သတင်း

စိစစ်ရေးဖျက်သိမ်းသော်လည်း သတင်းလွတ်လပ်ခွင့်ရမည်မဟုတ်

This article has been converted from Zawgyi One to Unicode

ပြန်ကြားရေးဝန်ကြီးဌာနက စာနယ်ဇင်းကောင်စီ ရက်ပိုင်းအတွင်းဖွဲ့စည်းပေးပြီး စာပေစိစစ်ရေးလုပ်ငန်းများကို လွှဲပြောင်းသွားမည်ဖြစ်သော်လည်း သတင်းနှင့် စာနယ်ဇင်းလွတ်လပ်ခွင့်မှာမူ ထူးခြားမလာပဲ လက်ရှိကျင့်သုံးနေဆဲ မူဝါဒများအတိုင်း ကန့်သတ်ထားမည် ဖြစ်ကြောင်း သိရသည်။

သတင်းနှင့် စာနယ်ဇင်းလွတ်လပ်ခွင့်မှာ လက်ရှိကျင့်သုံးနေဆဲ မူဝါဒများအတိုင်း ကန့်သတ်ခံရမည် (ဓာတ်ပုံ- Reuters)

ယမန်နေ့က ရန်ကုန်မြို့ ဟံသာဝတီအဝိုင်းအနီးရှိ မြန်မာ့ရုပ်မြင်သံကြားဌာန အဆောက်အအုံတွင် ပြည်တွင်းသတင်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို ခေါ်ယူတွေ့ဆုံစဉ် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးဦးကျော်ဆန်းက သမ္မတဦးသိန်းစိန်၏ ညွှန်ကြားချက်ဖြင့် စာနယ်ဇင်းကောင်စီကို ဖွဲ့မည်ဖြစ်ကြောင်း၊ စာနယ်ဇင်းကောင်စီ ဖွဲ့စည်းရန် မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဖြစ်မြောက်ရေး ကော်မတီ၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း ဖြစ်မြောက်ရေး ကော်မတီ၊ မြန်မာနိုင်ငံ ပုံနှိပ်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ထုတ်ဝေဖြန့်ချိသူများ အသင်း  ဖြစ်မြောက်ရေး ကော်မတီတို့မှ ကိုယ်စားလှယ်ခြောက်ဦးဆီ တောင်းခံ ထားပြီး အခြားသော ပုဂ္ဂလိက စာနယ်ဇင်းသမားများကိုလည်း ဝန်ကြီးက သီးခြားတွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

စာနယ်ဇင်းကောင်စီတွင် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ ပါဝင်မည်၊ မပါဝင်မည်ကို ဝန်ကြီးဦးကျော်ဆန်းက တိကျစွာ ရှင်းလင်းဖော်ပြခြင်းမပြုပေ။ မီဒီယာဥပဒေကိုလည်း ရေးဆွဲထားပြီး ရှေ့နေချုပ်ရုံးသို့ တင်ပြထားကြောင်း လာမည့် ဇူလိုင်လတွင် ထပ်မံ ခေါ်ယူမည့် လွှတ်တော်အစည်းအဝေးတွင် တင်ပြဖွယ်ရှိသည်ဟုလည်း သိရှိရသည်။

“ဝန်ကြီးဦးကျော်ဆန်း ပြောတာက သမ္မတအမိန့်နဲ့ စာနယ်ဇင်းကောင်စီဖွဲ့မယ်။ ပြီးတာနဲ့ စာပေစိစစ်ရေးလုပ်ငန်းလိုမျိုး မီဒီယာတွေကို ထိန်းကျောင်းတာမျိုး စာနယ်ဇင်းကောင်စီက လုပ်ရမယ်။ ဆိုလိုတာက စာနယ်ဇင်းကောင်စီ ထိန်းကျောင်းခိုင်း မယ်။စိစစ်ရေးတင်စရာမလိုတော့ဘူးဆိုတဲ့ သဘောပဲ။ သတင်းဂျာနယ်တွေ ထုတ်ဝေပြီးမှ စာပေစိစစ်ရေးတင်ရမယ့် အစီအစဉ်မျိုး” ဟု ဝန်ကြီးဦးကျော်ဆန်းနှင့် တွေ့ဆုံခဲ့သည့် သတင်းစာဆရာတဦးက ပြောသည်။

