ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ် အနီးတွင် ရဲတပ်ရင်း ၈ က ရဲတပ်သား ၇၀ ခန့်သည် ရပ်ကွက်တွင်း သို့ ဝင်ရောက် ရမ်းကားမှုကြောင့် လူငယ်တချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရသည်။
“ကျနော်တို့ လက်ဖက်ရည်ဆိုင် ထိုင်နေတုန်း နောက်ကနေ ခေါင်းကို နံပါတ်တုတ်နဲ့ ရိုက်သွားတာ။ ရဲက အယောက် ၇၀ လောက် ရှိမယ်။ ဆိုင်ထဲမှာ ရှိတဲ့လူ အကုန်လုံးလောက် အရိုက်ခံရတယ်။ ဒဏ်ရာရတာပဲ အနည်းနဲ့အများ ကွာသွားတာ”ဟု ရိုက် နှက်ခံခဲ့ရသူ တဦးဖြစ်သည့် မောင်ဇင်မင်းပိုင် က ဧရာဝတီကို ပြောသည်။
ဦးခေါင်းကို အရိုက်ခံရများထဲတွင် သူကအနည်းငယ်သာ ထိခိုက်ခဲ့သော်လည်း သူငယ်ချင်းဖြစ်သူများမှာ ဦးခေါင်း ကွဲခြင်း၊ လက် စသည်တို့တွင် ဒဏ်ရာများ အသီးသီး ရခဲ့ခြင်းများ ရှိကြောင်း၊ ရပ်ကွက်ကိုလည်း မဖွယ်မယာ ပြုမူလုပ်ပြပြီး ဆဲဆိုကြိမ်း မောင်း သွားခဲ့ကြောင်း၊ ညတွင်းချင်း ထောက်ကြံ့ ရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့သော်လည်း ကြေအေးရန်သာ တိုက်တွန်း ခံခဲ့ရကြောင်း မောင်ဇင်မင်းပိုင်က ဆက်ပြောသည်။
“သူတို့က ရပ်ကွက်ကိုလည်း မီးနဲ့ရှို့မယ်၊ နောက် ယုတ်ယုတ်မာမာတွေလည်း ဆဲသွားတယ်။ သူတို့က ရပ်ကွက်ထဲက ဆိုင်တွေ အကုန်လုံးကိုလည်း တခါးတွေကို တုတ်နဲ့ ရိုက်တာတို့၊ ဆိုင်းဘုတ်တွေကို ခဲနဲ့ထုတာတို့လုပ်ပြီးတော့ သူတို့က တစု တဝေးတည်း ရဲတပ်ရင်းကို ပြန်ဝင်သွားပါတယ်”ဟု မောင်ဇင်မင်းပိုင်က ဆိုသည်။
ယမန်နေ့ နေ့လယ် ၂ နာရီခန့်က ပတ္တမြားမြို့သစ် ရပ်ကွက်အတွင်းက လင်းလက် အမည်ရှိ အရက်ဆိုင်သို့ ရဲတပ်သား ၂ ဦး အရက် လာဝယ်စဉ် ရပ်ကွက်သူ အမျိုးသမီး ၂ ဦးကို ပြောဆိုစော်ကားရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“အဲဒီဆိုင်ကို သူတို့ အရက်လာဝယ်တယ်။ အဲဒီက ကောင်မလေး ၂ ယောက်ကို သူတို့က မြည်းချင်တယ်လို့ ပြောတယ်။ အဲဒါနဲ့ စည်သူ ဆိုတဲ့ ပတ္တမြားသား တယောက်က ဘာကို မြည်းချင်တာလဲ မေးတော့ သူတို့က လူကို မြည်းချင်တာလို့ ပြောလို့ ကျနော်တို့ ပတ္တမြားသားက ဒီကောင်တွေကို ထိုးတယ်။ သူတို့လည်း ပြန်ထိုးကြတယ်။ လက်လက်ချင်း ထိုးကြတာ။ ပြီးတော့ ပြန် သွားကြတာဘဲ”ဟု ရပ်ကွက်နေ မျက်မြင်သက်သေ တဦးဖြစ်သည့် ကိုလင်းလင်းထွန်းက ပြောပြသည်။
ထို့နောက် ရဲတပ်သားများဘက်က တပ်ရင်းသို့ ပြန်ကာ လူစု၍ ပြန်လာပြီး ညမိုးချုပ် မီးပျက်ချိန် ဝင်ရိုက်ခြင်းဖြစ်ကြောင်း၊ ယခု ထိခိုက် ဒဏ်ရာရသူများမှာ ခိုက်ရန်ဖြစ်ခဲ့သူများမဟုတ်ဘဲ မည်သို့မျှ မသက်ဆိုင်သူများ ဖြစ်ကြောင်း သူက ဆက်ရှင်းပြသည်။
အဆိုပါ ရဲတပ်ရင်းမှ အရာရှိ တဦးက ရပ်ကွက် ပြည်သူများ၏ မကျေနပ်မှုကို သိသည့်အတွက် ရပ်ကွက်လူကြီးနှင့် ရဲ စခန်းမှူးတို့ပူးပေါင်းကာ ပြေလည်ရေး ညှိနှိုင်းနေကြောင်း၊ မျက်မြင်သက်သေထွက်ဆိုမည့် သူတချို့ကို ချဉ်းကပ်ကာ ငွေကျပ် တသိန်း ပေး၍လည်း နှုတ်ပိတ်နေကြောင်း၊ ယခုဖြစ်ပွားသည်မှာ တတိယအကြိမ်ဖြစ်ကြောင်း ယခင်ကလည်း ရပ်ကွက်အတွင်း ဝင်ရိုက် ခဲ့သည်များရှိကြောင်း၊ ရိုက်နှက်ခံရ၍ ထွက်ပြေးစဉ် ပျောက်ဆုံးသွားသည့် ပစ္စည်းများကို လျော်ကြေးငွေပေးမည်ဖြစ်ကြောင်း ရဲ တပ်ရင်းမှူးကလည်း ပြောဆိုနေသည်ဟု ကိုလင်းလင်းထွန်းက ပြောသည်။
