စာပေစိစစ်ရေးသို့ မူကြမ်းတင်ပြနေရဆဲဖြစ်သည့် သတင်းဂျာနယ်၊ နိုင်ငံရေးနှင့် ဘာသာရေး စာနယ်ဇင်းအမျိုးအစားများ စိစစ်မှုကို သမ္မတ အမိန့်ဖြင့် ဖွဲ့စည်းမည့် စာနယ်ဇင်းကောင်စီ ပေါ်ပေါက်လာပါက ဇွန်လတွင် ဖျက်သိမ်းမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ စာပေစိစစ်ရေးရုံးတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ကျင်းပသော စတ္တုတ္ထအဆင့် စာပေစိစစ်ရေးမူဝါဒများ ဖြေလျှော့ရေး ရှင်းလင်းသည့် အစည်းအဝေးတွင် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှူး ဦးတင့်ဆွေက “စာနယ်ဇင်းကောင်စီ ပေါ်လာလို့ရှိရင် နိုင်ငံရေးနဲ့ ဘာသာရေးတွေကို ဖြေလျှော့ပေးလိုက်မှာပါ။ ဝန်ကြီး (ဦးကျော်ဆန်း) လည်း ပြောထားပြီးသားပဲ။ ဘာမှ မရှိတော့ဘူး။ ဒါကြောင့်မို့လို့ သာမန်အားဖြင့် ပြောရရင် ၂၀၁၂ ခုနှစ် ဇွန်လဆိုရင် ဆင်ဆာလုပ်တာတွေ မရှိတော့ဘူး” ဟု ပြောသည်။
အဆိုပါ အစည်းအဝေးတွင် ဝတ္တုစာပေများအပေါ် စိစစ်မှုများ ဖျက်သိမ်းလိုက်ပြီး လုံးချင်းဝတ္တုများအပါအဝင် ဝတ္တုအမျိုးအစားစာပေများ စာပေစိစစ်ရေး တင်ပြရန်မလိုတော့ဘဲ ထုတ်ဝေခွင့်ပြုလိုက်ကြောင်း ကြေညာသည်။
၂၀၁၁ ဇွန်လတွင် ကျန်းမာရေး၊ အားကစား၊ နည်းပညာ၊ အနုပညာ၊ ကလေးစာပေ စုစုပေါင်း စာနယ်ဇင်းအမျိုးအစား ၅ ခုနှင့် ဒီဇင်ဘာတွင် မှုခင်းနှင့် စီးပွားရေးဆိုင်ရာ ဂျာနယ်၊ မဂ္ဂဇင်း ၅၀ ကျော်ကို စာပေစိစစ်ရေးတင်ပြရန် မလိုဘဲ ထုတ်ဝေခွင့်ပြုခဲ့သည်။
မီဒီယာဥပဒေ မပေါ်သမျှ ကာလပတ်လုံး ၁၉၆၂ ပုံနှိပ်ဥပဒေ အသက်ဝင်နေပြီး လေးစားလိုက်နာရမည်ဖြစ်ကြောင်း သိရသည်။
လတ်တလောတွင် ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထားသော မီဒီယာဥပဒေကြမ်းကို ရှေ့နေချုပ်ရုံးသို့ တင်ပြထားကြောင်း ဦးတင့်ဆွေက ဆိုသည်။
“လောလောဆယ် လျှို့ဝှက်ဥပဒေအရ မီဒီယာဥပဒေကို ချပြလို့မရသေးဘူး။ သို့သော်လည်း ချပြလို့ရတဲ့ အချိန်ကျရင် ချပြရမယ်။ ဇူလိုင်လ လွှတ်တော်မှာ ဥပဒေကြမ်းတင်မယ်။ အဆင်ပြေခဲ့ရင်တော့ သြဂုတ်လလောက်ဆိုရင် လုံးဝကို စိစစ်ရေးရှိတော့မှာမဟုတ်ဘူး” ဟု ဦးတင့်ဆွေက ဆိုသည်။
စာပေစိစစ်ရေးတင်ပြရန် မလိုသော်လည်း အသေးစိတ် အခြေခံရမည့်မူများတွင် ဒို့တာဝန်အရေးသုံးပါးကို မထိပါးရန်၊ နိုင်ငံတော်၏မူဝါဒနှင့် နိုင်ငံတော်အစိုးရကို အဖျက်သဘော ဝေဖန်ရေးသားခြင်းမပြုရန်၊ နိုင်ငံတကာနှင့် ချစ်ကြည်ရင်းနှီးမှု ထိခိုက်စေမည့် အချက်များကို မဖော်ပြရန်၊ အဂတိလိုက်စားမှု၊ တရားမဝင် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှု၊ အဓမ္မလုပ်အားပေးခိုင်းစေမှု၊ လူကုန်ကူးမှု၊ ကလေးစစ်သား စသော အကြောင်းအရာတို့နှင့် ပတ်သက်၍ အရင်းအမြစ်မခိုင်မာဘဲ ရေးသားဖော်ပြခြင်းမပြုရန်၊ နိုင်ငံတော်အား ဆန့်ကျင်နှောင့်ယှက်နေသော လူပုဂ္ဂိုလ် အဖွဲ့အစည်းများနှင့်ပတ်သက်၍ လှုံ့ဆော်အားပေးထောက်ခံသည့် အရေးသားများ ရေးသားဖော်ပြခြင်းမပြုရန်၊ ဌာဆိုင်ရာလုပ်ငန်များ ပုဂ္ဂလိကလုပ်ငန်းများ၏ အားနည်းချက်များ ထောက်ပြဝေဖန်ရာတွင် အချိန်၊ နေရာ၊ အဖွဲ့အစည်းအမည် စသည်ဖြင့် သတင်းရင်းမြစ်နှင့် အထောက်အထား ခိုင်ခိုင်လုံလုံ ရေးသားဖော်ပြရန် အပါအဝင် အချက် ၁၅ ချက်ကို လေးစားလိုက်နာရမည်ဖြစ်ကြောင်း သိရှိရသည်။
ဆက်စပ်သတင်း
- စိစစ်ရေးဖျက်သိမ်းသော်လည်း သတင်းလွတ်လပ်ခွင့်ရမည်မဟုတ်
- မှုခင်းနှင့် စီးပွားရေး ဂျာနယ်၊ မဂ္ဂဇင်းများ ထုတ်တင်ခွင့် ပြုလိုက်ပြီ
- စာနယ်ဇင်း လွတ်လပ်တဲ့ခေတ်ကို ရောက်ရမည် မလွဲပါ