အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် ဦးတေဇပိုင် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (Asia Green Development Bank-AGD) သည် ထိုင်းနိုင်ငံရှိ ပုဂ္ဂလိက ဘဏ်တခုဖြစ်သော K-Bank (Kasikorn Bank)နှင့် ပူးပေါင်း၍ ငွေလွှဲမှု လုပ်ငန်းများကို ဇွန် လ ဆန်းပိုင်းတွင် စတင် ဆောင်ရွက်မည် ဖြစ်ကြောင်း သတင်းရသည်။
ထိုင်းနှင့်မြန်မာ ပုဂ္ဂလိကဘဏ်မှတဆင့် ငွေလွှဲနိုင်မည့် ယခု အစီအစဉ်သည် ပထမဆုံး ပြုလုပ်သည့် အစီအစဉ်လည်း ဖြစ်သည်။
ယင်း အစီအစဉ်အရ ဘဏ်မှ တရက်လျှင် ဘတ် ငွေ ၉၀၀၀၀ (အမေရိကန် ဒေါ်လာ ၃၀၀၀) ခန့် လွှဲခွင့်ပြုမည်ကြောင်း Kasi korn Bank ၏ ဒု ဥက္ကဋ္ဌ Mr.Somkiat Siri Chat ၏ ပြောကြားချက်ကို မန်နေဂျာ အွန်လိုင်း အင်တာနက် စာမျက်နှာတွင် ယမန်နေ့က ဖော်ပြ ထားသည်။
“အခုလို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရတဲ့ အကြောင်းကတော့ ထိုင်းနိုင်ငံမှာ ရှိနေတဲ့ အလုပ်သမားတွေ ယုံကြည်စိတ်ချစွာနဲ့ ဘဏ် ကနေ တဆင့် ငွေလွှဲလို့ အဆင်ပြေအောင် ဖြစ်ပါတယ်၊ အချိန်နဲ့ ငွေလက်ခံရရှိတဲ့ အထိ ဘဏ်ကနေ အာမခံတယ်”ဟု Mr.Somkiat Siri Chat က ဆိုသည်။
ယခုငွေလွှဲအစီအစဉ်အား ထိုင်းတွင် တရားဝင် လာရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၁.၆ သန်း ခန့်ကို ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသားအများစု နေထိုင်ကြသည့် ဘန်ကောက်၊ ဆမွတ်ဆာခွန်၊ စမွတ်ပကန်၊ နွန်ထပ်ဘူရီ၊ ပထုံ ဌာနီ၊ ချွန်ဘူရီ၊ လရောင်း၊ စူရတ်ဌာနီ၊ စွန်းခလာ၊ ဖူးကက် နှင့် ချင်းမိုင်မြို့များရှိ Kasi korn Bank နှင့် ATM များမှ ပေးပို့နိုင်မည်ဖြစ် ကြောင်း သိရသည်။
ထိုင်းနိုင်ငံရှိ Kasikorn Bank အနေနှင့် လာမည့် အောက်တိုဘာလအတွင်း မြန်မာနိုင်ငံ၌ ရုံးခွဲဖွင့်နိုင်ရန် မျှော်လင့်ထားကြောင်း လည်း Mr.Somkiat Siri Chat က ဆက်ပြောသည်။
ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများက မြန်မာနိုင်ငံရှိ မိသားစုဝင်များထံသို့ ငွေလွှဲ ပို့ရာတွင် ငွေလွှဲသူ၏ အမည်၊ မှတ်ပုံ တင် နံပါတ်(သို့) ပတ်စ်ပို့ နံပါတ်(သို့) အလုပ်သမား မှတ်ပုံတင် နံပါတ်၊ လိပ်စာ (ငွေကြေး ခဝါချမှု ဥပဒေအရ လိုအပ်ချက်)၊ ဖုန်းနံ ပါတ်(ငွေလွှဲလာ မထုတ်လျှင် ပြန်ဆက်သွယ်ရန်)တို့ကို ပေးရမည်ဖြစ်ကြောင်း၊ ငွေလက်ခံမည့် သူ၏ အမည်၊ မှတ်ပုံတင်၊ ဖုန်းနံပါတ် (ငွေလွှဲ ရောက်ကြောင်း အကြောင်းကြားရန်)၊ မည်သည့်မြို့၊ မည်သည့်ဘဏ်ခွဲသို့ လွှဲလိုသည် စသည်တို့ ပေးရန်လည်း လိုအပ်ကြောင်း AGD Bank က ရှင်းပြသည်။
ငွေလွှဲလက်ခံသူ အနေဖြင့် မှတ်ပုံတင်ပြပြီး ငွေထုတ်ယူနိုင်ပြီး AGD ဘဏ် ၏ နေ့စဉ် ငွေလဲ ကောင်တာမှ အမေရိကန် ဒေါ်လာ ဝယ်ဈေးဖြင့် သတ်မှတ်ပေးမည်ဟု သိရသည်။ AGD ဘဏ်က အမေရိကန်ဒေါ်လာ ၁၀၀ မှ ၃၀၀၀ အထိကို ငွေလွှဲခ ဘတ်ငွေ ၁၅၀ ယူမည်ဟုလည်း ဆိုသည်။
ယင်းသို့ ဘဏ်မှငွေလွှဲရန်အတွက် စက်ရုံ အလုပ်ရုံများတွင် လုပ်ကိုင်နေသည့် အလုပ်သမားများအနေနှင့် ဘာသာစကား သုံးစွဲမှုနှင့် သွားရေးလာရေး ကိစ္စများတွင် အခက်အခဲများ ကြုံတွေ့ရနိုင်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာ အလုပ်သမားတချို့က ပြောဆိုသည်။