သတင်း

ပိတ်လှောင်ခိုင်းစေခံရသည့် မြန်မာအလုပ်သမား ၁၅၀ ခန့်ကို ကယ်ဆယ်

This article has been converted from Zawgyi One to Unicode

ထိုင်းနိုင်ငံတောင်ပိုင်း မဟာချိုင်ဒေသရှိ စက်ရုံတခုတွင် လှောင်ပိတ် ခိုင်းစေခံထားရသည့် မြန်မာအလုပ်သမား ၁၅၀ ခန့်အား ထိုင်းရဲတပ်ဖွဲ့နှင့် အလုပ်သမား အရေးဆောင်ရွက်နေသည့် အဖွဲတို့ ပူးပေါင်းပြီး ယမန်နေ့က ကယ်ထုတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ရဲစခန်းသို့ ရောက်ရှိလာသည့် မြန်မာအလုပ်သမားများကို ကူညီသူများက ကျွေးမွေးစဉ် (ဓာတ်ပုံ - BAT)

မဟာချိုင်ဒေသ၊ ဆွေမမလမ်းရှိ ဆန်းထေ့ ပုစွန်စက်ရုံမှ အလုပ်သမားများသည် လုပ်ခလစာမရခြင်း၊ အပြင် ထွက်ခွင့် မရှိခြင်း၊ အစားအသောက် မလုံလောက်ခြင်း စသည်တို့နှင့် ကြုံနေရကြောင်း၊ စက်ရုံပြင်ပသို့ ရောက်ရှိလာသည့် အလုပ်သမားတဦးကို အကူအညီတောင်းခံရာမှ ယခုကဲ့သို့ ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ ဦးကျော်သောင်းက ဧရာဝတီကို ပြောသည်။

“အလုပ်သမား ၁၄၆ ယောက်ပါ။ ဆိုင်းဘုတ်တွေ တရားဝင်ကပ်ထားပြီး လုပ်နေတဲ့ စက်ရုံ မဟုတ်ဘဲ အိမ်ရဲ့ မြေအောက်ခန်းထဲမှာ ကျေးကျွန်သဖွယ် ဖိနှိပ် ခိုင်းစေခံထားရပါတယ်” ဟု ဦးကျော်သောင်း က ဆိုသည်။

ထိုစက်ရုံရှိ အလုပ်သမားတဦးမှ ၎င်းတို့ထံ ဆက်သွယ်လာ၍ ထိုင်းအာဏာပိုင်များထံ အကြောင်းကြားသော်လည်း ခိုင်လုံသည့် ဓာတ်ပုံ၊ ဗီဒီယို အထောက်အထား ပါရှိမှ ဆောင်ရွက်ပေးမည်ဟု ဆိုသည့်အတွက် မှတ်တမ်းဓာတ်ပုံရရှိရေးကို စွန့်စွန့်စားစား ကြိုးပမ်းခဲ့ရကြောင်း မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့သူတဦးက ပြောသည်။

“ဗီဒီယိုတွေ၊ ဓာတ်ပုံတွေ ခိုးပြီး ရိုက်ခဲ့ရတာပါ။ လူမိုက်တွေမြင်မှာ ကြောက်ရသလို ထိုင်းရဲတွေမြင်မှာကိုလည်း စိုးရိမ်ရပါတယ်။ ကျနော်ကိုယ်တိုင်က ဘတ် (အလုပ်သမားလက်မှတ်) မရှိဘဲ နေထိုင်ရလို့ပါ။ ကိုယ့်နိုင်ငံသားတွေလည်း လွတ်မြောက်စေချင်လို့ စွန့်စားခဲ့တာပါ” ဟု ၎င်း က ဆိုသည်။

