ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်ရန် စိတ်ဝင်စားခံနေရသော မြန်မာနိုင်ငံ၌ ဟိုတယ်ခဈေးနှုန်းများ ရုတ်တရက် ၂ ဆခန့် မြင့်တက် သွားခြင်းကြောင့် ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်မှု ထိခိုက်နိုင်ကြောင်း ပြောဆိုဝေဖန်မှုများ ထွက်ပေါ်နေသည်။
ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများဟိုတယ်၊ ချတ်ထရီယန် (Chatrium) ဟိုတယ်၊ ပတ်ခ်ရွိုင်ရယ် (Park Royal) ဟိုတယ်၊ ကန်တော်ကြီး ပဲလေ့စ် ( Kandawgyi Palace) ဟိုတယ်၊ စထရင်းဟိုတယ်၊ ဆီဒိုနားဟိုတယ်စသည့် နိုင်ငံခြားခရီးသွားများ တည်းခိုနိုင်သော ဟိုတယ်ကြီးများမှာ တည်းခိုခ တရက်လျှင် အမေရိကန်ဒေါ်လာ ၈၀ ခန့်မှ ဒေါ်လာ ၂၀၀ နီးပါး မြင့်တက်သွားကြောင်း၊ လာမည့်ခရီးသွားရာသီတွင် ဒေါ်လာ ၃၅၀ ခန့်အထိ မြင့်တက်နိုင်ကြောင်း ပြည်တွင်းအခြေစိုက် ခရီးသွား ကုမ္ပဏီများထံမှ စုံစမ်းသိရသည်။
ဈေးနှုန်းများ မြင့်တက်သွားသောကြောင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသည်များကို လက်ခံနိုင်ခြင်း မရှိသေးသကဲ့သို့ ဟိုတယ်များကလည်း မည်သည့်နှုန်းထားဖြင့် လက်ခံမည်ကို ပြောဆိုသတ်မှတ်ပေးခြင်း မရှိသေးကြောင်း၊ ထ့ိုကြောင့် ခရီးသွားလုပ်ငန်းတွင် အခက်အခဲများ ဖြစ်ပေါ်လာနိုင်ကြောင်း ပြည်တွင်းအခြေစိုက် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများက ဆိုသည်။
“အခါတိုင်းဆို ဟိုတယ်ခ ဈေးနှုန်းတွေ ထွက်လာပြီ၊ ပြည်ပမှာရှိတဲ့ ခရီးသွားကုမ္ပဏီတွေကလည်း ခရီးသွား လက်ခံနေပြီ။ ဒါပေမယ့် ဒီနှစ်တော့ ဟိုတယ်တွေက ဈေးနှုန်း မသတ်မှတ်သေးဘူး။ ဈေးတက်ဦးမယ့် သဘောပဲ”ဟု ရန်ကုန်ရှိ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ ဒေါ်သီတာနိုင်က ပြောသည်။
ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်သည့် ရေမြေတောတောင်သဘာဝရှိသော မြန်မာနိုင်ငံတွင် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ဖွံဖြိုးရေးမှာ အထူးအရေးကြီးကြောင်း၊ ရုတ်တရက် ဈေးနှုန်းများ မြှင့်တင်လိုက်ခြင်းကြောင့် ကမ္ဘာလှည့်ခရီးသည်များအနေဖြင့် လာရောက်လည်ပတ်ရန် တွန့်ဆုတ်သွားနိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံသို့ လာရောက်မည့် ခရီးသည်များမှာ ပြည်ဝင်ခွင့်ဗီဇာ၊ ဟိုတယ်၊ ကား၊ ဧည့်လမ်းညွှန်စသည့် ကိစ္စရပ်များကို ၆ လခန့် ပြည်တွင်းအခြေစိုက် ခရီးသွားကုမ္ပဏီများနှင့် ကြိုတင်ဆောင်ရွက်ရသည်။
ထိုသို့ ဈေးနှုန်းများ ကမောက်ကမ ဖြစ်ပွားခြင်းမှာ ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်သည့် ကမ္ဘာလှည့် ခရီးသွားဦးရေမှာ များပြားပြီး တည်းခိုနိုင်သည့် ဟိုတယ် နည်းပါးခြင်းကို အခွင့်ကောင်းယူ၍ ဈေးနှုန်းမြှင့်တင်ခြင်း၊ ယခင်အရှုံးပေါ်နေသည့် ဟိုတယ်လုပ်ငန်း ကုန်ကျစရိတ်ကို ကာမိစေရန် တိုးမြှင့်ကောက်ခံခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း လေ့လာသူများက ဆိုသည်။
ရန်ကုန်မြို့ရှိ ဧည့်လမ်းညွှန်တဦးဖြစ်သော ကိုမောင်မောင်စိုးက မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ဟိုတယ်ခ ဈေးနှုန်းများမှာ အရှေ့တောင်အာရှတွင် အမြင့်ဆုံးဈေးနှုန်းများဖြစ်နေပြီး ထိုင်း၊ စင်ကာပူ စသည့် နိုင်ငံများမှ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်ကြီးများနှင့် တန်းတူနီးပါးဖြစ်နေကြောင်း၊ ပြည်ပခရီးသွားလုပ်ငန်း ဈေးကွက်တွင် အကျပ်ရိုက်နိုင်ကြောင်း ဝေဖန်ပြောဆိုသည်။