ကလောင်အမည် ရဲရင့်တင့်ဆွေဖြင့် ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်ပြည်သူ့ဆက်ဆံရေး ဒု-ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေကလည်း စာပေစိစစ်ရေးကို ဖျက်သိမ်းတော့မည်ဖြစ်ကြောင်း ၎င်း၏ ဖေ့စ်ဘွတ်တွင် ရေးသားထားသော “ကင်ပေတိုင့်မှာတမ်း” ဆောင်းပါးတွင် အတည်ပြုထားသည်။

“အလုံးစုံသော စာပေစိစစ်ခြင်းလုပ်ငန်းတို့သည် လုံးဝဥသုဉ်ဖျက်သိမ်းပေးရမည်ဖြစ်သည်။ မကြာမတင်သောကာလ အတွင်းတွင် ညွှန်ကြားချက်၊ ဥပဒေအသစ်တို့သည် မုချမလွဲမသွေ ထွက်ပေါ်လာတော့မည်ဖြစ်သည်” ဟု ဦးတင့်ဆွေက ရေးသားသည်သာမက “အမှန်တကယ် စာပေလွတ်လပ်ခွင့်ရှိပြီဆိုလျှင် ဘာလုပ်ကြမလဲဟုသာ အမေးရှိပါက မည်သို့ဖြေဆိုကြပါမည်နည်း။ လွတ်လပ်ခွင့် ဆိုသည်မှာ အစိုးရကို တိုက်ခိုက်ရန်လား၊ နှစ်ငါးဆယ် တွေ့ကြုံခံစားမှုတွေကို ဖော်ထုတ်ရန်လား၊ လက်စားချေရန်လား၊ စာပေ ကင်ပေတိုင်ဆိုသူတွေကိုပဲ အမုန်းပွားဖို့လား၊ စာပေလောကသားအချင်းချင်း လွတ်လွတ်လပ်လပ်ထိုးနှက်တိုက်ခိုက်ကြဖို့လား၊ ဘာတွေဖြစ်လာမည်ကို သိချင်စမ်းလှသည်” ဟူ၍လည်း မေးခွန်းထုတ်ထားသည်။

ဧရာဝတီမှရရှိထားသော ပြန်ကြားရေးဝန်ကြီးဌာန၏ညွှန်ကြားချက်အရမူ စာနယ်ဇင်းကောင်စီမှ ကျင့်သုံးမည့် မူဝါဒမှာ “လက်ရှိပြဌာန်းဆဲဖြစ်သည့် ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေနှင့် သတ်မှတ်ထားသော စာပေစိစစ်ရေးမူ ၁၂ ချက်နှင့်အညီ ရေးသား ပုံနှိပ် ဖြန့်ချိရေးအတွက် စာနယ်ဇင်းများအား စိစစ်ကြပ်မတ် ထိန်းသိမ်းဆောင်ရွက်ရန်” ဟု ပါရှိသည့်အတွက် သတင်းနှင့် စာနယ်ဇင်းလွတ်လပ်ခွင့်ကို ဆက်လက်ထိန်းချုပ်ထားမည်ဖြစ်သည်။

“စာပေစိစစ်ရေးမူတွေနဲ့အညီ ကြပ်မတ်ရမယ်၊ ၁၉၆၂ ဥပဒေအရ ကြပ်မတ်ရမယ်ဆိုတော့ အရင် စာပေစိစစ်နဲ့ ဘာကွာမလဲ” ဟု  မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဖြစ်မြောက်ရေး ကော်မတီမှ နာယက တဦးဖြစ်သော ဦးဝံသက ဆိုသည်။ “အမျိုးသား စာနယ်ဇင်းကောင်စီဆိုတာ ပြည်သူလူထု ယုံကြည်အားထားမှု ရရှိဖို့ လိုတယ်။ စာနယ်ဇင်းကောင်စီက တကယ်လွတ်လပ်တဲ့ ဘယ်သြဇာမှ မခံတဲ့ အဖွဲ့အစည်း ဖြစ်ဖို့ လိုတယ်။ ကောင်စီကနေ အစိုးရ သို့မဟုတ် ဝန်ကြီးဌာန အရှိန်အဝါကို သုံးပြီး အရေးယူတာတို့ ထိန်းချုပ်တာတို့ ကန့်သတ်တာတို့ အဲ့ဒါမျိုး လုပ်တဲ့အဖွဲ့လို့ ယူဆရင် ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှု ရမှာ မဟုတ်ဘူး” ဟုလည်း ပြောဆိုသည်။

မြန်မာနိုင်ငံသတင်းသမားများကွန်ရက်၊  မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း ဖြစ်မြောက်ရေး ကော်မတီတို့က စာနယ်ဇင်းကောင်စီတွင် ပါဝင်ရေး၊ မပါဝင်ရေး အထူးအစည်းအဝေးများ ကျင်းပဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

