မြန်မာပြည်သူများသည် ယခင်အစိုးရများ၏ လုပ်နည်းလုပ်ဟန်များကို လက်မခံဘဲ အပြောင်းအလဲများ အထူးလိုလားသည်ကို ကြားဖြတ်ရွေးကောက်ပွဲတွင် သက်သေပြခဲ့ပြီး အစိုးရသစ်အနေနှင့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရာတွင် ရှေးရိုးစွဲ၊ ခေတ်နောက်ပြန်ဆွဲသည့် အမြင်ရှိသူများကို ချန်ထားခဲ့မည်ဖြစ်ကြောင်း
သမ္မတ ဦးသိန်းစိန်က ပြောဆိုလိုက်သည်။
နေပြည်တော်တွင် မေလ ၁၁ ရက်နေ့က ကျင်းပသော နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးများကို ပိုမို ထိရောက်စွာ ပြုပြင်ပြောင်းလဲ ကြိုးပမ်း ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန်က အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်ကြောင်း အသစ်လွှင့်တင်လိုက်သော နိုင်ငံတော်သမ္မတရုံး ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။
“ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ အတွေ့အကြုံအရ ဒီနေ့ ပြည်သူတွေရဲ့ ဆန္ဒက အပြောင်းအလဲကို လိုချင်ပြီး ကျနော်တို့ အစိုးရရဲ့ အောက်ခြေ ရပ်ကွက် ကျေးရွာအဆင့်မှ မြို့နယ်၊ တိုင်းဒေသကြီး/ ပြည်နယ်မှ ပြည်ထောင်စု အဆင့်အထိ ရှေးယခင် လုပ်နည်းလုပ်ဟန်တွေအတိုင်း လုပ်ကိုင်ဆောင်ရွက် နေကြတာကို မကြိုက်တော့ဘူးဆိုတဲ့ အနေအထားကို ပြသခဲ့ခြင်း ဖြစ်ပါတယ်။ ဒါ့ကြောင့် Reform ကို ထိထိရောက်ရောက် ပြောင်းလဲ လုပ်ရမယ်ဆိုတဲ့သဘော ဖြစ်ပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ဆိုသည်။
အစိုးရသစ်အနေနှင့် လမ်းများဆောက်၊ တံတားဖောက် စသည့် ဖွံ့ဖြိုးရေးစီမံကိန်းများသည် ပြည်သူလူထု၏ လိုအပ်ချက်ကို
မထိတွေ့နိုင်ဘဲဖြစ်နေကြောင်း၊ အစိုးရသစ်အနေနှင့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာတွင် ပြည်သူများ အဆင်ပြေစေရေး ထိရောက်စွာ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ဦးသိန်းစိန်က ပြောသည်။
၎င်းက “မြန်မာနိုင်ငံမှာ လူဦးရေအများဆုံးဖြစ်တဲ့ ရန်ကုန်မြို့တော်ဟာ တနိုင်ငံလုံး လူဦးရေရဲ့ ၁၀ ပုံ ၁ ပုံ ရှိပြီး ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ နှိုင်းယှဉ်ရင် များစွာကွာဟနေမှုအပေါ် အားမလိုအားမရဖြစ်တဲ့ လူတန်းစားအလွှာတွေ ရှိသလို၊ ထက်ဝက်ကျော်သော မြို့လူထုရဲ့ နေထိုင်ရာ ရပ်ကွက်တွေဟာ ပျဉ်ကာ၊ ထရံကာ မီးဘေးစိုးရိမ်ရတဲ့ အဆင့်ကနေ တိုက်တာပေါ် မတင်နိုင်သေးတဲ့ အနေအထားတွေ၊ သူတို့ရဲ့ ရေလိုအပ်ချက်၊ မီးလိုအပ်ချက်တွေ၊ သွားလာရေးမှာလည်း ဘတ်စ်ကား ကြပ်တည်းမှုနဲ့ လုပ်ငန်းခွင်သွားဖို့ မနက်ပိုင်းမှာ နှစ်နာရီလောက် သွားလာရေးအတွက် အချိန်ကုန်ရသလို၊ လုပ်ငန်းခွင်က အပြန်မှာလည်း ညမိုးချုပ်မှ အိမ်ပြန်ရောက်၊ မနက်မိုးလင်း အစောကြီး ပြန်သွား၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလို့ မကျေမနပ် အားမလိုအားမရဖြစ်နေတဲ့ လူတန်းစားအလွှာတွေ ရှိနေတာ တွေ့ရမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
