ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်ရှိ ရှားခဲအင်းကြီးကို စီးပွားရေးလုပ်ငန်းရှင်များအား လေလံပေး ရောင်းချခြင်း မပြုရန် ဒေသခံများက ဆန္ဒပြတောင်းဆိုသဖြင့် ယမန်နေ့က ပုသိမ်မြို့ပေါ်တွင်ပြုလုပ်သော အင်း လေလံပွဲတွင် ရှားခဲအင်းအား ခြံလှပ်လိုက်ကြောင်း လေ လံပွဲ တက်ရောက်သူ စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။
မြန်မာနိုင်ငံ ငါးလုပ်ငန်းဦးစီးဌာနက ရှားခဲအင်းကို စီးပွားရေးလုပ်ငန်းရှင်ကုမ္ပဏီကြီးများအား လေလံပေးရောင်းချသဖြင့် ဒေသခံများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကိုထိခိုက်သည်ဟုဆိုကာ ယမန်နေ့က အင်းအနီးရှိ ရှားခဲ ကျေးရွာအပါအဝင် ကျေးရွာစု ၆ စုမှ လူ ၁၅၀ ခန့်က ဆန္ဒပြတောင်းဆိုမှုများပြုလုပ်ပြီးနောက် ရှားခဲအင်းကို လေလံမတင်ဘဲ ရပ်တန့်ထားခြင်းဖြစ်သည်ဟု ဆိုသည်။
“ဒီနေ့လေလံမှာတော့ ရှားခဲအင်းမပါဘူးဗျ။ အင်းအနားက ရွာတွေက ဆန္ဒပြတောင်းဆိုလို့တဲ့။ တခြားအင်းတွေတော့ လေလံ ပါ တယ်”ဟု လေလံပွဲတက်ရောက်ခဲ့သူ လုပ်ငန်းရှင် တဦးက ဧရာဝတီသို့ ပြောသည်။
ဒေသခံများအား လုပ်ကိုင်ခွင့်ပေးရန်နှင့် စီးပွားရေးလုပ်ငန်းရှင် ကုမ္ပဏီများကို လေလံမပေးရန် ယမန်နေ့ နံနက်ပိုင်းက ရှားခဲ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးသို့ ဒေသခံ ၁၅၀ ကျော်က သွားရောက်ဆန္ဒပြခဲ့ပြီး ရဲနှင့် မီးသတ် ၅၀ ကျော်က ပိတ်ဆို့ တားဆီးခဲ့ကြပြီး လေ လံ မပေးရန် ဖြေရှင်းပေးမည်ဖြစ်ကြောင်း သဘောတူခဲ့ကြသည်ဟု ဆိုသည်။
“အင်းက ဒီကုမ္ပဏီတွေ လုပ်ကိုင်ခွင့်ပေးလိုက်ကတည်းက ကျနော်တို့မှာ ဘာမှလုပ်စားလို့ မရဘူးဖြစ်နေတယ်။ ဒီမှာက တံငါအလုပ်ပဲ အားလုံးလို လုပ်ကိုင်စားသောက်ကြတာ။ ကျနော်တို့ကလည်း ဘာမှနားမလည်ဘူး။ ဒီလိုအခွင့် အရေးတွေရှိတယ်ဆိုတာ၊ ILO ကပြောပြလို့ ကျနော်တို့က ကိုယ့်ရပိုင်ခွင့်ကို အခုလိုတောင်းဆိုတာ”ဟု ရှားခဲ ရွာသားတဦးက ဧရာဝတီသို့ ပြောသည်။
အလျား ၁၃ မိုင် အနံ ၆ မိုင် ကျယ်ဝန်းသော ရှားခဲအင်းကို ၁၉၉၈ ခုနှစ် မတိုင်မီ သမဝါယမ ဝန်ကြီးဌာနထံ အခွန်ဆောင်ကာ ဒေသ ခံများက အင်းအတွင်း ငါးဖမ်းခြင်းဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ကိုင်ခဲ့ကြပြီး ထိုနှစ်မှစတင်ကာ မြန်မာနိုင်ငံ ငါးလုပ်ငန်း ဦးစီး ဌာနက ကုမ္ပဏီများကို လေလံပေး ရောင်းချခဲ့သည်။