“အခု သူတို့ တပ်ရင်းမှူးက ဖုန်းပျောက်တာတွေ လျော်ပေးမယ်။ ဆေးခန်းပြဖို့လည်း ပေးမယ်။ ပစ္စည်း ပျောက်သွားတာတွေလည်း လျော်ပေးမယ်ပြောတယ်။ ဒါပေမယ့် ကျနော်တို့ မကျေနပ်ဘူး”ဟု သူက ဆိုသည်။
အဆိုပါရဲတပ်သားများသည် အသင့်ယူဆောင်လာကြသည့် တုတ်၊ လေးခွ အစရှိသည့်လက်နက်များကိုင်ဆောင်က ညမိုးမချုပ် ခင် ရပ်ကွက်အနီးစုဝေးခဲ့ကြပြီး ခရာမှုတ်၍ပါ ရပ်ကွက်တွင်း မြင်တွေ့သမျှ လူငယ်များကို လိုက်လံရိုက်နှက်ကြောင်း၊ လူ ငယ် များက ထွက်ပြေးရာတွင်လည်း အိမ်အထိပင် လိုက်လံရိုက်နှက်ကြောင်း ထိခိုက်ဒဏ်ရာရသူ လူငယ်များစွာရှိသော် လည်း ၄ ဦးသာ တရားစွဲရန်ပြင်ဆင်နေကြောင်း၊ အိမ်အတွင်းမှ ထွက်ကြည့်သူတချို့ပင် ထိခိုက်မှုရှိကြောင်း ရပ်ကွက်နေ မျက် မြင် သက်သေ တဦးဖြစ်သည့် ကိုလင်းလင်းထွန်းက ပြောသည်။
ဧရာဝတီက ထောက်ကြံ့ရဲစခန်းကို တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ တယ်လီဖုန်း လက်ခံဖြေကြားသည့် တာဝန်မှူးဆိုသူက အခင်းပွားဖြစ်ခဲ့သည်မှာ ဟုတ်မှန်ကြောင်းနှင့် စုံစမ်းလေ့လာနေဆဲဖြစ်ကြောင်း ပြောဆိုသည်။
“လောလောဆယ် အနေအထားကတော့ သူတို့ ကာယကံရှင်တွေဘက်က ဘာမှတော့ မပြောသေးဘူး။ ဒီကိုတော့ မရောက် လာသေးဘူး။ လောလောဆယ်က ဖြစ်စဉ်ကို ကျနော်တို့က စုံစမ်းစစ်ဆေးနေဆဲပါ။ ထိခိုက် ဒဏ်ရာရတာကတော့ ၄ ယောက် ပဲ ရှိပါတယ်။ ဖြစ်စဉ်ကတော့ လေ့လာ စိစစ်တုန်းပဲ”ဟု ထောက်ကြံ့ ရဲစခန်း တာဝန်မှူးက ပြောကြားသည်။
ရဲတပ်ရင်း ၈ တပ်ရင်းမှူး ဦးဝင်းသိန်းကမူ“အဲဒါ ကျနော်တို့ရုံးကို လာခဲ့ပါလားဗျာ။ ကျနော်တို့ ရုံးမှာ ဖြေရှင်းပေးလို့ ရပါတယ်။ ကျနော်တို့ ဒီလို ဖြေရှင်းပြခွင့် မရှိဘူး။ ကျနော်တို့ ရုံးကိုလာရင်တော့ ဖြေရှင်းပြလို့ရပါတယ်”ဟု ဧရာဝတီ ကို တယ်လီဖုန်းက တဆင့် ပြောသည်။
ရိုက်နှက်ခံရမှုကြောင့် ဒဏ်ရာရသူများကို အကူအညီပေးနေသည့် ကိုမိုက်ကယ်က ယခုကဲ့သို့ လက်နက်ကိုင် အဖွဲ့အစည်း တခုဖြစ်သည့် ရဲတပ်သားများနှင့် ရပ်ကွက်နေပြည်သူများ ပဋိပက္ခဖြစ်ပွားမှုမျိုးကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း အဆင့် ဆင့်က စနစ်တကျ ပြေလည်ရန် ဖြေရှင်းသင့်ကြောင်း၊ ၁၉၈၈ ခုနှစ် မတ်လက စက်မှုတက္ကသိုလ် ကျောင်းသားများနှင့် အရပ်သားများ ပဋိပက္ခမှ အစပြုကာ တတိုင်းပြည်လုံး မကျေနပ် အုံကြွမှုကြီးဖြစ်ပွားခဲ့ကြောင်း ပြောဆိုသည်။
ယမန်နှစ် ဒီဇင်ဘာလအတွင်းကလည်း ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ရဲမွန်ရပ်ကွက်တွင် မြို့နယ် ရဲတပ်ဖွဲ့မှ နယ်ထိန်း ရဲတပ်ကြပ်ကြီး တဦးက လူငယ်တဦးကို နေအိမ် ခြံဝင်းအတွင်း ဝင်ရောက်၍ဓားဖြင့်ခုတ်သည့်အတွက် ဒဏ်ရာပြင်းထန်စွာရခဲ့သည့် အမှု နှင့်ပတ်သက်ပြီး ဒေသခံများ အကြား မကျေနပ်မှုများဖြစ်ပွားခဲ့သည်။
ဆက်စပ်သတင်း