သတင်း

ကြံ့ခိုင်ရေးပါတီ ပြုပြင်ပြောင်းလဲရေး စပြီ

This article has been converted from Zawgyi One to Unicode

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ(ကြံ့ခိုင်ရေး ပါတီ)က အောက်ခြေအဆင့်မှ စတင်၍ ပြည်နယ်နှင့်တိုင်း အဆင့်အထိ ပြုပြင် ပြောင်းလဲရေးများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး က ဧရာဝတီသို့ ပြောသည်။

၂၀၁၀ သြဂုတ်လအတွင်းက ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီရုံးဖွင့်ပွဲ နှင့် တက်ရောက်လာကြသူများ (ဓာတ်ပုံ - ဧရာဝတီ)

ရပ်ကျေး အဆင့်မှစ၍ ပြည်နယ်နှင့်တိုင်း အဆင့်များ၌ မူလက ပါတီတွင် တာဝန်ထမ်းဆောင်နေသူများကို လူထုအတွင်း ထိထိ ရောက်ရောက် လုပ်ဆောင်နိုင်သူ၊ အောက်ခြေလူထု ဆန္ဒနှင့် တင်မြှောက်သူများကိုသာ ပြောင်းလဲ၍ တာဝန်ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

“ရပ်ကျေးစည်းရုံးရေးမှူးတွေ အနေနဲ့ ပိုပြီးတော့မှ ပြည်သူတွေနဲ့ နီးစပ်တဲ့ လူတွေဖြစ်ဖို့ ကောင်းတယ်။ အောက်ခြေကနေ သင့်တော် တဲ့ လူကို တင်ရမှာပေါ့။ ဘယ်သူတွေက ဘယ်လောက်အထိ လုပ်နိုင်တယ်။ ပြည်သူတွေနဲ့ ဆက်ဆံရေးကောင်းတယ်။ မကောင်း ဘူး ဆိုတာ အားလုံးသိပြီးသားပဲလေ။ ဒါလေးတွေ ပြန်ပြီး စစ်ရမှာပေါ့။ ရပ်ကျေးကနေ ပြည်နယ်တိုင်းအထိတော့ လုပ်ရမှာပေါ့။ အခုဟာ အောက်ခြေက နေပြီးတော့မှ သွားမှာပါ”ဟု ဦးဌေးဦး က ပြောသည်။

ယင်းအစီအစဉ်ကို  ယခုလ ၁၆ ရက်နေ့မှ စတင်လုပ်ဆောင်သွားမည်ဖြစ်ပြီး ပါတီ ဗဟိုအဆင့်တွင်မူ ကျန်းမာရေးကြောင့် အနားယူခြင်း၊ နေရာ ရွှေ့ပြောင်း တာဝန်ထမ်းဆောင်ခြင်းများမှလွဲ၍ ပြောင်းလဲမှုများ လုပ်ဆောင်ရန် မလိုအပ်သေးကြောင်း သူကဆက်ပြော သည်။

ယခုကဲ့သို့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုသည် အများထင်ကြေးပေးပြောဆိုနေကြသကဲ့သို့ ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကို မဲအပြတ် အသတ် ရှုံးနိမ့်ခြင်း၊ သမ္မတ ဦးသိန်းစိန် ၏ ပြုပြင်ပြောင်းလဲရေး ပြောဆိုခြင်း စသည် တို့ကြောင့် မဟုတ်ဘဲ၊ ပါတီတွင်းပုံမှန် လုပ်ငန်းစဉ်အရသာ လုပ်ဆောင်ခြင်းဖြစ်ကြောင်းလည်း ဦးဌေးဦးက ဆိုသည်။

“တချို့လည်း မြင်ကြ၊ ပြောကြတာရှိတာပေါ့။ ဒါကြားဖြတ်ရွေးကောက်ပွဲနဲ့ နွယ်တယ်လို့၊ ထင်လည်း ထင်ကြမှာပဲလေ။ ဒီထူးခြားတဲ့ဖြစ်စဉ်ကြီးက အနီးစပ်ဆုံးဖြစ်နေတာကိုး။ တကယ်တော့ အဲဒါကြောင့်မဟုတ်ပါဘူး။ ဒါဟာ ပါတီတခုအတွက် လိုအပ်ချက်တွေပဲလေ”ဟု ဦးဌေးဦး က ပြောသည်။