မှတ်တမ်း ဓာတ်ပုံများအား ထိုင်းရဲတပ်ဖွဲ့၊ ကုလသမဂ္ဂ လက်အောက်ခံ အလုပ်သမားအဖွဲ့တို့ထံ တင်ပြကာ ၎င်းအဖွဲ့အစည်းများအကူအညီဖြင့် စက်ရုံ ပိုင်ရှင်နှင့် မြန်မာ အလုပ်သမားခေါင်းတို့အား ဖမ်းဆီး၍ အလုပ်သမားများကို ကယ်ထုတ်နိုင်ခဲ့ကြောင်းသိရသည်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (BAT)၊ ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့ (AHTD)၊ ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ (UNIAP)၊ မြန်မာသံရုံး အလုပ်သမားကူညီ စောင့်ရှောက်ရေးအဖွဲ့၊ ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေးဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်း (FED)  စသည့် အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

ကယ်ဆယ်ခဲ့သည့် အလုပ်သမားများအား အာဏာများက ခေါ်ဆောင်သွားပြီး ဒုက္ခသည် ထိန်းသိမ်းရေး စခန်းများ၌ နေရာချပေးထားကြောင်း ဦးကျော်သောင်းက ဆိုသည်။

ထိုစက်ရုံရှိ အလုပ်သမား တချို့သည် လှောင်ပိတ်ခံထားရသည်မှာ နှစ်နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ နေထိုင် မကောင်းပါကလည်း
ဆေးကုသခွင့် မရကြောင်း၊ တရက်လျှင် နာရီ ၂၀ ဝန်းကျင် လုပ်ကိုင်ရပြီး ပိတ်ရက်မရှိဟု လွတ်မြောက်လာသူ အလုပ်သမားတဦးက ဧရာဝတီကို ပြောသည်။

လွတ်မြောက်လာသူ တခြားအလုပ်သမားတဦးကလည်း “စက်ရုံထဲကနေ အပြင်ထွက်လိုက်တာနဲ့ ငရဲပြည်ကနေ နတ်ပြည်သို့ ချက်ချင်း ရောက်သွားသလိုပဲဗျာ” ဟု ပြောသည်။

အလုပ်သမားများသည် တခါတရံ၌ နံက် ၄ နာရီ မှ ည ၁၀ နာရီထိ အအေးခန်းထဲတွင် ပုစွန်အခွံများ ခွာရကြောင်း၊ ထမင်းစားချိန်မှ လွဲ၍ နားခွင့်မရှိကြောင်း၊ မတော်တဆ အိပ်ငိုက်မိပါက အလုပ်သမားခေါင်းဆောင်၏ ရိုင်းစိုင်းကြမ်းတမ်းစွာ ဆဲဆိုခြင်း၊ ရိုက်နှက်ခြင်း ခံရကြောင်း အလုပ်သမားများက ဆိုသည်။

“ထမင်းစားချိန် မိနစ် ၂၀ ပဲရတယ်။ ကျနော်ဆိုရင် အိပ်ငိုက်မှာစိုးလို့  စာရေးမတချို့ ခိုးရောင်းတဲ့ ၅ ဘတ်တန် မန်ကျည်းစေ့လှော်တွေကို ခိုးပြီး ဝါးရတယ်” ဟု အလုပ်သမားတဦးက ဆိုသည်။

ယခုဖမ်းဆီးထားသည့် မြန်မာနိုင်ငံသား အလုပ်သမားခေါင်းဆောင် ကိုကျော်စိုး ဆိုသူသည် မိမိနိုင်ငံသား အချင်းချင်းအပေါ် ကြမ်းတမ်းစွာ ဆက်ဆံပြောဆိုကြောင်း၊ ၎င်း မကျေနပ်သည့် အလုပ်သမားများကို ရှေ့မှောက် ခေါ်ယူပြီး ဒူးထောက်ခိုင်းကာ ပါးရိုက်လေ့ရှိကြောင်းလည်း အလုပ်သမားများက ပြောသည်။

