The Voice ဂျာနယ်တွင် ဖော်ပြခဲ့သည့် “ဝန်ကြီးဌာန အချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ”ဟူသော သတင်း နှင့် ပတ်သက်၍ သတ္ထုတွင်း ဝန်ကြီးဌာနက အယ်ဒီတာချုပ်၊ ထုတ်ဝေသူနှင့် သတင်းရေးသားသူ တို့ကို အသရေဖျက်မှုဖြင့် တရားစွဲဆိုထားရာ မေလ၂၃ ရက်နေ့တွင် အပြီးသတ်ကြားနာ အမိန့်ချမှတ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
မေလ ၁၁ ရက် စတုတ္ထအကြိမ်မြောက် ရုံးချိန်းတွင် သတင်းရေးသားသူအား ဖော်ထုတ်ရန် သတ္တုတွင်းဝန်ကြီးဌာနမှ တောင်းဆိုခဲ့ရာ စာနယ်ဇင်း ကျင့်ဝတ်နှင့် အခြေခံဥပဒေပါ ပြဌာန်းချက်များအရ ဖော်ထုတ်ခွင့် မရှိကြောင်း The Voice Weekly ၏ အကျိုးဆောင် ရှေ့နေ ဦးသိန်းညွှန့်က လျှောက်လဲချက် ပေးခဲ့ကြောင်း သိရသည်။
သတ္ထုတွင်းဝန်ကြီးဌာန၏ ရှေ့နေက ငွေကြေးအလွဲသုံးစားပြုသည်ဆိုသော အရေးအသားသည် သတ္တုတွင်း ဝန်ကြီးဌာန၏ ဂုဏ် သိက္ခာကို ထိခိုက်စေပြီး သတင်းရေးသားသူတွင် တာဝန်ရှိသည့်အတွက် သတင်းရေးသားသူ၏ အမည်ကို ဖော်ထုတ်ပေးရန် တောင်းဆိုခြင်း ဖြစ်သည်ဟု ဆိုသည်။
ရှေ့နေ ဦးသိန်းညွှန့်က“အယ်ဒီတာချုပ် တယောက်အနေဖြင့် သတင်းစာကျင့်ဝတ်ကို လေးစားလိုက်နာသောအားဖြင့် သတင်းရင်းမြစ်နှင့် သတင်းရေးသားသူအမည်ကို ထုတ်ဖော်ပြောဆို၍ မရကြောင်း၊ စာနယ်ဇင်းကျင့်ဝတ် အမှတ်စဉ် ၅ တွင်ပါရှိသည့် သတင်း စာ သမားတို့သည် မိမိကိုယုံကြည်၍ ထုတ်ဖော်ပြောဆိုလိုက်သော သတင်းရင်းမြစ်တို့၏ လုံခြုံရေးကို အလေးထားသောအားဖြင့် အထူးသိပ်သည်းလျှို့ဝှက်ထားရမည်”ဆိုသည့် အချက်များဖြင့် ရှင်းပြလျှောက်လဲခဲ့ကြောင်း သိရသည်။
“သတင်းက တကယ်တော့ အစိုးရအဖွဲ့ကို၊ ဝန်ကြီးဌာနတချို့ကို ဆော်ဖို့ နှက်ဖို့ အပြစ်တင်ဖို့ ရေးလိုက်တာမဟုတ်ပါဘူး။ အာဏာ သုံးရပ်နဲ့ မီဒီယာတွေက နိုင်ငံတော်နဲ့ နိုင်ငံသားအားလုံးအပေါ်မှာ ပွင့်လင်းမြင်သာဖို့လိုပါတယ်။ တစ်နည်းအားဖြင့် ပြောမယ် ဆိုရင် တော့ ရိုးသားဖြောင့်မတ်ဖို့လိုပါတယ်။ ဝန်ကြီးဌာနတချို့မှာ အလွဲသုံးစားမှုတွေရှိကြောင်း စာရင်းစစ်ချုပ်ရုံးရဲ့ အစီအရင်ခံစာက ပွင့် လင်းမြင်သာမှုအစလို့ ကျနော်တို့ယူဆပါတယ်။ အဲဒါကြောင့် အစိုးရအဖွဲ့ဟာဆိုရင်တော့ အခုလိုပွင့်ပွင့်လင်းလင်းနဲ့ အသိပေး လာ ပါပြီလို့ ပြည်သူလူထုကို အသိပေးလိုက်တာပါ။ ဒီအတွက် ကျနော်တို့ လိပ်ပြာသန့်ပါတယ်”ဟု The Voice Weekly ဂျာနယ်၏ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောသည်။
