မြောက်ကိုရီးယားမှ လက်နက်များဝယ်ယူခြင်းမရှိတော့ဟု မြန်မာသမ္မတ ဦးသိန်းစိန်က တောင်ကိုရီးယား သမ္မတ လီမြောင်ဘက် ကို ကတိပေး ပြောကြားလိုက်သည်။

တောင်ကိုရီးယား သမ္မတရုံး ထုတ်ပြန်ကြေညာချက်အရ မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် နျူကလီးယား စီမံကိန်း ပူးပေါင်း ဆောင်ရွက်ခြင်း မည်သည့်အခါမှ မရှိကြောင်း၊ သို့ရာတွင် သမားရိုးကျ စစ်လက်နက်များ အရောင်းအဝယ်ရှိခဲ့ကြောင်း၊ ယခုအခါ ကုလသမဂ္ဂ၏ သဘောတူညီချက်ကို လိုက်နာသောအားဖြင့် လက်နက်ဝယ်ယူမှုမပြုတော့ကြောင်း သမ္မတ ဦးသိန်းစိန်က တောင် ကိုရီးယား သမ္မကို ကတိကဝတ်ပြုလိုက်သည်ဟု သိရှိရသည်။
မစ္စတာ လီမြောင်ဘက်၏ ယခုခရီးစဉ်သည် နှစ်ပေါင်း ၃၀ အတွင်း မြန်မာနိုင်ငံသို့ လာရောက်သည့် တောင်ကိုရီးယား သမ္မတ၏ ပထမဆုံး ခရီးစဉ်ဖြစ်သည်။ မြန်မာနိုင်ငံသို့ နောက်ဆုံး လာရောက်လည်ပတ်ခဲ့သော တောင်ကိုရီးယား သမ္မတမှာ မစ္စတာ ချန်ဒူးဝမ် ဖြစ်သည်။
၁၉၈၃ ခုနှစ်က တောင်ကိုရီးယား သမ္မတ မစ္စတာ ချန်ဒူးဝမ်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးသွားသော အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်တွင် မြောက်ကိုရီးယား သူလျှို ၃ ဦးက ဗုံးခွဲ တိုက်ခိုက် လုပ်ကြံခဲ့ကြသဖြင့် တောင် ကိုရီယား ဒု ဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီး အပါအဝင် အစိုးရ ဝန်ကြီးများ၊ အကြံပေးများ၊ လုံခြုံရေးများ၊ မြန်မာ အရာရှိများ စုစု ပေါင်း ၂၁ ဦး သေဆုံးခဲ့ပြီး ၄၆ ဦး အပြင်းအထန် ဒဏ်ရာ ရခဲ့ကြသည်။
သို့သော် တောင်ကိုရီးယား သမ္မတမှာ နောက်ကျလာခဲ့၍ အသက်ဘေးက ကင်းလွတ်ခဲ့သည်။
ထိုကိစ္စဖြစ်ပွားပြီးနောက် မြောက်ကိုရီးယားနိုင်ငံ သံရုံးကို နှင်ထုတ်ခဲ့ပြီး နှစ်ပေါင်း ၂၅ နှစ်ကျော်ကြာ မြန်မာ-မြောက်ကိုရီးယား၂ နိုင်ငံ ဆက်ဆံရေးကို ပြတ်တောက်ခဲ့သည်။
မြန်မာအစိုးရသည် အဏုမြူနှင့် ဒုံးပျံနည်းပညာ၊ စစ်လက်နက်ပစ္စည်းများနှင့်ပတ်သက်ပြီး လွန်ခဲ့သောနှစ်များအတွင်းက မြောက် ကိုရီးယားနှင့် တိတ်တဆိတ် စစ်ရေးအရ ပြန်လည်ဆက်သွယ်မှုများ လုပ်ခဲ့ကြောင်း အမေရိကန်နှင့် ဒေသတွင်း အစိုးရများက စိုးရိမ်မကင်းဖြစ်လာခဲ့သည်။
ယနေ့ ရန်ကုန်မြို့တွင် တောင်ကိုရီးယား သမ္မတ၏ ခရီးစဉ်အတွက် လုံခြုံရေးတင်းကျပ်စွာ ချထားသည်။
တောင်ကိုရီးယား သမ္မတသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၄၅ မိနစ်ကြာ တွေ့ဆုံခဲ့ပြီး မြန်မာနှင့် တောင်ကိုရီးယားတို့သည် အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ရောက်အောင် ခက်ခဲစွာ ဖြတ်သန်းရမှုမှာ တူညီကြောင်း ပြော ဆိုခဲ့သည်။
ထို့အပြင် ၁၉၈၃ ခုနှစ်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သော အာဇာနည်ကုန်းသို့လည်း ခေတ္တအလည်သွား၍ အာဇာနည်ခေါင်းဆောင်ကြီး များကို အလေးပြုခဲ့သေးသည်။
တောင်ကိုရီးယား သမ္မတရုံး၏ ကြေညာချက်အရ မြန်မာနိုင်ငံသို့ ငွေကြေးထောက်ပံ့မှုများနှင့် ချေးငွေများ တိုးမြှင့်ပေးရန် မစ္စတာ လီမြောင်ဘက်က သဘောတူညီခဲ့ကြောင်းလည်း သိရသည်။ ထို့အပြင် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် မြန်မာကျောင်းသား များကို တောင်ကိုရီးယားသို့ ပညာတော်သင်ပေးမည့် အစီစဉ်များကိုလည်း သဘောတူခဲ့ကြောင်း သိရသည်။