ထိုင်ဝမ်တွင် ရုံးချုပ်ဖွင့်လှစ်ထားသော ကမ္ဘာ့ထိပ်တန်း ဖုန်းကုမ္ပဏီတခုဖြစ်သည့် HTC ၏ အမှုဆောင် အရာရှိချုပ် (CEO) နှင့် ဥက္ကဋ္ဌ မစ္စတာ ပီတာချူး (Peter Chou) က မန္တလေးမြို့၌ အိုင်တီဝါသနာရှင် လူငယ်များနှင့် တွေ့ဆုံရာတွင် မိမိသည် မန္တလေးဇာတိ မြန်မာနိုင်ငံသား တဦးဖြစ်ကြောင်း ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုသည်။
မြန်မာအမည် ဦးဝင်းသန်း ခေါ် မစ္စတာ ပီတာချူး သည် လွန်ခဲ့သည့် နှစ် ၃၀ ခန့်က ထိုင်ဝမ်နိုင်ငံသို့ ပြောင်းရွေ့ အခြေချခဲ့ခြင်းဖြစ်ပြီး ၁၉၇၉ ခုနှစ်အထိ မန္တလေးဒေသကောလိပ်၌ ဒုတိယနှစ်အထိ ပညာသင်ကြားခဲ့သည်။ ယခုခရီးစဉ်မှာ သူ၏ ပထမဆုံးအကြိမ် ပြည်တော်ပြန်ခြင်း ဖြစ်သည်။
မစ္စတာ ပီတာချူး မြန်မာနိုင်ငံသို့ ပြန်လာချိန်သည် သမ္မတ ဦးသိန်းစိန်၏ ပြည်ပရောက် အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် စီးပွားရေး လုပ်ငန်းရှင်များအား ဒုတိယအကြိမ် ဖိတ်ခေါ်မှုနှင့် တိုက်ဆိုင်နေသည်။
သို့သော် မစ္စတာ ပီတာချူးက သူ၏ ပထမအကြိမ် ပြည်တော်ပြန်ခရီးစဉ်သည် ဆွေမျိုး မိတ်သင်္ဂဟများနှင့် တွေဆုံရုံ သက်သက်သာဖြစ်ပြီး စီးပွားရေးအရ ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရန်မဟုတ်ဟု ရင်းနှီးသူများကို ပြောဆိုကြောင်း သိရသည်။
မန္တလေးမြို့ခံ ကွန်ပြူတာပညာရှင် ဦးသိန်းထွဋ်က “အခု တခေါက်ကတော့ ဆွေမျိုးတွေနဲ့ တွေ့ဖို့က အဓိကလို့ ပြောတယ်။ အနာဂတ်မှာတော့ ရင်းနှီးမြုပ်နှံမှုထက် တရားဝင် HTC အရောင်းစင်တာမျိုး ဖွင့်ချင်ဖွင့်နိုင်တယ်” ဟု ဆိုသည်။
HTC ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံ၌ ရင်းနှီးမြုပ်နှံမှု ပြုလုပ်မည် မလုပ်မည်ကို ထိုင်ဝမ်အခြေစိုက် HTC ရုံးချုပ်သို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတဦးက ဖြေဆိုရန် ငြင်းဆိုခဲ့သည်။
မစ္စတာ ပီတာချူးသည် မြန်မာနိုင်ငံ၌ ပညာသင်ကြားစဉ်က ကွန်ပြူတာပညာရှင်များဖြစ်သည့် KMD ဦးသောင်းတင်၊ ဦးသိန်းထွဋ်တို့နှင့် ကျောင်းနေဖက် သူငယ်ချင်းဖြစ်သည်ဟု သိရသည်။
ထို့အပြင် မစ္စတာ ပီတာချူးက မန္တလေးမြို့သည် အလွန်အမင်း ပြောင်းလဲသွားကြောင်း၊ အလုပ်အကိုင်နှင့် ဘဝတိုးတက်ရေးအတွက် ပြည်ပသို့ ထွက်ခွာခဲ့ရသော်လည်း မိမိဇာတိ မြန်မာနိုင်ငံ တိုးတက်သည်ကို မြင်လိုကြောင်း ပြောဆိုသည်ဟု ဦးသိန်းထွဋ်က ဆက်ပြောသည်။
ငယ်စဉ်က မန္တလေးမြို့၌ ရေဒီယို၊ တီဗီ ပြုပြင်ရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့သည့် မစ္စတာ ပီတာချုးသည် ထိုင်ဝမ်နှင့် အမေရိကန်နိုင်ငံတို့၌ ဆက်လက် ပညာသင်ယူခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် HTC ကုမ္ပဏီ၏ CEO ဖြစ်လာခဲ့သည်။
မန္တလေးမြို့ ကွန်ပြူတာပညာရှင်များအသင်း၌ IT ဝါသနာရှင် လူငယ်များနှင့် ယမန်နေ့က တွေ့ဆုံရာတွင် မစ္စတာ ပီတာချူးက မိမိ၏ ငယ်ဘဝရုန်းကန်ရမှုကို ပြောပြကာ လူငယ်များအနေဖြင့် ကြိုးစားစေလိုကြောင်း၊ စွန့်စားတီထွင်ရန်လည်းလိုသလို ဝါသနာကို စည်းစနစ်ကျကျ အကောင်အထည်ဖော်ရန်လိုကြောင်း ပြောဆိုသည်ဟု Alpha Mandalay ကုမ္ပဏီဒါရိုက်တာ ဦးရဲမြတ်သူက ပြောသည်။
မစ္စတာ ပီတာချူးနှင့်အတူ အမေရိကန်နိုင်ငံတွင် နေထိုင်နေသည့် မန္တလေးဇာတိ တရုတ်လူမျိုးဖြစ်သူ ငလျင်ဒဏ်ခံဆိုင်ရာ အဆောက်အဦ တည်ဆောက်မှု ပညာရှင် ဦးအီးကို (ခ) မစ္စတာ ဟားဗတ်အေ လည်း လိုက်ပါလာပြီး မန္တလေး စည်ပင်သာယာရုံးတွင် ငလျင်နှင့်ပတ်သက်သည့် ဟောပြောမှုတရပ် ယနေ့ပြုလုပ်သည်။
HTC ဖုန်းကုမ္ပဏီ၏ CEO မစ္စတာ ပီတာချူးသည် မြန်မာနိုင်ငံတွင် နေထိုင်နေစဉ် နေပြည်တော်သို့ သွားရောက်ကာ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်လည်း တွေ့ဆုံမည်ဟု သိရသည်။