အစိုးရက ကားတင်သွင်းခွင့် မူဝါဒသစ် ချမှတ်၍ ပြည်သူတိုင်း ကားတင်သွင်းခွင့်ပေးလိုက်ပြီး နောက်ပိုင်း အမေရိကန် ဒေါ်လာ တန်ဖိုး မြင့်တက်သွားကြောင်း ဈေးကွက်အတွင်းမှ သတင်းရသည်။
မေလ ၇ ရက်နေ့မှစတင်၍ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့၌ နိုင်ငံ ခြားငွေစာရင်း ဖွင့်လှစ်ထားသော နိုင်ငံသားများသည်၂၀၀၇ ခုနှစ်အထက် မော်ဒယ်ကားများ ဘယ်မောင်း၊ ညာမောင်းမခွဲဘဲ တင်သွင်း ခွင့်ပြုမည်ဖြစ်ကြောင်း မူဝါဒသစ်ကို ထုတ်ပြန်ခဲ့သည်။ သို့သော် ခရီးသည်တင် ဘတ်စ်ကားများ တင်သွင်းခွင့် မပါရှိပေ။
ယင်းမူဝါဒ သစ်ကြောင့် ကားသစ် တင်သွင်းလိုသူများက အမေရိကန် ဒေါ်လာကို ဝယ်ယူစုဆောင်းလာကြပြီး ဒေါ်လာ တန်ဖိုး မှာလည်း တဖြည်းဖြည်းမြင့်တက်လာကြောင်း သိရှိရသည်။
“မေလ ၇ ရက်နေ့က အမေရိကန် တဒေါ်လာကို ၈၁၆ ကျပ်လောက်ပဲရှိတာ။ ကားသစ်တွေ လူတိုင်း သွင်းခွင့်ပေးလိုက်တော့ အမေရိကန် တဒေါ်လာကို ၈၂၈ ကျပ် အထိ ထိုးတက်သွားတယ်။ ၈၂၈ ကျပ်ဆိုတာ ရောင်းဈေးပါ။ ကိုယ်တကယ်လိုချင်လို့
အပြင်မှာ လိုက်ဝယ်မယ်ဆိုရင် ၈၃၅ ကျပ်လောက် ပေးရတယ်။ ကား သွင်းမယ့်သူတွေကြောင့် ဒေါ်လာတန်ဖိုး ဆက် တက် ဦး မယ်”ဟု ရန်ကုန်အခြေစိုက် နိုင်ငံခြားငွေလဲဒိုင် တဦးက ပြောသည်။
အစိုးရ၏ ကားတင်သွင်းခွင့် အစီအစဉ်သစ်ကြောင့် ဒေါ်လာတန်ဖိုးမြင့်တက်နိုင်ပြီး တဒေါ်လာလျှင် မြန်မာငွေ ၈၅၀ ကျပ်အထိဈေးတက်နိုင်ကြောင်း ပြည်တွင်း စီးပွားရေး ပညာရှင်တဦးက ပြောဆိုသည်။
ယမန်နှစ် ဒီဇင်ဘာလ အတွင်းကလည်း တရုတ်နိုင်ငံထုတ် Cherry QQ ကား အစီး ၁၀၀၀ ကို အစိုးရ စက်မှု ဝန်ကြီးဌာနက တင် သွင်း လိုက်၍ ဒေါ်လာဝယ်လိုအား များလာပြီး ဒေါ်လာဈေးနှုန်း မြင့်တက်မှု ဖြစ်ခဲ့ဖူးသည်။
ပြည်တွင်း ကားဈေးကွက်တွင်မူ ထိုသို့ ကားတင်သွင်းခွင့် ပြုလိုက်ခြင်းကြောင့် ကားဈေးများ ထက်ဝက်ခန့် ကျဆင်း ခဲ့ကြောင်း ကားအရောင်း အဝယ် လုပ်ငန်းရှင်များ က ပြောဆိုထားသည်။
ကျပ် သိန်း ၁၅၀ ဈေးပေါက်ထားသော ကားကို သိန်း ၁၂၀ ဖြင့် ရောင်းရာ ဝယ်သူမရှိကြောင်း၊ ယာဉ်အိုယာဉ်ဟောင်း လဲလှယ် သည့် အထူးပါမစ်ဈေးနှုန်းမှာ ကျပ်သိန်း ၁၂၀ မှ သိန်း ၆၀ အထိဈေးကျသွားသဖြင့် သင်္ဘောသားများအတွက်ချပေးသော ကားသွင်း ခွင့်ပါမစ်မှာ ကျပ် ၅ သိန်းခန့်သာ ဈေးရှိတော့ကြောင်း ပြည်တွင်း သတင်းမီဒီယာများတွင်လည်း ဖော်ပြသည်။
လတ်တလော ပြည်တွင်း ရွှေဈေးကွက်တွင်လည်း ကမ္ဘာ့ရွှေဈေးနှုန်းများ ကျဆင်းလာခြင်းနှင့် ရွှေဝယ်သူ နည်းပါးလျက်ရှိသောကြောင့် ဈေးနှုန်းများကျဆင်းနေပြီး အရောင်းအဝယ်လည်း ကျဆင်းနေကြောင်း သိရသည်။
“ရွှေဝယ်သူတော့ နည်းတယ်။ သိပ်ပြီး ရောင်းရတယ်လို့တော့မရှိဘူး။ ရောင်းချင်တဲ့သူက များတယ်။ ကမ္ဘာ့ဈေးကလည်းကျတော့ ဈေးရော အရောင်းအဝယ် နှစ်ခုစလုံး ပြိုင်တူကျတယ်။ ရွှေဈေးက ဝယ်သူပါးတော့ အကျဘက်ကိုပဲ ပိုပြီးဦးတည်ပါတယ်”ဟု ရန်ကုန်မြို့ လသာမြို့နယ် တရုတ်တ်တန်းတွင် ဖွင့်လှစ်ထားသော ရွှေဆိုင်ပိုင်ရှင်တဦးက ပြောသည်။
မေလ ၁၃ ရက်က ပြည်တွင်းရွှေဈေးသည် ၁၆ ပဲရည် အခေါက်ရွှေ တကျပ်သားလျှင် ၆၉၉၆၀၀ ကျပ်ရှိပြီး ကမ္ဘာ့ရွှေဈေးမှာ တအောင်စ လျှင် အမေရိကန်ဒေါ်လာ ၁၅၈၄ ဒေါ်လာ ရှိကြောင်း သိရသည်။