ပြန်ကြားရေးဝန်ကြီးဌာနက ဦးစီးလုပ်ဆောင်နေသော မြန်မာစာနယ်ဇင်းကောင်စီ (Press Council) ဖွဲ့စည်းရေးအတွက် လွတ်လပ်သော စာနယ်ဇင်းအဖွဲ့များ ပူးပေါင်းပါဝင်ရေးတွင် စာနယ်ဇင်းကောင်စီ လုပ်ငန်းများနှင့် ပတ်သက်ပြီး လက်မခံနိုင်စရာအချက်များ ရှိနေသည့်အတွက် မြန်မာစာနယ်ဇင်းအဖွဲ့များက ပြန်ကြားရေးဝန်ကြီးဌာနထံ တင်ပြဆွေးနွေးသွားရန်ရှိကြောင်း သတင်းရရှိသည်။
ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ဆုံခဲ့သော စာနယ်ဇင်းအဖွဲ့ ၆ ဖွဲ့အနက် မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (MJA) ဖြစ်မြောက်ရေးကော်မတီ၊ မြန်မာစာနယ်ဇင်း သမဂ္ဂ (MJU) နှင့် မြန်မာဂျာနယ်လစ် ကွန်ရက် (MJN) တို့သည် စာနယ်ဇင်းကောင်စီတွင် ပါဝင်ရေး မပါဝင်ရေး၊ ကောင်စီသို့ ကိုယ်စားလှယ် လွှတ်ရေး မလွှတ်ရေး ဆွေးနွေးနေကြကြောင်း သိရသည်။
ဝန်ကြီး ဦးကျော်ဆန်းက စာပေစိစစ်ရေးဌာနကို ဖျက်သိမ်းမည်ဖြစ်ပြီး သမ္မတ ဦးသိန်းစိန်အမိန့်ဖြင့် စာနယ်ဇင်းကောင်စီကို ဖွဲ့ပေးမည်ဖြစ်ကြောင်း၊ မကြာခင် လပိုင်းအတွင်း စာနယ်ဇင်းကောင်စီက စတုတ္ထမဏ္ဍိုင် မီဒီယာတိုးတက်မှုအတွက် ထိန်းကြောင်း ကြပ်မတ်သွားမည် ဖြစ်ကြောင်းနှင့် ကောင်စီအတွက် လွတ်လပ်သော စာနယ်ဇင်းအဖွဲ့ တဖွဲ့ချင်းစီမှ ကိုယ်စားလှယ် ၆ ဦးကျစီ ယခုလ မေလအတွင်း စာရင်းပေးရန် သတင်းထောက်များနှင့် တွေ့စဉ်က ပြောဆိုခဲ့သည်။
MJA ဖြစ်မြောက်ရေးကော်မတီ အထွေထွေအတွင်းရေးမှူး ဦးကိုကို (စက်မှု) က ၎င်းတို့အဖွဲ့တွင်း ဆွေးနွေးချက်များအရ လက်မခံနိုင်သော အချက်များကို ပြင်ဆင်ပေးရန် တင်ပြမည်ဟု ဧရာဝတီသို့ ပြောသည်။
“Press Council ဖွဲ့စည်းမှုကို မူအားဖြင့်တော့ သဘောတူပါတယ်။ အဲဒီမှာပါတဲ့ တချို့သော အချက်တွေကို သဘောမတူဘူး။ တချို့ဟာတွေက စာပေစိစစ်ရေး မှတ်ပုံတင်ဌာနက လုပ်ရမယ့်ဟာတွေ ဖြစ်နေတယ်။ ဆိုတော့ အဲဒီအလုပ်တွေ ကျနော်တို့က မလုပ်နိုင်ဘူး။ ကျနော်တို့အနေနဲ့ မသင့်လျော်ဘူးလို့ ရှာတွေ့ထားတဲ့ အချက်တွေပေါ့။ တချို့အချက်တွေကို ပြင်ပေးဖို့ တချို့အချက်တွေကို ဖြုတ်ပေးဖို့ အဲဒါ ပြန်ပြီးပြောမယ်လို့ စဉ်းစားထားတယ်။ လောလောဆယ် အမည်စာရင်း တင်သွင်းနိုင်ခြင်းတော့ မရှိသေးဘူး” ဟု ဦးကိုကို (စက်မှု) က ပြောသည်
MJA ဖြစ်မြောက်ရေး ကော်မတီအနေဖြင့် ၎င်းတို့လိုလားချက်များကို ပြန်ကြားရေးဝန်ကြီးဌာနသို့ စာရေးသား ပေးပို့ပြီး ညှိနှိုင်းဆောင်ရွက်သွားမည်ဟု သိရသည်။ ဤသို့ပြုလုပ်ခြင်းသည် စာနယ်ဇင်းကောင်စီကို လွတ်လပ်သော အဖွဲ့အစည်း ဖြစ်စေလိုပြီး အားလုံးလက်ခံသော အဖွဲ့ဖြစ်လာစေရန် ကွဲလွဲချက်တချို့ကို ထောက်ပြခြင်းသာ ဖြစ်ကြောင်း ဦးကိုကို (စက်မှု) က ပြောသည်။
စာနယ်ဇင်းကောင်စီအနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးရမည့် လုပ်ငန်းများထဲတွင် စာနယ်ဇင်းလွတ်လပ်ခွင့်ကို တည်ဆဲ ဥပဒေနှင့်အညီ ထိန်းသိမ်းကာကွယ်ရန်နှင့် ၁၉၆၂ ခုနှစ် ပုံနှိပ်မီဒီယာ ဥပဒေ၊ စာပေစိစစ်ရေး မူဝါဒများနှင့်အညီ စာနယ်ဇင်းများအား ကြီးကြပ်ထိန်းသိမ်း ဆောင်ရွက်ရန် စသည့်အချက်များ ပါဝင်သည်။
