ရွှေတြိဂံဒေသတွင် လှုပ်ရှားခဲ့ပြီး မကြာသေးမီက အဖမ်းခံလိုက်ရသော မူးယစ်ရာဇာ နော်ခမ်း၏ နောက်လိုက်အဖွဲ့ဝင် ၂၅ ဦးသည် တာချီလိတ်မြို့နယ်ရှိ အစိုးရတပ်ဖွဲ့ထံ ယမန်နေ့က လက်နက်ချခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အဖွဲ့ဝင်များကို တာချီလိတ်မြို့နယ် အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) ၃၅၉ တပ်နယ်မြေမှ ဗိုလ်မှူးကြီး ခင်မောင်စိုးက အခမ်းအနားပြုလုပ်၍ ကြိုဆိုခဲ့ကြောင်း အစိုးရနှင့် နီးစပ်သူတဦးက ပြောသည်။
ဧပြီလ ၂၆ ရက်နေ့ မနက်က မြန်မာနိုင်ငံသား မူးယစ်ရာဇာ နော်ခမ်းနှင့်အတူ အဖွဲ့ဝင် ၄ ဦးကို လာအိုစစ်တပ်က ပစ်ခတ်ဖမ်းဆီးခဲ့သည်။
ယခု အစိုးရထံ လက်နက်ချသည့် အဖွဲ့ဝင် ၂၅ ဦးသည် ဝမ်ပုံကျေးရွာဒေသတွင် လှုပ်ရှားနေသူများဖြစ်ပြီး လတ်တလောတွင် အစိုးရ အာဏာပိုင်များက စစ်တပ်ထဲတွင် ခေါ်ယူထားကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။
ရှမ်းသံတော်ဆင့် အယ်ဒီတာနှင့် ရှမ်းပြည် မူးယစ်ဆေးဝါး စောင့်ကြည့်ရေးအဖွဲ့၏ ဒါရိုက်တာဖြစ်သူ ဦးခွန်စိုင်းက နော်ခမ်း အဖမ်းခံရမှုနှင့် ပတ်သက်၍ ရွာသူရွာသားများအနေနှင့် ကျန်ရှိနေသည့် တပ်ဖွဲ့ဝင်တချို့ကို လက်မခံသောကြောင့် ဖြစ်နိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။
“သူလို အစားထိုးနိုင်တဲ့ လူလည်း တယောက်မှ မရှိဘူး၊ အခုလောလောဆယ် မရှိဘူးပေါ့ဗျာ။ ဒါကြောင့် တချို့ကလည်း ထိုင်းနိုင်ငံကို လာနိုင်တဲ့လူတွေလည်း လာတယ်။ လာအိုနိုင်ငံဘက်ကိုလည်းသွားတယ်။ လာအိုလည်း မသွားနိုင်၊ ထိုင်းကိုလည်း မသွားနိုင်တဲ့လူတွေ အကုန်လုံးက လက်နက်ချတာပေါ့” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့်လက ၎င်းတို့၏ ခေါင်းဆောင် နော်ခမ်းကို တရုတ်သင်္ဘောသား ၁၃ ဦးအား မဲခေါင်မြစ်အတွင်း သတ်ဖြတ်မှုနှင့် ပတ်သက်၍ သံသယရှိသောကြောင့် လာအိုအာဏာပိုင်များက တရုတ်ရဲလက်သို့ လွှဲပြောင်းပေးထားကြောင်းသိရသည်။
တရုတ် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနရှိ မူးယစ်ဆေးထိန်းချုပ်ရေး ဗြူရို ညွှန်ကြားရေးမှူး Liu Yuejin က တရုတ်၊ လာအို၊ မြန်မာနှင့် ထိုင်းတို့သည် နယ်စပ်ဖြတ်ကျော် မူခင်းများ တိုက်ဖျက်ရေးအတွက် အတူပူးပေါင်း ဆောင်ရွက်နေကြောင်း၊ ထို့ကြောင့် ဖမ်းမိထားသော ဂိုဏ်းခေါင်းဆောင် နော်ခမ်းကို လွှဲပြောင်းယူခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြခဲ့သည်။
အင်အား ၁၀၀ ခန့်ရှိ နော်ခမ်းအဖွဲ့သည် မဲခေါင်မြစ်တလျှောက် သွားလာနေသည့် ကုန်သဘောၤများထံမှ ဆက်ကြေးကောက်ခံလေ့ရှိသည်။
၂၀၁၀ ပြည်နှစ် ဖေဖော်ဝါရီလကလည်း မဲခေါင်မြစ်အတွင်း နော်ခမ်း၏ တပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် ပစ်ခတ်မှုကြောင့် တာချီလိတ်မြို့နယ် ရဲစခန်းမှူး ဦးခင်မောင်ရင် အပါအဝင် တပ်သား ၁၅ ဦး သေဆုံးခဲ့သည်။
နော်ခမ်းသည် ၁၉၉၆ ခုနှစ်တွင် လက်နက်ချခဲ့သော ဦးခွန်ဆာ ခေါင်းဆာင်သည့် မော်ထိုင်း တပ်မတော် (MTA) တပ်ဖွဲ့ဝင်ဟောင်းဖြစ်သည်။ ၂၀၀၆ ခုနှစ်မှ စတင်၍ လက်နက်ကိုင်ပြီး ရွှေတြိဂံနယ်မြေ၌ ပြန်လည် လှုပ်ရှားခဲ့ကြောင်း၊ တပ်ဖွဲ့ကို လားဟူ၊ ရှမ်း တိုင်းရင်းသားများနှင့် ဖွဲ့စည်းထားကြောင်း သိရသည်။