ရှားခဲအင်းကို ဧရာရွှေဝါ ကုမ္ပဏီသည် ၁၄ နှစ်တာကာလအတွင်း နှစ်အများဆုံး လုပ်ကိုင်ခွင့်ရသော ကုမ္ပဏီဖြစ်ပြီး အင်းအတွင်း ငါးများကို မွေးမြူထုတ်လုပ်ရောင်းချခြင်းပြုလုပ်ကာ အင်းအနီးနေထိုင်သူ ဒေသခံများကိုလည်း အင်းအတွင်း သွားလာမှုများ ကန့်သတ်ခြင်းများပြုလုပ်သည်ဟု ဆိုသည်။ ဧရာရွှေဝါ ကုမ္ပဏီသည် လက်ရှိပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်း၏ သား ဦးအောင်သက်မန်း ပိုင် ကုမ္ပဏီ ဖြစ်ကြောင်း သိရသည်။
ထိုအင်းကို ကျုံပျော်မြိုပေါ်တွင်အခြေစိုက်သော ခလရ ၃၆ တပ်ရင်းကို အခကြေးငွေပေး၍ လုံခြုံရေး တာဝန်ယူစေကာ အင်းအနီး သွားလာသူ ဒေသခံတချို့ကို ငါးခိုးမှုနှင့် ဖမ်းဆီးရိုက်နှက်ခြင်း၊ ပစ်ခတ်ခြင်းများလည်း ရှိခဲ့ကြောင်း၊ ထို့ကြောင့် ဒေသခံရွာသားများ အလုပ်ကိုင်ရရှိစေရန်၊ လွတ်လပ်စွာသွားလာခွင့်ရစေရန်အတွက် ယမန်နေ့က ဆန္ဒပြခဲ့ရခြင်းဖြစ်ကြောင်း ရွာသားများက ပြောဆို သည်။
အလားတူ ပဲခူးတိုင်း ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့နယ်၏ အရှေ့ဘက် ၃ မိုင်ခန့်တွင်ရှိသော နောင်ချီအင်း ကိုလည်း ငါးလုပ်ငန်း ဦးစီးဌာနက၂၀၀၈ ခုနှစ်မှ စတင်၍ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ ၇၃ တပ်ရင်းမှ ဒုရင်းမှူး ဗိုလ်မှူး တင့်နိုင်၏ ဇနီး ကြံ့ခိုင်ရေးပါတီဝင် ဒေါ်ထွေးထွေးခိုင်အား ၄ နှစ်ဆက်တိုက် လုပ်ကိုင်ခွင့်ပေးထားသဖြင့် ၎င်းတို့၏လုပ်ငန်းများ ထိခိုက်ကြောင်း ဒေသခံများက ဧရာဝတီသို့ ပြောပြသည်။
“ဒီအင်းက အရင်တုန်းက ကျနော်တို့ကိုယ်တိုင် ငါးဦးစီးကို အခွန်ပေးလုပ်နေရတာ။ အခု တဆင့်ခံ အမြတ်ကြီးပေးပြီး လုပ်နေရတာ ကျနော်တို့မှာလည်း အချိန်ကုန်လူပန်း အရှုံးကြီးပဲ။ ဘယ်သူ့မှလည်း သွားမတိုင်ရဲဘူးလေ။ သူ့နောက်မှာက စစ်တပ်ဆိုတော့ ကျနော် တို့ မိသားစုတွေ ဒုက္ခမရောက်စေချင်ဘူး”ဟု နောင်ချီအင်း တံငါ လုပ်ငန်းရှင် တဦးက ပြောသည်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် နောင်ချီအင်းအတွက် တနှစ်စာ အခွန်ငွေမှာ ကျပ် ၁၅ သိန်း ဖြစ်သော်လည်း ဒေါ်ထွေးထွေးခိုင် က ဒေသခံ တံငါလုပ်ငန်းရှင်များထံ ကျပ် ၁၇၅ သိန်းဖြင့် ပြန်လည်ရောင်းချခဲ့ကြောင်း ထိုနှစ်အတွင်းတွင် ရာသီဥတု ဖောက်ပြန်သဖြင့် တံငါ လုပ်ငန်ရှင်များမျာ ကျပ် သိန်း ၅၀ ကျော် အရှုံးပေါ်ခဲ့ကြောင်း ပြောဆိုကြသည်။