည်သစ် ပါတီ ဆက်ဆံရေးရုံးနှင့် မြို့ခံမျက်မြင်များက ပြောသည်။

“တစ်ဖက် ၅ ယောက်လောက်ရှိတဲ့ ကရင်အဖွဲ့တွေပဲ နှစ်ဖက်ပစ်ကြရင်းနဲ့ KPDF ဆိုတဲ့အဖွဲ့က ဗိုလ်ကြီး ရဲနိုင် ဆိုတဲ့ တယောက် ကျသွားတယ်။ ဘာပြဿနာဖြစ်ကြလည်းတော့ မသိဘူး။ ခုချိန်မှာ အဖွဲ့တွေနာမည်တွေက ဒီမှာ အရမ်းများတယ်။ ၃-၄ ယောက် တဖွဲ့၊ ၁၀ ယောက်တဖွဲ့ ငြိမ်းချမ်းရေးယူထားတော့။ ဘာအဖွဲ့တွေမှန်း ကျနော်တို့တောင် မသိတော့ဘူး”ဟု နိုင်ထောရော့ က ပြောသည်။

ပစ်ခတ်မှုများဖြစ်ပွားခဲ့သည့် နေရာအနီး၌ တစ်ပတ်ခန့်ကြာပြီဖြစ်သော ဥဒေါင်းကန် ပွဲဈေးတွင် လောင်းကစားဝိုင်း မျိုးစုံ ခင်းကျင်း ထားကြောင်း၊ မြို့ခံမဟုတ်သော လူစိမ်းပေါင်းစုံကိုလည်း တွေ့ရှိရကြောင်း မြို့ခံများက ပြောဆိုကြသည်။

Loading