သတင်း

အစိုးရနှင့် မူးယစ်ဆေး ပူးပေါင်းနှိမ်နင်းရန် SSA အသင့်ရှိ

This article has been converted from Zawgyi One to Unicode

ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S)သည် မကြာသေးခင်က ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေး ကော်မတီနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကော်မတီ ၂ ရပ်ကို ဖွဲ့စည်းခဲ့ပြီး အစိုးရနှင့် ပြည်ထောင်စုအဆင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။

ဖေဖော်ဝါရီ ၇ ရက်က ကျင်းပသည့် ၆၅ နှစ်မြောက် ရှမ်းအမျိုးသားနေ့ အခမ်းအနားတွင် တွေ့ရသော SSA-S တပ်ဖွဲ့ဝင်များ(ဓာတ်ပုံ - Reuters)

မေလ ၇ ရက်နေ့က SSA တောင်ပိုင်း ဌာနချုပ်တည်ရှိရာ လွယ်တိုင်းလျန်းတွင် ယင်းကော်မတီများကိုဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်၂၀ ကျော် ပါဝင်သည်ဟု SSA တောင်ပိုင်း ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောင်ဆိုင်း က ဧရာဝတီသို့ ပြောသည်။

“ဖွဲ့စည်းရတဲ့ အကြောင်းကတော့ ဒီလထဲမှာ အစိုးရနဲ့ ပြည်ထောင်စု အဆင့် ဆွေးနွေးဖို့ရယ်၊ မူးယစ်ဆေးဝါးကိစ္စ ပူးပေါင်းတိုက်ဖျက် သွားဖို့ ကိစ္စ၊ အဲဒါတွေ အကောင်အထည် ဖော်ဖို့ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

နှစ်ဖက် ကိုယ်စားလှယ်များ တွေ့ဆုံမည့်နေရာကို အတိအကျ သတ်မှတ်ထားခြင်း မရှိသေးသော်လည်း ယခုမေလအတွင်း တွေ့ ဆုံးရန် သတ်မှတ်ထားပြီး ယင်း ကော်မတီ ၂ ဖွဲ့ကို SSA တောင်ပိုင်းတပ်ဖွဲ့မှ ဗိုလ်မှူးချုပ် ပေါင်ခေးက ဦးဆောင်မည် ဖြစ်သည်။

အစိုးရတပ်များ၏ နယ်မြေစိုးမိုးရေး အတွက် တိုက်ပွဲများ ဆင်နွဲနေမှု အပေါ် အဓိက ဆွေးနွေးသွားရန် ရှိသည်ဟု ဗိုလ်မှူး စိုင်း လောင်ဆိုင်းက ဆက်ပြောသည်။

အစိုးရနှင့် SSA တောင်ပိုင်း တပ်ဖွဲ့ဝင်များ အကြား အပစ်အခတ် ရပ်စဲရေးနှင့် နယ်မြေသတ်မှတ်မှုများ သဘောတူညီမှု ရရှိထား သော်လည်း ယခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းတွင် အစိုးရတပ်က SSA တောင်ပိုင်းတပ်များကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ် သည်။

SSA တောင်ပိုင်း တပ်ဖွဲ့ဝင်များသည် ယခင်က ဦးအောင်မင်း ခေါင်းဆောင်သော အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ ကိုယ် စားလှယ်များနှင့် အပစ်အခတ် ရပ်စဲထားသည်။

သို့သော် အစိုးရက အသစ်ပြန်လည် ဖွဲ့စည်းထားသော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်း ကော်မတီအဖွဲ့များနှင့် တွေ့ဆုံရန်ကိုမူ မသိရှိရသေးပေ။

“ဘယ်လိုပဲ ပြန်လည် ဖွဲ့စည်း ဖွဲ့စည်း အဓိက ကျနော်တို့ တိုင်းရင်းသားတွေရဲ့အရေးကို အစိုးရက နားလည်မှုရှိပြီးတော့ ဒီတွေ့ဆုံ ဆွေးနွေးတဲ့နေရာမှာ လွယ်ကူအောင် ကျနော်တို့ တောင်းဆိုနေတဲ့ ကိစ္စရပ်တွေကို ဖြေရှင်းပေးမှပဲ အဆင်ပြေကြမှာပါ၊ နှစ်ဖက် စလုံး အစိုးရက တောင်းဆိုတဲ့ အတိုင်း ကျနော်တို့ လိုက်ရောဖို့၊ စဉ်းစားဖို့ လိုအပ်သလို၊ ကျနော်တို့ တောင်းဆိုတဲ့ အပိုင်းမှာလည်း စဉ်းစားပေးဖို့၊ အဲဒီလို ဖြစ်မှသာလျှင် နှစ်ဦး နှစ်ဖက် အဆင်ပြေကြမှာပါ”ဟု ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းဖော်ဆောင်ရေး ကော်မတီနှစ်ရပ်ကို မေလ ၃ ရက်က အထူး ညွှန်ကြားချက်ဖြင့် အစိုးရက ဖွဲ့စည်းခဲ့သည်။

သမ္မတ ဦးသိန်းစိန် ဦးဆောင်သော ဗဟိုကော်မတီအနေနှင့် မူဝါဒများချမှတ်ခြင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် နိုင်ငံရပ်ခြား အဖွဲ့အစည်းများနှင့် ဆက်ဆံခြင်း၊ ရန်ပုံငွေ ထူထောင် သုံးစွဲခြင်းများနှင့် လုပ်ထုံးလုပ်နည်းများကို ရေးဆွဲပြဋ္ဌာန်းမည် ဖြစ်ကြောင်း သိရှိရသည်။

အစိုးရနှင့် SSA တောင်ပိုင်းတပ်ဖွဲ့များ အပစ်အခတ်ရပ်စဲရေး နှစ်ဘက် သဘောတူစာချုပ်ကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလဆန်းပိုင်းက တောင်ကြီးမြို့တွင် လက်မှတ်ရေးထိုးခဲ့ပြီး ဦးအောင်မင်း ခေါင်းဆောင်သော ငြိမ်းချမ်းရေး အဖွဲ့နှင့် အချက် ၁၁ ချက်ပါ သဘော တူညီချက်ကိုလည်း တလအတွင်း လက်မှတ် ရေးထိုးနိုင်ခဲ့သည်။

Loading