သတင်း

ကချင် ထိုးစစ်ရပ်ရန် ဖက်ဒရယ်ကောင်စီ တောင်းဆို

This article has been converted from Zawgyi One to Unicode

အစိုးရ စစ်တပ်များအနေဖြင့် ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIA) အပေါ် ထိုးစစ်ဆင်မှုများ တလအတွင်း ရပ်ဆိုင်းပေးရန် တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC)က ကြေညာချက်ထုတ် တောင်းဆိုလိုက်သည်။

ကချင်ပြည်နယ် လိုင်ဇာဒေသတွင် တွေ့ရသော ကချင် စစ်ပြေးဒုက္ခသည် ကလေးတဦး (ဓာတ်ပုံ - ဧရာဝတီ)

KIA အပေါ် ထိုးစစ်ဆင်နေမှု အား ဇွန်လ ၁၀ ရက်နေ့ မတိုင်မီ ရပ်ဆိုင်းပေးရန်နှင့် မရပ်ဆိုင်းပါက UNFC အဖွဲ့ဝင်များနှင့် ပဏာ မ သဘောတူညီမှု ရရှိထားခြင်း အပေါ် ပြန်လည် စဉ်းစား သုံးသပ်ရမည်ဖြစ်ကြောင်း UNFC က မေ လ ၁၀ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်ထုတ် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

UNFC ၌ ကရင် အမျိုးသား အစည်းအရုံး(KNU) ၊ မွန်ပြည်သစ်ပါတီ၊ ချင်းအမျိုးသား တပ်ဦး(CNF) ၊ ကချင်ပြည် လွတ်လပ်ရေး အဖွဲ့(KIO)၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း(SSA-N)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP) စသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၆ ဖွဲ့နှင့် ဆက်စပ်အဖွဲ့များနှင့် ဖွဲ့စည်းထားသည်။

“ထိုးစစ်ဆင်နေမှုတွေကို တောင်းဆိုထားတဲ့ အတိုင်း တလ အတွင်း မရပ်ဘူးဆိုရင် ဘာဆက်လုပ်သွားမယ် ဆိုတာတော့ ကြိုပြောဖို့ စောပါသေးတယ်၊ နိုင်ငံတကာက စီးပွားရေး၊ နိုင်ငံရေး လမ်းဖွင့်ပေးနေတာတွေကိုလည်း ပြန်လည် စဉ်းစား သုံး သပ်ပေး ဖို့ တိုက်တွန်းထားတယ်”ဟု UNFC ၏ အတွင်းရေးမှူး နိုင်ဟံသာ က ဧရာဝတီ ကိုပြောသည်။ နိုင်ဟံသာသည် မွန်ပြည်သစ် ပါတီ၏ အတွင်းရေးမှူးလည်း ဖြစ်သည်။

နိုင်ငံတကာအနေဖြင့် တပြည်လုံးအတိုင်းအတာဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ပြီးမှသာ စီးပွားရေးလမ်းဖွင့်ပေးခြင်း၊ ရင်းနှီးမြှုပ် နှံခြင်းတို့ လုပ်ဆောင်ကြရန် တိုက်တွန်းရခြင်းဖြစ်ကြောင်း ၎င်းက ဆက် ပြောသည်။

အစိုးရသည် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်နေသကဲ့သို့ အခြားတဘက်၌လည်း KIA နှင့် ရှမ်းပြည်တောင်ပိုင်း ဒေသတချို့၌ ထိုးစစ်ဆင်နေ၍ အစိုးရ၏ ငြိမ်းချမ်းရေး လုပ်ဆောင်မှုအပေါ် မှန်ကန်သည့်ငြိမ်းချမ်းရေးဟု မယူဆကြောင်း နိုင်ဟံသာ က ဆို သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ အား သမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သည့်အဖွဲ့ဝင် ၁၂ ဦး၊ ပြည်  ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအား ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဦးဆောင်၍ အဖွဲ့ဝင် ၅၂ ဦးတို့ဖြင့် မေလဆန်းက ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့များ၌ ဒု ကာကွယ်ရေး ဦးစီးချုပ်၊ စစ်တိုင်းမှူးများ၊ ဝန်ကြီးများ၊ ပြည်နယ်နှင့်တိုင်း ဝန်ကြီးချုပ်များ နှင့် လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သည်။

ငြိမ်းအဖွဲ့သစ်များ၌ သမ္မတနှင့် ရှမ်းတိုင်းရင်းသား ဒု သမ္မတ၊ စစ်တပ်၏ ထိပ်တန်းအရာရှိများပါ နေသည့်အပြင် လက်နက်ကိုင် အဖွဲ့အများစုနှင့် ငြိမ်းချမ်းရေး သဘောတူညီမှု ဆောင်ရွက်ထားသည့် မီးရထားဝန်ကြီး ဦးအောင်မင်း စသည့် ပုဂ္ဂိုလ်များ ပါဝင် သည့် အတွက် အဖွဲ့သစ်နှင့်အတူ သမ္မတ က တိုက်ရိုက် ကြီးကြပ် ကွပ်ကဲမည် ဖြစ်၍ ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ငန်းစဉ်များ ပိုမို သွက်လက်လာလိမ့်မည် ထင်ကြောင်း လေ့လာသူများ က ပြောဆိုကြသည်။