ထိုင်းနိုင်ငံ စမွတ်ပကန်ဒေသ၌ ရဲဌာန ၁၄ ခု ပူးပေါင်း၍ တရားမဝင် အလုပ်သမား အမျိုးသား၊ အမျိုးသမီး တထောင်ကျော်အား ယမန်နေ့က ဖမ်းဆီးခဲ့ရာ မြန်မာနိုင်ငံသား ၃၈၆ ယောက်ပါဝင်ပြီး ကျန်သူများမှ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံမှ အလုပ်သမားများဖြစ်ကြောင်း၊ ၎င်းတို့အား စမွတ်ပကန် လူဝင်မှုကြီးကြပ်ရေး အချုပ်ခန်းမှတဆင့် သက်ဆိုင်ရာ နယ်စပ်ဒေသများသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း ယနေ့ထုတ် ထိုင်းသတင်းစာများ၌ ဖော်ပြထားသည်။

ထိုသို့ စီမံချက်ချမှတ်၍ ဖမ်းဆီးခြင်းသည် အလုပ်သမားများအကြား မူးယစ်ဆေးဝါး ပြန့်နှံ့နေသည့်အတွက် ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးသည် တရားမဝင် အလုပ်သမား တချို့ထံမှလာကြောင်း၊ အလုပ်သမား တထောင်ကျော် ဖမ်းဆီးခြင်းနှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ရဲတပ်ဖွဲ့ အကြီးအကဲတဦး၏ ပြောကြားချက်ကို ထိုင်းဘာသာဖြင့် ထုတ်ဝေသည့် သတင်းစာများ၌ ဖော်ပြထားသည်။

ထိုင်းနိုင်ငံ၌ မြန်မာနိုင်ငံသား တရားမဝင် အလုပ်သမား သိန်း၊ သန်းချီရှိကြောင်း၊ ထိုအလုပ်သမားများ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရရေးကို  မြန်မာအစိုးရအနေဖြင့် ဆောင်ရွက်ပေးသင့်ကြောင်း ဦးကျော်သောင်းက ပြောသည်။

၎င်းက “ပွဲစားတွေက တဆင့်မဟုတ်ဘဲ တရားဝင်လာပြီး လုပ်ခွင့်ရဖို့ရယ်။ ဒီက ပြန်သွားတဲ့ လူတွေကိုလည်းပဲ  အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ ကိစ္စတွေ အရေးကြီးပါတယ်။ မဟုတ်ရင် ဒီလိုပဲ ဒုက္ခရောက်၊ ရောင်းစားတာတွေ ကြုံနေရဦးမှာပါ” ဟု ဆိုသည်။

အလားတူ တရားဝင် နိုင်ငံကူးစာအုပ် ကိုင်ဆောင်ထားသည့် မြန်မာ အလုပ်သမား ၁၅ ဦးသည် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မှ အကျိုးဆောင်ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုကာ ထိုင်းနိုင်ငံ အလုပ်ရုံတခု၌ အလုပ်ရရှိခဲ့ကြောင်း၊ အလုပ်ရှင်မှ လုပ်ခ မပေးဘဲ နှင်ထုတ်၍ မြန်မာသံရုံးထံ မေလ ၁၄ ရက်နေ့တွင် တိုင်ကြားခဲ့ကြောင်း၊ သံရုံးမှ တာဝန်ယူဖြေရှင်း မပေး၍ ယခုအခါ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး သီးတင်းသုံးနေသည့် ရွှေတွံတေးဆရာတော် အရှင်ဝါယမ က ကူညီစောင့်ေရှောက်ထားကြောင်းလည်း သိရသည်။

ထိုင်းနိုင်ငံအတွင်း၌ မြန်မာနိုင်ငံသား တရားဝင်လက်မှတ်ရှိသူ အလုပ်သမား ဦးရေ ၂ သန်း ဝန်းကျင်နှင့် တရားမဝင်သည့် အလုပ်သမားဦးရေ ၂ သန်းဝန်းကျင်ရှိကြောင်း အလုပ်သမားအရေး ကူညီပေးနေသည့် အဖွဲ့များထံမှ သိရသည်။

Loading