လမ်းဘေးဈေးသည်များကို အာဏာပိုင်များက တားမြစ်မှု၊ မြို့တွင်းကားရပ်ရန် နေရာရှားပါးမှု စသည့်ပြဿနာများအထိ ပြောင်းလဲအောင် စီမံရမည်ဟု သမ္မတ ဦးသိန်းစိန်က ထည့်သွင်းပြောကြားသည်။
လတ်တလော အစိုးရအနေနှင့် ပြုပြင်ပြောင်းလဲရေး ဗဟာဗျူဟာ ဒုတိယအဆင့်ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ခပ်သွက်သွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုးတက်လိုသော ဆန္ဒရှိသော်လည်း အလုပ်မလုပ်ကြလျှင် တိုးတက်နိုင်မည် မဟုတ်ကြောင်းလည်း သမ္မတ ဦးသိန်းစိန်က ပြောသည်။
မြန်မာနိုင်ငံတွင် တနှစ်အသားတင် ထုတ်ကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၅၅.၉ ဘီလီယံသာရှိပြီး နိုင်ငံတကာချေးငွေမှာလည်း ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင် အမေရိကန် ဒေါ်လာ ၆.၃၈၁ သန်း၊ ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ဝ.၀၁၈ သန်းသာရရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာလည်း တနှစ်လျှင် အမေရိကန်ဒေါ်လာ ပျမ်းမျှ ၃ ဘီလီယံသာရှိကြောင်း သိရှိရသည်။
“အဆင်းရဲဆုံး LDC နိုင်ငံဘဝက ရုန်းထွက်နိုင်ဖို့အတွက် တခုတည်းသော နည်းလမ်းဟာ ဥပဒေနဲ့အညီ အလုပ်လုပ်ကြဖို့ ဖြစ်ပါတယ်။ ယခု ကောင်းမွန်တဲ့ မူတွေ ချပေးပြီးဖြစ်ပါတယ်။ မူတွေကောင်းသော်လည်း လူတွေမကောင်းရင် မအောင်မြင်နိုင်ပါဘူး။
တိုးတက်လိုတဲ့အမြင်မရှိတဲ့ ရှေးရိုးစွဲတွေ၊ ခေတ်နောက်ပြန် ဆွဲလိုသူတွေကိုတော့ နောက်မှာ ချန်ထားခဲ့ရပါမယ်။ ခေတ်စနစ်တွေ ပြောင်းလဲနေပြီ ဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ ဟန်ချက်ညီစွာ စီးပွားရေးကဏ္ဍကို ကျနော်တို့ တွန်းတင်ရပါမယ်” ဟု ဦးသိန်းစိန်က ဆိုသည်။
သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်သည် ခေါင်းမာဂိုဏ်းသားဟု အများက ယူဆသည် ဒုသမ္မတ ဦးတင်အောင်မြင့်ဦး နုတ်ထွက်စာ တင်ထားသည့်အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
သမ္မတ ဦးသိန်းစိန် ပြောဆိုသော မိန့်ခွန်းအပြည့်အစုံကို ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ဝေသော သတင်းစာများ၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုများက အပြည့်အစုံ ဖော်ပြခြင်းမပြုဘဲ အရေးကြီးသော သတင်းအချက်အလက်များကို ချန်ထားခဲ့ကြောင်း သိရှိရသည်။