တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) မှ ဗိုလ်ချုပ် စောလားပွယ် (ခေါ်) ဗိုလ်နှုတ်ခမ်းမွေးသည် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အထောက်အထား မရှိကြောင်း ထိုင်းစစ်တပ် အမှတ် ၃ ဒေသမှ တာဝန်ရှိသူတဦးက ပြောကြားလိုက်သည်။

အမှတ် ၃ ဒေသ စစ်တပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး Thardsak Ngam Sonong က “မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ ထိုင်းစစ်တပ်ထဲမှာ အချက်အလက်တွေ ရှိပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ် နှုတ်ခမ်းမွေးနဲ့ ပတ်သက်တဲ့ အထောက်အထားတွေ မရှိဘူး” ဟု ထိုင်းဘာသာဖြင့် ရေးသားထားသော မန်နေဂျာအွန်လိုင်း သတင်း အင်တာနက် စာမျက်နှာတွင် မေလ ၁၁ ရက်နေ့က ဖော်ပြထားသည်။
DKBA ထိန်ချုပ်ဒေသတွင်လည်း မူးယစ်ဆေးဝါး ထုတ်လုပ်မှု မရှိဟု ယုံကြည်ကြောင်း၊ ဗိုလ်နှုတ်ခမ်းမွေးကို ဖမ်းဝရမ်းထုတ်ခြင်းမှာ ယခင်နှစ်များစွာက မူးယစ်ဆေးတိုက်ဖျက်ရေး အချက်အလက်များအပေါ် အခြေခံထားဟန်တူကြောင်း ဗိုလ်မှူးကြီး Thardsak Ngam Sonong က ဆိုသည်။
၎င်းက ဆက်လက်၍ “လက်ရှိ အခြေအနေမှာ မူးယစ်ဆေးဝါးတွေလုပ်နေတဲ့ အဖွဲ့ သေးသေးလေးတွေပဲ ကျန်တယ်။ ဒီနှစ်ဆန်းပိုင်း မဲဆောက်မှာ ဖိမ်းမိတဲ့ မူးယစ်ဆေးပြားတွေက ထောင်ဂဏန်းလောက်ပဲ” ဟု ပြောသည်။
ဗိုလ်ချုပ် စောလားပွယ် ဦးဆောင်သည့် DKBA တပ်ဖွဲ့ဝင်များ အခြေစိုက်သော ဝေါ်လေတပ်စခန်း တည်ရှိရာ ထိုင်းဘက်ခြမ်းတွင် ၂၀၀၃ ခုနှစ်က ပိုင်ရှင်မဲ့ စိတ်ကြွဆေးပြား (ရာဘ) အလုံးရေ ၉ ဒဿမ ၄ သန်း ဖမ်းဆီးရရှိခဲ့မှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံရှိ မူးယစ်ဆေး ထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံး (ONCB) က ဧပြီ လ ၂၀ ရက်နေ့တွင် ဗိုလ်နှုတ်ခမ်းမွေးကို ဖမ်းဆီးရန် ဆုငွေ ထိုင်းဘတ် ၁ သန်း (ဒေါ်လာ ၃,၂၀၀၀ ခန့်) ထုတ်ခဲ့သည်။
ဗိုလ်မှူးကြီး Thardsak Ngam Sonong က DKBA သည် နယ်မြေများ ထိန်းချုပ်ခြင်းနှင့် သတ္တုတူးဖော်ခြင်းများမှ အခွန်များဖြင့် ဝင်ငွေ အဓိက ရရှိနေကြောင်း ပြောသည်။
ယင်း စွပ်စွဲမှုနှင့် ပတ်သက်၍ ဗိုလ်နှုတ်ခမ်းမွေးက ပြည်တွင်းပြည်ပ သတင်းစာဆရာများကို ဖိတ်ခေါ်၍ သတင်းစာရှင်းလင်းပွဲ နှစ်ကြိမ်ပြုလုပ်ခဲ့သည်။ ထို့အပြင် နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ (DEA) နှင့် ONCB တို့ကိုလည်း DKBA ဌာနချုပ်သို့ လာရောက် စုံစမ်းစစ်ဆေးရန် ဖိတ်ခေါ်ထားသည်။
ONCB အကြီးအကဲ ထိုင်း ဒု ဝန်ကြီးချုပ် ချလုံ ယူဘမ်ပရုန်းကလည်း ဗိုလ်နှုတ်ခမ်းမွေးကို ဖမ်းဆီးရန် မြန်မာအာဏာပိုင်များသို့ အကြောင်းကြားထားပြီး ယင်းကိစ္စကို ဆွေးနွေးရန် လိုအပ်ပါက မြန်မာပြည်သို့ သွားမည်ဟု ပြောကြားထားသည်။
မြန်မာအစိုးရကဘက်က DKBA နှင့် ONCB တို့၏ တင်မားမှုနှင့်ပတ်သက်၍ ယနေ့အထိ တစုံတရာ ပြောဆိုခြင်း မရှိသေးပေ။
ဤအတောအတွင်း ထိုင်း-မြန်မာနယ်စပ် ဖုပ္ဖရဒေသနှင့် ဆက်စပ်နေသည့် မြန်မာဘက်ကမ်းရှိ DKBA ထိန်းချုပ်ဒေသတွင် နှစ်ပတ်ကြာ ပိတ်ထားခဲ့သော နယ်စပ်ဂိတ်များကို ပြန်လည် ဖွင့်ပေးခဲ့သည်။
နယ်စပ်ဂိတ်များကို ပြန်လည် ဖွင့်ပေးလိုက်ရခြင်းသည် အစိုးရအာဏာပိုင်များ၏ ဖိအားပေးမှုကြောင့် မဟုတ်ဘဲ ယင်းဒေသရှိ ထိုင်းစီးပွားရေး လုပ်ငန်ရှင်တချို့၏ တောင်းဆိုမှုများကြောင့် ဖြစ်ကြောင်း DKBA က ဆိုသည်။
လတ်တလော နယ်စပ်ဂိတ်များကို ပြန်လည် ဖွင့်ပေးလိုက်သောကြောင့် မြန်မာဘက်ကမ်းသို့ ထိုင်းဒေသခံနှင့် စိုက်ပျိုးရေး လုပ်ငန်းရှင်များ ယမန်နေ့မှ စတင်၍ ပုံမှန် သွားလာနေကြသည်။