ကြံ့ခိုင်ရေးပါတီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် နေရာအများစု အနိုင်ရရှိမည်ဟု မူလက မျှော်လင့်ခဲ့သော်လည်း ဝင်ရောက် ရွေးချယ်ခံခဲ့သည့် မဲဆန္ဒနယ် ၄၅ နေရာအနက် NLD ယှဉ်ပြိုင်ခွင့် မရသည့် တနေရာ၌သာ အနိုင်ရရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီက ၄၃ နေရာ အနိုင်ရရှိခဲ့သည်။

သို့သော်လည်း ယခင်က ခန့်အပ်ထားသော ရပ်ကျေးမှ ပြည်နယ်နှင့်တိုင်းအထိ အဆင့်ဆင့် တာဝန်ရှိသူများသည် ကိုယ်ကျိုး ကြည့် သူများနေခြင်းကြောင့် ပါတီ အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် လူထု ထောက်ခံမှုမရရှိဘဲ မဲအပြတ် သတ်ရှုံးနိမ့်မှုဖြင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ တိုင်းအဆင့် တာဝန်ရှိသူ တဦးက ပြောသည်။

“ရပ်ကျေးကို လူရိုသေ၊ ရှင်ရိုသေ မလုပ်ဘဲနဲ့ မိမိ သြဇာအာဏာတည်ဆောက်ဖို့ ထားတဲ့အခါကြတော့ ရပ်ကွက်ထဲဝင်ဆံ့သွားလာ နိုင်တဲ့လူမဟုတ်ဘဲနဲ့ ဘယ်လိုစည်းရုံးမလဲ။ သာရေးနာရေးတောင်မှ မသွားတဲ့ လူကြီးတယောက်ကို ဘယ်သူက နေရာပေးမလဲ။ ကျနော်တို့မှာ အဲဒီပြဿနာရှိတယ်။ အခုဟာက ရပ်ထဲ၊ ရွာထဲ အလှူအတန်းလုပ်ရင်တောင် ကျနော်တို့ကို ဖိတ်မယ့်လူမရှိဘူး။
ဒါတွေက ကျနော်တို့ရဲ့ အတွင်းစည်းပြဿနာတွေပေါ့။ လူကြီးတွေကိုတော့ အကုန်တင်ပြထားပါတယ်”ဟု သူက ဧရာဝတီသို့ပြောသည်။

သူကဆက်ပြီး“ကျနော်တို့ ပါတီတွင်းမှာ ကိုယ်ကျိုးရှာတဲ့လူတွေ၊ အဲဒီလို Image တွေကြောင့် ကြားဖြတ်ရွေးကောက်ပွဲက သက် သေ ထူခဲ့ပြီ။ ဒါတွေကို ထိထိရောက်ရောက်မပြောင်းနိုင်ရင် ၂၀၁၅ ရွေးကောက်ပွဲမှာ NLD က ပြိုင်ဘက်မရှိတဲ့ တစ်ကောင်တည်းပြေး တဲ့ မြင်းအဖြစ်နဲ့ အောင်ပွဲခံသွားဦးမှာပဲ”ဟု သူက ဆက်ပြောသည်။

လူမှုဆက်သွယ်ရေးကွန်ရက် Facebook စာမျက်နှာများပေါ်တွင်လည်း ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်များဖြစ်သော ဦးဌေးဦး၊ ဦးအောင်သောင်း၊ ဦးအောင်သိန်းလင်းတို့အား ခေါင်းမာ ဂိုဏ်းသားများဟု တွင်တွင်ကျယ်ကျယ် ပြောဆိုနေမှုများနှင့် ပတ်သက်ပြီး ဦးဌေးဦးက“ခေါင်းမာတယ်၊ ပျော့တယ်ဆိုတာ ကောလာဟလ တွေပါဗျာ။ ကျနော်တို့က ခေါင်းမမာပါဘူး”ဟု သူက ပြောသည်။

ကြံ့ခိုင်ရေးပါတီသည် ၁၉၉၃ ခုနှစ်မှစ၍ ၁၇ နှစ်ကြာ လူမှုရေးအသင်း အမည်ခံကာ စစ်အစိုးရက ထူထောင်ပေးခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီတွင် နိုင်ငံရေး ပါတီအဖြစ်သို့ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ပါတီ အဖြစ် မပြောင်းလဲမီ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က နာယက အဖြစ် တာဝန်ယူခဲ့သကဲ့သို့ စစ်တပ် ထိပ်ပိုင်းအရာရှိများဖြင့် ဦးဆောင်လာခဲ့ကြသည်။

Loading