မြန်မာနိုင်ငံတွင် နိုင်ငံရေးအင်အားစုများက လာမည့် ၂၀၁၅ ခုနှစ်အတွက် ပြင်ဆင်မှုများလုပ်နေချိန်တွင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များက လတ်တလော နိုင်ငံရေးပါတီအဖြစ် ထူထောင်ရန်မရှိသေးဘဲ ၎င်းကိစ္စသည် လက်ရှိ လွှတ်တော်၏ အခန်းကဏ္ဍအပေါ် မူတည်နေကြောင်း ဧရာဝတီသို့ ပြောဆိုသည်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ ရန်ကုန်မြို့ သင်္ကန်းကျွန်း မြို့နယ်ရှိ ၎င်းတို့၏ ယာယီ ရုံးခန်းတွင် ဧရာဝတီနှင့် တွေ့ဆုံစဉ် ပြောကြားခြင်းဖြစ်သည်။
“ကျနော်တို့က အချိန်ရပါသေးတယ်။ ၂၀၁၅ ခုနှစ်အတွက် ၃ နှစ်လောက် အချိန်ရပါသေးတယ်။ ဒီအတောအတွင်းမှာ ကျနော်တို့လည်း ပြောနေကြတာကတော့ လွှတ်တော်နိုင်ငံရေးက ဘယ်လောက် အားကောင်းလာမလဲ၊ လွှတ်တော် နိုင်ငံရေးအပေါ်မှာ ကျနော်တို့ ပုံအောလို့ရတဲ့ အခြေအနေ ဖြစ်ပြီလားဆိုတာ မူတည်ပါတယ်” ဟု ကိုကိုကြီးက ပြောသည်။
လွှတ်တော် နိုင်ငံရေးသည် မြန်မာ့နိုင်ငံရေး ပြဿနာများအားလုံး ဖြေရှင်းရာတွင် လွှတ်တော်တွင်းကသာ ဖြေရှင်း၍ အာမခံချက်ရသွားသည့် အခြေအနေရှိပါက လွှတ်တော်တွင်းသို့ အမြန်ဆုံး ဝင်ရောက်မည်ဖြစ်ကြောင်း၊ တချို့ ပြဿနာများသည် လွှတ်တော်တွင်းတခုတည်းနှင့် ဖြေရှင်း၍ မရနိုင်ကြောင်း ကိုကိုကြီးက ဆက်ပြောသည်။
၎င်းက “တိုင်းရင်းသားပြဿနာတွေက လွှတ်တော်ဘောင်ထဲမှာ ဖြေရှင်းလို့ မရနိုင်လို့ဘဲ အခု ပြင်ပမှာ သီးခြားစီ လိုက်ဆွေးနွေးနေရတာ” ဟု ပြောသည်။
ကိုမင်းကိုနိုင်ကလည်း ယေဘုယျအားဖြင့် လွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပ နိုင်ငံရေးဟူ၍ နှစ်မျိုးခွဲကြည့်ကြောင်း၊ နိုင်ငံရေးပါတီထောင်၊ ရွေးကောက်ပွဲ ဝင်ကြသူများက ခြေတဖက်အဖြစ် လွှတ်တော်တွင်းက ရုန်းကန်ကြရမည်ဖြစ်ပြီး လွှတ်တော်ပြင်ပက နောက်ထပ် ခြေတဖက်အဖြစ် ရုန်းကန်ကာ ဘယ်ညာ ခြေနှစ်ဖက် ဟန်ချက်ညီ လှုပ်ရှားရုန်းကန်ရမည်ဖြစ်ကြောင်း ပြောသည်။
“ကျနော်တို့ဆီမှာ အရေးကြီးတဲ့ တချက်ပဲ၊ လွှတ်တော်ပြင်ပ နိုင်ငံရေးဟာ ဥပဒေပြင်ပ နိုင်ငံရေး မဟုတ်ဘူးဆိုတဲ့ အချက်ကိုတော့ သိသာထင်ရှားဖို့ လိုတယ်” ဟု ကိုမင်းကိုနိုင်က ဆိုသည်။
သမ္မတဦးသိန်းစိန်၏ တနှစ်ပြည့်မိန့်ခွန်းကို ၈၈ မျိုးဆက် ကျောင်းသားများက ရိုးသားစွာဖြင့် ကြိုဆိုခဲ့ခြင်းဖြစ်ကြောင်း၊ တဖက်က ကမ်းလာသည့်လက်ကို နွေးထွေးစွာ ကြိုဆိုခြင်းဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်လိုသူများ ရှိသည်ဟု လက်ခံနားလည်ပြီး ပြုပြင်ပြောင်းလဲရေး မလုပ်လိုသူများအကြား အားပြိုင်ရလျှင် တကယ် ပြုပြင်ပြောင်းလဲရေး လုပ်သူများဖက်မှ အားဖြည့်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ဒီမိုကရေစီ လူ့ဘောင်ကို သွားရာတွင် အဓိက အရေးကြီးသည့် လူထုအခြေပြု လူ့အဖွဲ့အစည်း (Civil Society) အားကောင်းလာစေရေးအတွက် ၈၈ မျိုးဆက်ကျောင်းသားများကလည်း ကြိုးပမ်းနေကြောင်း၊ အကြောင်းမှာ အာဏာပိုင်နှင့် ဆက်ဆံရာတွင် နိုင်ငံသားများဖက်က ပွင့်လင်းစွာဆက်ဆံရန် ကြောက်ရွံ့နေသည့်အတွက်ဖြစ်ကြောင်း၊ ပြည်သူ့အသံ စစ်စစ်ကို နားထောင်ပြီး ငြိမ်းချမ်း ပွင့်လင်းလွတ်လပ်သည့် လူ့အဖွဲ့အစည်း ပေါ်ပေါက်လာရေး ကြိုးစားနေကြောင်း ၎င်းတို့ နှစ်ဦးက ပြောသည်။