နယူးယောက်အခြေစိုက် သတင်းစာဆရာများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (Committee to Protect Journalists) အရှေ့တောင်အာရှဆိုင်ရာ ကိုယ်စားလှယ် မစ္စတာ ရှောင်ခရစ်စပင် ကလည်း လက်ရှိပြဌာန်းဆဲ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေနှင့် သတ်မှတ်ထားသော စာပေစိစစ်ရေးမူ ၁၂ ချက်များကို ဆက်လက်ကျင့်သုံးမည်ဆိုပါက မြန်မာ့စာနယ်ဇင်း လွတ်လပ်ခွင့် ဘာမျှတိုးတက်လာမည် မဟုတ်ဟု ဧရာဝတီသို့ ပြောဆိုသည်။

“ဦးသိန်းစိန်ရဲ့ ဒီမိုကရေစီတပိုင်း အစိုးရလက်ထက်မှာ မြန်မာသတင်းနဲ့စာနယ်ဇင်းဟာ တရားဝင် ကာကွယ်မှု အသစ်တွေနဲ့ ပွင့်လင်းလာလိမ့်မယ်လို့ အများက မျှော်လင့်ထားကြပါတယ်။ ဒါပေမယ့် ဒီစည်းကမ်းတွေအတိုင်း ဆက်စခန်းသွားမယ်ဆိုရင်တော့ ကမ္ဘာပေါ်မှာ ဆင်ဆာအဖြတ်ဆုံးနိုင်ငံ စာရင်းကနေ ရုန်းလွတ်ဖို့ မမြင်ဘူး” ဟု ရှောင်ခရစ်စပင်က ပြောဆိုသည်။

သတင်းစာဆရာများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ ၏ မကြာခင်က ထုတ်ပြန်ခဲ့သောအစီရင်ခံစာအရ ကမ္ဘာပေါ်တွင် ဆင်ဆာအဖြတ်ဆုံးနိုင်ငံ ၁၀ နိုင်ငံတွင် မြန်မာက နံပါတ် ၇ ဖြစ်သည်။

ပြန်ကြားရေးဝန်ကြီးဌာန၏ စိစစ်ဖြတ်တောက်မှုမှာ ပုဂ္ဂလိကစာနယ်ဇင်းများသာမက အစိုးရသတင်းစာများကိုပါ တင်းတင်းကြပ်ကြပ်ပြုလုပ်လေ့ရှိရာ သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းများပါမကျန် ဖြတ်တောက်ကြောင်း သိရသည်။ သမ္မတရုံးအနေဖြင့် အင်တာနက်ဝက်ဘ်ဆိုဒ်ထောင်ခြင်း၊ လူမှုကွန်ရက် ဖေ့စ်ဘွတ်သုံးခြင်းတို့မှာ ပြန်ကြားရေးဝန်ကြီးဌာန၏ ဖြတ်တောက်မှုကို ရှောင်ရှားရန် အကြောင်းတချက် ဖြစ်မည်ဟု လေ့လာသူများက သုံးသပ်နေကြသည်။

“အခုအတိုင်းဆို သမ္မတဦးသိန်းစိန်ထက် ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းက ပိုအာဏာရှိနေပုံပဲ” ဟု အမည်မဖော်လိုသူ ရန်ကုန်အခြေစိုက် ထုတ်ဝေသူက ဧရာဝတီသို့ မှတ်ချက်ပေးပြောဆိုသည်။

အောင်သက်ဝိုင်းနှင့် ငြိမ်းငြိမ်းတို့ ပူးပေါင်း သတင်းပေးပို့ချက်ကို ရဲနည် တည်းဖြတ်ရေးသားသည်။

ဧရာဝတီမှ လက်ခံရရှိထားသော ပြန်ကြားရေး ဝန်ကြီးဌာနမှ ညွှန်ကြားချက်၁။ ပုံနှိပ်မီဒီယာ ဥပဒေသစ် မပြဋ္ဌာန်းမီ စာနယ်ဇင်းများ၏ စည်းကမ်းဖောက်ဖျက်မှုများနှင့် ပတ်သက်ပြီး စာနယ်ဇင်းကောင်စီက ဖြေရှင်း ဆောင်ရွက်ပေးစေလိုသည့် လုပ်ငန်းများ။(က) စာနယ်ဇင်း လွတ်လပ်ခွင့်ကို တည်ဆဲ ဥပဒေနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ရန်။