“ပြည်တွင်းအေးဂျင့်က အခုတက်ဈေးနဲ့ သတ်မှတ်ပြီး ပြည်ပအေးဂျင့်ကို ရောင်းမယ်၊ သူကလည်းဈေးတင်ပြီးတော့ တခြား အေးဂျင့်လေးတွေကို တဆင့် တဆင့်ရောင်းမယ်။ အရှေ့တောင်အာရှမှာ အများဆုံးဖြစ်နေရင် ဘယ်လာတော့မလဲ” ဟု ကိုမောင်မောင်စိုးက ပြောသည်။
ထိုသို့ဈေးနှုန်းများ မြင့်တက်မှုကို ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနမှ ဝင်ရောက်ညှိနှိုင်းပေးသော်လည်း မအောင်မြင်ကြောင်း၊ ဈေးနှုန်းမြင့်တက်မှု၏ နောက်ဆက်တွဲအဖြစ် သယ်ယူပို့ဆောင်ရေး၊ ဧည့်လမ်းညွန်စသည့် ကဏ္ဍများတွင်လည်း မြင့်တက်လာနိုင်ကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA) ၏ အတွင်းရေးမှူး ဦးတင်ထွန်းအောင်ကလည်း ကမ္ဘာလှည့် ခရီးသွားများ လာရောက်မှု များပြားလာချိန်တွင် တည်းခိုခဈေးနှုန်းများ မြင့်တက်ခြင်းမှာ မဖြစ်သင့်ကြောင်း၊ ရေရှည်တွင် မြန်မာခရီးသွားလုပ်ငန်းကို ထိခိုက်နိုင်သည့်အတွက် ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့် ထိန်းချုပ်ရန်လိုကြောင်း ပြောဆိုသည်။
မကြာသေးမီရက်ပိုင်းက အာဏာရှင်ဟောင်း ဦးနေဝင်း၏သမီး ဒေါ်စန္ဒာဝင်းပိုင် နဝရတ်ဟိုတယ် အပါအဝင် ပိတ်ထားသည့် ဟိုတယ်တချို့ကို ပြန်လည်ဖွင့်ခွင့်ပေးခဲ့သည်။ ထိုအပြင် တည်းခိုခန်းတချို့ကို အဆင့်မြင့် ပြင်ဆင်မှုများ ပြုလုပ်စေပြီး ဟိုတယ်ဖွင့်ခွင့်ပေးခြင်းများလည်း ပြုလုပ်ခဲ့သေးသည်။
မြန်မာနိုင်ငံတွင် ဟိုတယ်အများစုမှာ ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး စသည့် ဒေသများတွင် သာတည်ရှိကြပြီး မကြာသေးမီက နိုင်ငံခြားသားများ သွားရောက်ခွင့်ပြုခဲ့သည့် ချင်းပြည်နယ် ဟားခါးမြို့၊ မင်းတပ်၊ ကန်ပက်လက် စသည့် တိုင်းရင်းသား နယ်မြေများတွင် မရှိသလောက်နည်းပါးသည်။
လေ့လာသူများကမူ တည်းခိုရန် မလုံလောက်သည့် ပြဿနာကို ဖြေရှင်းရန် တခြားသော အိမ်နည်းချင်းနိုင်ငံများတွင် ကျင့်သုံးနေသည့် Home Stay ခေါ် ရပ်ရွာများရှိ ဒေသခံနေအိမ်များတွင် အခပေး တည်းခိုနေထိုင်သည့် စနစ်ကို အသုံးပြုသင့်ကြောင်း အကြံပေးမှုများလည်း ရှိနေသည်။
UMTA အတွင်းရေးမှူး ဦးတင်ထွန်းအောင်ကမူ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနအနေဖြင့် လောလောဆယ်တွင် Home Stay စနစ်ကို ကျင့်သုံးမည်ဟု ပြောဆိုမှု မရှိသေးသော်လည်း တိုင်းရင်းသားများ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို အများသိရှိနိုင်ရန်နှင့် ပြည်နယ်များ ဖွံဖြိုးတိုးတက်ရေး လိုအပ်ကြောင်း ပြောသည်။
“Home Stay လုပ်မယ်ဆိုရင် အားလုံး ပါဝင်ဆောင်ရွက်ရမယ်။ နိုင်ငံတကာ ဧည့်သည်တွေ လက်ခံနိုင်တဲ့ သန့်ရှင်းရေးရှိရမယ်။ လူမျိုးတဦးစီရဲ့ ဘာသာစကား စရိုက်၊ ယဉ်ကျေးမှု ကွာခြားတာကို သိဖို့ ပညာပေးအစီအစဉ်တွေ အများကြီးလိုတယ်” ဟု ဦးတင်ထွန်းအောင်က ထောက်ပြသည်။
၂၀၁၀–၂၀၁၁ ခုနှစ် ခရီးသွားရာသီတွင် မြန်မာနိုင်ငံသို့ လာရောက်သည့် ကမ္ဘာလှည့်ခရီးသွား ဦးရေမှာ ၃ သိန်းခန့်ရှိပြီး အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ၁၅ သန်း၊ ဗီယက်နမ်သို့ ၅ သန်း၊ ကမ္ဘောဒီးယားသို့ ၃ သန်း၊ လာအိုနိုင်ငံသို့ ၁ သန်းခန့် လာရောက်ကြောင်း ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာန၏ ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည် ။
ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ဝင်ရောက်ပြီးသည့်နောက် အမေရိကန်အပါအဝင် ဥပရောပနိုင်ငံများက ပိတ်ဆို့ အရေးယူမှုတချို့ကို ရုတ်သိမ်းပေးလိုက်ရာ မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်များ အများအပြား လာရာက်လည်ပတ်လျက်ရှိသည်။ လာမည့်ခရီးသွားရာသီတွင် ကမ္ဘာလှည့်ခရီးသွား ဦးရေ ၁ သန်းခန့် လာရောက်မည်ဟု ခန့်မှန်းနေကြသည်။