“ငြိမ်း အဖွဲ့သစ်မှာ ခေါင်းဆောင်တွေအစုံပါနေတယ်၊ တပ်ပိုင်းဆိုင်ရာက အစပေါ့၊ ဒီတော့ သဘောတူညီမှု ရှိခဲ့မယ်ဆိုရင် လိုက် နာမှုတွေ ထိရောက်လိမ့်မယ်လို့ ယူဆပါတယ်၊ အဖွဲ့သစ်ရဲ့ လုပ်ရှားမှု မရှိသေးဘူးဆိုတော့ စောင့်ကြည့်ရဦးမှာပါ”ဟု UNFC ၏ တွဲဖက် အတွင်းရေးမှူး နှင့် ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ဧရာဝတီကိုပြော သည်။

ငြိမ်းချမ်းရေး အဖွဲ့သစ်၏ လက်တွေ့ လုပ်ဆောင်မှုများအပေါ် စောင့်ကြည့်၍ ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည် ဖော် ဆောင်သွားမည်ဟုလည်း UNFC ခေါင်းဆောင်များ က ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့ရှိသည့် အနက် ၁၀ ဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး ပဏာမ အဆင့်ငြိမ်းချမ်းရေး သဘော တူညီမှု ရထားသော်လည်း KIA နှင့်အစိုးရ တပ်အကြား နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားနေဆဲဟု သိရသည်။

KIA နယ်မြေထဲသို့ ရောက်ရှိနေသည့် အစိုးရတပ်များအား ရုပ်သိမ်း၍ နိုင်ငံရေးအရ အာမခံချက်ရှိမည့် ဆွေးနွေးပွဲ ဖြစ်ပေါ်လာ ပါက KIA နှင့် အစိုးရကြား ပြေလည်သွားမည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။

၎င်းက“KIA နယ်မြေထဲကို ကျွံနေတဲ့ အစိုးရ စစ်တပ်တွေက အချိန်မရွေး ခြိမ်းခြောက်မှုတွေ ဖြစ်လာနိုင်တော့ ဒါတွေကို KIA က ရုပ်သိမ်းစေချင်တယ်၊ ပြီးတော့ နိုင်ငံရေးအရ ဆွေးနွေးမှု မလုပ်ဘဲ ယာယီ သဘောနဲ့ အပတ်အခတ်ရပ်စဲမယ် ဆိုရင် တနေ့ မှာ ပြန်တိုက် ရနိုင်တယ်”ဟု ဆိုသည်။

KIA အနေဖြင့် အပတ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးအရ ဆွေးနွေးပွဲကို တပြိုင်တည်း ဆောင်ရွက်လိုကြောင်း အစိုးရထံ တင်ပြ တောင်းဆိုထားသော်လည်း အစိုးရက လက်မခံကြောင်း သိရသည်။

UNFC အဖွဲ့ဝင်များ အနေဖြင့် အပတ်အခတ်ရပ်စဲရေးကို တဖွဲ့ချင်း လုပ်ဆောင်ထားသော်လည်း နိုင်ငံရေးအရ ဆွေးနွေးမှုကိုမူ UNFC အနေဖြင့်သာ ဆောင်ရွက်သွားမည်ဟု အဖွဲ့ခေါင်းဆောင်များ က ပြောသည်။

KIA နှင့်အစိုးရ အကြား ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန် UNFC က ပါဝင် ဆောင်ရွက်နိုင်ရေးအတွက် အစိုးရထံ တင်ပြထားကြောင်း လည်း သိရသည်။

အစိုးရနှင့် KIA တိုက်ပွဲများကြောင့် ကချင်ပြည်နယ်တွင်းနှင့် တရုတ်နိုင်ငံသို့ တိမ်းရှောင်နေရသည့် ဒေသခံ စစ်ပြေး ဒုက္ခသည် ခန့်မှန်းခြေ ၇၅၀၀၀ ခန့် ရှိကြောင်း မကြာသေးခင်က ထုတ်ဝေသော လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ (HRW) အစီရင်ခံစာတခုတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ် ဇွန်လ ၉ ရက်နေ့က စတင်၍ တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ် တာပိန်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေ ကာတာ အနီး တပ်စွဲ ထားသည့် KIA တပ်ဖွဲ့များကို အစိုးရတပ်က ဖယ်ရှားခိုင်းရာမှ နှစ်ဖက်တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။

Loading