(ခ) လက်ရှိပြဋ္ဌာန်းထားဆဲဖြစ်သည့် ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေနှင့် သတ်မှတ်ထားသော စာပေစိစစ်ရေးမူ ၁၂ ချက်နှင့်အညီ ရေးသားပုံနှိပ်၊ ထုတ်ဝေ၊ ဖြန့်ချိရေးအတွက် စာနယ်ဇင်းများအား စိစစ်ကျပ်မတ် ထိန်းသိမ်း ဆောင်ရွက်ရန်။

(ဂ) စာနယ်ဇင်းကျင့်ဝတ်နှင့်အညီ ရေးသား၊ ပုံနှိပ်၊ ထုတ်ဝေခြင်းမရှိသော စာနယ်ဇင်းများနှင့် စာနယ်ဇင်းသမားတို့အား ကျင့်ဝတ် လိုက်နာရေးအတွက် ကြီးကြပ်ဆောင်ရွက်ရန်။

(ဃ) စာဖတ်သူနှင့် စာနယ်ဇင်းများ အကြားတွင် လည်းကောင်း၊ ဌာနဆိုင်ရာ အဖွဲ့အစည်းနှင့် စာနယ်ဇင်းများ အကြားတွင် လည်းကောင်း ဖြစ်ပေါ်လာသည့် ဝိရောဓိ ပြဿနာများ၊ အငြင်းပွားမှုများကို ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးရန်။

(င) ပုံနှိပ် မီဒီယာလောက အတွင်း ပုံနှိပ်သူ၊ ထုတ်ဝေသူ၊ ဖြန့်ချိသူ၊ စာတည်းအဖွဲ့၊ စာရေးသူနှင့် စာဖတ်သူ စသည်များအကြား ပေါ်ပေါက်လာသည့် မကျေနပ်မှု၊ နစ်နာမှုများနှင့်ပတ်သက်၍ တိုင်ကြားချက်များအပေါ် စုံစမ်းစစ်ဆေး ဆောင်ရွက်ပေးရန်။

(စ) ဖြန့်ချိလိုက်သည့် စာအုပ်၊ စာစောင်များအား ဖြန့်ချိလျှင်ဖြန့်ချိချင်း သတ်မှတ်အုပ်ရေ/စောင်ရေ ကို မှန်ကန်စွာ ပေးပို့ရေးတို့ အတွက် ထုတ်ဝေသူနှင့်ပုံနှိပ်သူများကို တိုက်တွန်းဆောင်ရွက်ပေးရန်။

(ဆ) ပြည်ပမှ တင်သွင်းလာသည့် စာအုပ်စာစောင်များအား စာပေစိစစ်ရေးမူများနှင့်အညီ ရိုက်နှိပ်၊ ထုတ်ဝေခြင်း ရှိ/မရှိလိုအပ်သလို စိစစ် ကြီးကြပ် ဆောင်ရွက်ရန်။

(ဇ) တည်ဆဲဥပဒေအရ ဆောင်ရွက်လျက်ရှိသော ထုတ်ဝေသူ မှတ်ပုံတင်သက်သေခံ လက်မှတ်များအား အချိန်မီ သက်တမ်းတိုး ဆောင်ရွက်ရေးအတွက် စာနယ်ဇင်း ထုတ်ဝေသူများအား နှိုးဆော်ပေးရန်။

(ဈ) ပုံနှိပ်သူ၊ ထုတ်ဝေသူ မှတ်ပုံတင်သက်သေခံ လက်မှတ်မရှိဘဲ စာပေ ပုံနှိပ်၊ ထုတ်ဝေ၊ ဖြန့်ချိသူများ မရှိစေရေးအတွက် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနနှင့်အတူ ပံ့ပိုးထောက်ကူ ဆောင်ရွက်ပေးရန်။

(ည) ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် စာနယ်ဇင်းများအကြား ဆက်သွယ်၊ ပေါင်းစပ်၊ ညှိနှိုင်းဆောင်ရွက်ပေးရန်။ (ဥပမာ – သတင်းစာ ရှင်းလင်းပွဲ ဖိတ်ကြားရာတွင် စာနယ်ဇင်းကောင်စီက တာဝန်ခံ ဆောင်ရွက်ပေးခြင်း)

၂။ မြန်မာနိုင်ငံ အမျိုးသား စာနယ်ဇင်း ကောင်စီ ၏ တာဝန်များမှာ အောက်ပါ အတိုင်း ဖြစ်သည်။