မေလ ၅ ရက်နေ့က ရန်ကုန်မြို့ Western Park Ruby တွင် ပြုလုပ်သည့် World Press Freedom Day အထိမ်းအမှတ် ညစာစားပွဲတွင် ၎င်းက ထိုသို့ ပြောကြားခြင်း ဖြစ်သည်။
အစိုးရဝန်ကြီးဌာနနှင့် မီဒီယာ တရားရင်ဆိုင်ရသော ကိစ္စသည် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေး မဏ္ဍိုင်တို့၏ အားပြိုင်မှု၊ အစိုးရအဖွဲ့အတွင်းရှိ ပြုပြင်ပြောင်းလဲလိုသူများနှင့် နောက်ပြန်ဆွဲလိုသူများ၏ အားပြိုင်မှုဟု ရှုမြင်ကြောင်း ၎င်းက ဆက်ပြောသည်။
The Voice Weekly ဂျာနယ်ဘက်မှ စာနယ်ဇင်းကျင့်ဝတ်၊ အခြေခံဥပဒေပါ လွတ်လပ်စွာရေးသားဖော်ထုတ်ခွင့် ဆိုင်ရာ ပြဌာန်းချက် များဖြင့် လျှောက်လဲပြီး အမှုကို ပလပ်ရန်ကြိုးစားနေကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် မတ်လ အတွင်းက ထုတ်ဝေသော The Voice Weekly ဂျာနယ်၌ သတ္တုတွင်း ဝန်ကြီးဌာန အမှတ် (၁) သတ္တုတွင်း လုပ်ငန်း၏ မုံရွာ ကြေးနီ စီမံကိန်းမှ အစုရှယ်ယာ ၅၀ ရာခိုင်နှှုန်းကို ဒေါ်လာ သန်း ၁၀၀ ဖြင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်သို့ ရောင်းချခဲ့သည့် ဖြစ်စဉ်တွင် ငွေပေးချေမှုများအား ဦးပိုင်လီမီတက်က ပေးဆောင်ရမည့်အစား နိုင်ငံခြား ကုမ္ပဏီတခုမှ ပေးဆောင်ခဲ့ခြင်းများ ပါဝင်ကြောင်း သတင်းအချက်အလက်များနှင့် ပတ်သက်ပြီး တရား ရင်ဆိုင်နေရခြင်း ဖြစ်သည်။
The Voice Weekly ဂျာနယ်၏ သတင်းသည် ပြည်ထောင်စု စာရင်စစ်ချုပ်ရုံး၏ အစီရင်ခံစာအား ကိုးကား၍ ရေးသားထားခြင်း ဖြစ် သည်။
၂၀၁၁ ခုနှစ်အတွင်း ဆဲဗင်းဒေး သတင်းထောက် မအေးသူစံနှင့် ရုပ်ရှင် သရုပ်ဆောင် ထက်ထက်မိုးဦး၊ Hot News ဂျာနယ် အယ်ဒီတာချုပ် မမ နှင့် ရွှေဂုံတိုင် အထူးကုဆေးရုံ တို့ဖြစ်ပွားခဲ့သော အမှုများသည် မီဒီယာများ ရင်ဆိုင်ခဲ့ရသော အမှုအခင်းများဖြစ် သည်။ ထို အမှုအခင်း ၂ ခု စလုံးတွင် တရားရေး မဏ္ဍိုင်၏ ရပ်တည်ချက်ကို မီဒီယာဘက်က အားမရခဲ့ပေ။