မြန်မာစာနယ်ဇင်း သမဂ္ဂ (MJU) ဖြစ်မြောက်ရေး လှုပ်ရှားနေသော ကိုဇော်သက်ထွေးက “ကျနော်တို့ရဲ့အဖွဲ့ ရည်ရွယ်ချက်က လွတ်လပ်စွာ စာပေရေးသားခွင့်ကို ကာကွယ်ဖို့နဲ့ သတင်းထောက်တွေရဲ့ အခွင့်အရေး ကာကွယ်ဖို့ ဖြစ်ပါတယ်။ အဲဒီတော့ တကယ်လို့ ဝန်ကြီးပြောသလို စာပေစိစစ်ရေးဆိုတာကို ဖျက်သိမ်းပြီးတော့ ဒီမီဒီယာကို ကြီးကြပ်ဖို့ Press Council ဆိုတာ ပေါ်လာမယ်ဆိုရင် ကျနော်တို့အဖွဲ့အနေနဲ့ ပူးပေါင်း ပါဝင်ဆောင်ရွက်ဖို့က နည်းနည်း ခဲယဉ်းပါတယ်။ အကြမ်းဖျဉ်း စည်းဝေးထားချက်အရ ကျနော်တို့ Press Council မှာ ပါဝင်ဖို့ စဉ်းစားထားခြင်း မရှိသေးပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
အသစ်ဖွဲ့စည်းမည့် စာနယ်ဇင်းကောင်စီတွင် မီဒီယာလောကသားများနှင့် အများပြည်သူက လေးစားသော လူပုဂ္ဂိုလ် အဖွဲ့အစည်းများဖြင့် ပါဝင်ဖွဲ့စည်းသင့်ကြောင်း ကိုဇော်သက်ထွေးက ပြောသည်။
ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက သတင်းထောက်များနှင့် တွေ့ဆုံစဉ် စာနယ်ဇင်းကောင်စီ၌ မည်သို့သော ပုဂ္ဂိုလ်များ ပါဝင်မည်ကို ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ခြင်း မရှိကြောင်း သိရသည်။
“သူတို့ဘက်က Nomination တင်သွင်းတဲ့ပုဂ္ဂိုလ်တွေ ပါလာမယ်။ စာပေစိစစ်က စာပေသမားတွေကို ထိန်းချုပ်တဲ့ အလုပ်တွေ ပါဝင်လာမယ် ဆိုရင်တော့ Press Council က မီဒီယာလောကသားတွေအတွက် ထူးထူးခြားခြား အကျိုးဖြစ်ထွန်းမယ်လို့တော့ မယူဆပါဘူး” ဟု ကိုဇော်သက်ထွေးက ဆိုသည်။
လေ့လာသူများကမူ ပြန်ကြားရေးဝန်ကြီးဌာနက တင်ပြလာသော စာနယ်ဇင်းကောင်စီ လုပ်ငန်းတာဝန်များကို ကြည့်ခြင်းအားဖြင့် ယင်းကောင်စီသည် စာပေစိစစ်ရေးဌာနကို အစားထိုးဖွဲ့စည်းခြင်းသာ ဖြစ်ကြောင်း သုံးသပ်ကြသည်။
စာနယ်ဇင်းကောင်စီကို နိုင်ငံတကာ Press Council များနည်းတူ လွတ်လပ်သောအဖွဲ့ ဖြစ်စေချင်ကြောင်း စာနယ်ဇင်းသမားများက ပြောဆိုသည်။
MJA ဖြစ်မြောက်ရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးသီဟစောက “တကယ်တမ်း စာနယ်ဇင်းကောင်စီဆိုတာ ဆရာတို့ ယူဆတာက သတင်းစာ ဂျာနယ်လစ်တွေရဲ့ ကျင့်ဝတ်ကိစ္စတွေ ရေးမယ်၊ ပြောမယ်။ ဒါတွေကို ကျင့်ကြံအောင် ကာကွယ်မယ်။ ဂျာနယ်လစ် အခွင့်အရေးအတွက် ကာကွယ်မယ်။ ပြဿနာတွေမှာ ကြားဝင်ဖြေရှင်းပေးမယ်။ အဲဒီလောက်ပဲ လုပ်ရမှာ” ဟု ပြောသည်။
MJA ဖြစ်မြောက်ရေးကော်မတီ၊ MJU, MJN တို့အနေဖြင့် အမြင်သဘောထားများ ဖလှယ်နိုင်ရေးအတွက် သုံးပွင့်ဆိုင် ဆွေးနွေးသွားရန် ရှိကြောင်းလည်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
- ကျန်ရှိ စာနယ်ဇင်း ၃ မျိုး စိစစ်မှုဖျက်သိမ်းမည်
- စိစစ်ရေးဖျက်သိမ်းသော်လည်း သတင်းလွတ်လပ်ခွင့်ရမည်မဟုတ်
- စာနယ်ဇင်း လွတ်လပ်တဲ့ခေတ်ကို ရောက်ရမည်မှာ မလွဲပါ