(က) စာနယ်ဇင်း လွတ်လပ်ခွင့်ကို တည်ဆဲဥပဒေနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ခြင်း။

(ခ) စာနယ်ဇင်းနယ်ပယ်အတွင်းမှ ပုဂ္ဂိုလ်များ၏ ရေးသားဟောပြော ဆောင်ရွက်မှုများသည် တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားအား မထိပါးအောင် ကာကွယ်စောင့်ရှောက်စေရေး၊ နိုင်ငံတော်၏ ဂုဏ်သိက္ခာ မထိခိုက်စေရေးနှင့် နိုင်ငံတော်၏ အချုပ်အခြာ အာဏာ မထိခိုက်စေရေးတို့အတွက် ကြီးကြပ် ဆောင်ရွက်ခြင်း။

(ဂ) စာနယ်ဇင်းနယ်ပယ်အတွင်းမှ ပုဂ္ဂိုလ်များ အတွင်း၌ဖြစ်စေ၊ စာနယ်ဇင်းနယ်ပယ်နှင့် ပြင်ပပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ အကြား၌ ဖြစ်စေ ပေါ်ပေါက်သည့် အငြင်းပွားမှုနှင့် တိုင်ကြားမှုများအပေါ် ဥပဒေနှင့်အညီ ဖြေရှင်းပေးခြင်း။

(ဃ) စာနယ်ဇင်းကျင့်ဝတ်များကို ရေးသားပြုစုပြဋ္ဌာန်းခြင်း။

(င) စာနယ်ဇင်းဆိုင်ရာ ကျင့်ဝတ်သိက္ခာများကို စာနယ်ဇင်းနယ်ပယ်အတွင်းမှ ပုဂ္ဂိုလ်များ သိရှိနားလည် လိုက်နာကျင့်သုံးရေးအတွက် လေ့ကျင့်ပညာပေးခြင်း။

(စ) စာနယ်ဇင်းနယ်ပယ်၏ အရည်အသွေး၊ အဆင့်အတန်း မြင့်မားတိုးတက်ရေးအတွက် အားပေးကူညီဆောင်ရွက်ခြင်း။

(ဆ) စာနယ်ဇင်းဆိုင်ရာ အသင်းအဖွဲ့များ စနစ်တကျဖြစ်ထွန်းစေရေးကို အားပေးကူညီခြင်း၊ တိုးတက်မှုများကို မျက်ခြည်မပြတ် လေ့လာသုံးသပ် ပဲ့ပြင်ထိန်းကျောင်းခြင်းနှင့် ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း။

(ဇ) နိုင်ငံရပ်ခြားမှ တင်သွင်းလာသော စာနယ်ဇင်းများနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွားအတွက် သင့်လျော်မှု ရှိ၊ မရှိ စိစစ်ဆောင်ရွက် ထိန်းသိမ်းခြင်း။

(ဈ) ထုတ်ဝေသူ အဖွဲ့အစည်း၊ ထုတ်ဝေသည့် စာနယ်ဇင်း၊ စာအုပ်၊ စာစောင်များနှင့် သက်ဆိုင်သည့် အချက်အလက်များကို မှတ်တမ်းပြုစု ထိန်းသိမ်းခြင်း။

၃။ မြန်မာနိုင်ငံ အမျိုးသား စာနယ်ဇင်းကောင်စီ၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

(က) စာနယ်ဇင်းဆိုင်ရာ ကိစ္စရပ်များအတွက် နိုင်ငံတော်အစိုးရသို့ အကြံပြု တင်ပြခြင်း။

(ခ) စာနယ်ဇင်းကျင့်ဝတ် ချိုးဖောက်မှုများနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် လိုအပ်သလို အရေးယူဆောင်ရွက်ခြင်း။

(ဂ) စာနယ်ဇင်းကောင်စီ၏ လုပ်ငန်းတာဝန်နှင့် သက်ဆိုင်သော ကိစ္စများအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ မှတဆင့် အစိုးရဌာန အသီးသီးနှင့် ဆက်သွယ်ညိနှိုင်း ဆောင်ရွက်ခြင်း။

(ဃ) စာနယ်ဇင်း အဆင့်အတန်းမြှင့်တင်ရေးနှင့် လူသားအရင်းအမြစ် ဖံွ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားနိုင်ငံရေးကို ရှေးရှုသည့် သင်တန်းများ၊ ကျောင်းများ ထူထောင်ဆောင်ရွက်ခြင်း။

(င) နိုင်ငံတကာမှ စာနယ်ဇင်းဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း။

Loading