ပြည်သူများက အာဏာပိုင်နှင့် အာဏာကို ကြောက်ရွံ့နေဆဲဖြစ်၍ အခက်အခဲများကို ၈၈ မျိုးဆက် ကျောင်းသားများတွင် အာဏာ မရှိသော်လည်း အားကိုးတကြီး လာရောက်ရင်ဖွင့် တိုင်ကြားမှုများရှိကြောင်း၊ လွှတ်တော်ပြင်ပ နိုင်ငံရေးအတွက် အဆိုပါကိစ္စသည် အားကောင်းသည့် အရင်းအမြစ်တခုဟု မြင်ကြောင်း ၎င်းတို့က ဆိုသည်။
နိုင်ငံရေးတွင် အားလုံး ပါဝင်နိုင်သည့် နိုင်ငံရေးဖြစ်စဉ်ဆိုသည့် စကားရပ်နှင့် တရားဥပဒေ စိုးမိုးရေးဆိုသည့် စကားရပ်ကြောင့် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းသည် အလွန်ကောင်းမွန်ပြီး စကားလုံးများက တဆင့် လက်တွေ့ အကောင်အထည် ဖော်ဆောင်နိုင်ရန်သာ လိုအပ်ကြောင်း ကိုကိုကြီးက ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင် ပြဿနာသည် မြန်မာနိုင်ငံ၏ အရေးတကြီး ဖြေရှင်းရမည့် အချက်ဖြစ်ကြောင်း၊ ယခင်က ဖြေရှင်းသည့် တိုင်းရင်းသား ခေါင်းဆောင်များနှင့် အစိုးရ ခေါင်းဆောင်များသာ တွေ့ဆုံ၍ အပစ်အခတ်ရပ်ဆဲရေး စကားပြောဖြေရှင်းသည့် နည်းစနစ်သည် မအောင်မြင်ကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းသော လူ့အဖွဲ့အစည်း ပေါ်ပေါက်ရန်လိုကြောင်း ကိုမင်းကိုနိုင်က ဆိုသည်။
“ဒေသခံ ပြည်သူအများစုရဲ့ အသံတွေရယ်၊ ဆန္ဒတွေရယ်၊ သူတို့ ပါဝင်နိုင်မှုတွေရယ် ပါဝင်ရမယ်ဆိုတာ ကျနော်တို့ သွားနားထောင်တဲ့အခါမှာ အင်မတန် အဖိုးတန်တဲ့ အချက်အလက်တွေ ရလာခဲ့တယ်” ဟု ၎င်းက ပြောသည်။
အတိုက်အခံများကြောင့် စီးပွားရေး ဒဏ်ခတ်ခံရသည် ယခင်စစ်အစိုးရက ပြောဆိုခဲ့ခြင်းမှာ နိုင်ငံရေးလက်နက်အဖြစ် အသုံးပြုသည်ဟု နားလည်ကြောင်း၊ မြန်မာ့ပြုပြင်ပြောင်းလဲရေးအပေါ် မူတည်ပြီး သက်ဆိုင်ရာ နိုင်ငံများက ချမှတ်ထားသည့် စံချိန်စံညွှန်းအတိုင်း ရုပ်သိမ်း သွားကြမည်သာဖြစ်ကြောင်း၊ စီးပွားရေး ဒဏ်ခတ်မှု ရှိနေခြင်းကြောင့် အစိုးရနှင့် တချို့စီးပွားရေးသမားများ အကျိုးအမြတ်ရှိနေကြောင်း ကိုကိုကြီးက ဆိုသည်။
“ဒီ Sanction ရှိနေလို့ စားပွဲခုံအောက်မှာ လက်သိပ်ထိုးပေးရတဲ့ အကျိုးအမြတ်တွေကို ခံစားနေရတဲ့ အင်အားစုတွေရှိတယ်။ Sanction ရှိနေတာတောင်မှ အာဏာပိုင်အဖွဲ့အစည်းနဲ့ ပတ်သက်နေတဲ့ စီးပွားရေးသမားတွေဟာ အကျိုးအမြတ် ရနေတာတွေရှိတယ်” ဟု ၎င်းက ဆိုသည်။
၈၈ မျိုးဆက်ကျောင်းသားသည် နိုင်ငံခြားတိုင်းပြည်များသို့ သွားရောက် လေ့လာလိုသဖြင့် နိုင်ငံကူးလက်မှတ် လျှောက်ထားသော်လည်း ယခုအထိ မရရှိသေးကြောင်း သိရသည်။
“နိုင်ငံရေးလုပ်ရင် တဆင့်နိမ့်နိုင်ငံသားလို ဖြစ်နေတယ်။ ပတ်စ်ပို့လျှောက်ထားတာ ပုံမှန်ဆို သူများတွေ သုံးပတ်ဆို အဖြေသိပြီ။ ကျနော်တို့ အခုထိ မသိရသေးဘူး” ဟု ကိုကိုကြီးက ပြောသည်။