ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လိင်တူချစ်သူများအား မုန်းတီးမှု ဆန့်ကျင်သောနေ့ အခမ်းအနားကို မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်ကျင်းပရာ လိင်တူချစ်သူများအပေါ် ခွဲခြား ဆက်ဆံခံနေရသည့် အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထိုအခမ်းအနားအား လိင်တူချစ်သူအရေးဆောင်ရွက်နေသူများနှင့် လူမှုရေးအဖွဲ့များမှ ကြီးမှူး၍ ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ Excel Tower ၌့ ပြုလုပ်ခဲ့ရာ လိင်တူချစ်သူများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့စည်းများမှ ဧည့်သည်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အာဏာပိုင်များ တက်ရောက်ခဲ့ကြကြောင်း အခမ်းအနားစီစဉ်သူ မမြတ်နိုးက ဧရာဝတီကိုပြော သည်။
နာမည်ကျော်အလှဖန်တီးရှင်များလည်း တက်ရောက်ကြပြီး မိတ်ကပ် ကိုမာက လိင်တူချစ်သူများနှင့်ပတ်သက်သည့်အကြောင်း အရာများကို ပြောဆိုကာ၊ ပညာပေး အစီအဉ်များ၊ တေးဂီတ ဖျော်ဖြေမှုများ၊ တခန်းရပ် ပြဇာတ်များဖြင့် လိင်တူချစ်သူတို့ ၏ ဘ၀ ပုံရိပ်များကို တင်ဆက်ပြသခဲ့ကြောင်း သိရသည်။
လိင်တူချစ်သူ ဖြစ်သွားသည့် သားသမီးအား ဖခင်ဖြစ်သူ၏ လမ်းညွှန်ဆုံးမမှု လွှဲမှားခြင်းနှင့် ပတ်ဝန်းကျင်၏ ခွဲခြားဆက်ဆံမှု ခံရသည့်အတွက် ရေစုံမျှောကာ ဘဝပျက်သွားသည့်အကြောင်း ရေးဖွဲ့ထားသော“အမိုး မရှိတဲ့ ကမ္ဘာ”ဟူ သည့် ပြဇာတ်တို တပုဒ်ကို အထူးအစီအစဉ်ဖြင့် တင်ဆက်ပေးခဲ့ကြောင်း မမြတ်နိုး က ရှင်းပြသည်။
မြန်မာနိုင်ငံ၌ ပထမဆုံး အကြိမ်ကျင်းပနိုင်ခဲ့၍ ဝမ်းမြောက်မိကြောင်း၊ အခမ်းအနားဖြစ်မြောက်ရေးအတွက် ဒေသဆိုင်ရာ အာ ဏာပိုင်များနှင့် ညှိနှှိုင်းဆောင်ရွက်ခဲ့ရကြောင်း ထိုင်းနိုင်ငံ ရနောင်းမြို့အခမ်းအနားကို ဦးဆောင်စီစဉ်သူတဦးဖြစ်သည့် လူ့အခွင့် အရေး ပညာပေးဌာန(HREIB)၏ ညွန်ကြားရေးမှူးနှင့် လိင်တူချစ်သူတဦး ဖြစ်သူ ဦးအောင်မျိုးမင်း ကလည်း ဧရာဝတီကို ပြော သည်။
“နိုင်ငံရေး လုပ်မှာလည်း မဟုတ်ဘူး၊ တန်းစီလမ်းလျှောက်မှာလည်း မဟုတ်ဘူး၊ ခန်းမထဲမှာပဲ ဆွေးနွေးဟောပြောတာတွေ
လုပ်မှာပါ ဆိုပြီး တင်ပြခဲ့ရပါတယ်”ဟု ၎င်းက ဆိုသည်။
လိင်တူ ချစ်သူများအား အကြောင်းမဲ့ မုန်းတီးမှုများ ပပျောက်ရေးနှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး(WHO)က ၁၉၉၁ ခုနှစ် မေလ ၁၇ ရက်နေ့တွင် လိင်တူချစ်သူများအား စိတ်မနှံ့သူ၊ မူမှန်စိတ် မရှိသူများအဖြစ်မှ ပယ်ဖျက်ခဲ့ခြင်းကို ဂုဏ်ပြုသည့် အနေဖြင့်ကျင်း ပရခြင်းဟု ဦးအောင်မျိုးမင်း က ပြောသည်။ လိင်တူချစ်သူများသည် သာမန်လူများသာ ဖြစ်သည်ဟုလည်း ဆိုသည်။
လိင်တူချစ်သူများနေ့အား နိုင်ငံတကာ၌ လွတ်လပ်စွာ ကျင်းပခွင့် ရရှိပြီး လမ်းမပေါ်၌ စီတန်းလမ်းလျှောက်ခြင်း၊ ဆန္ဒပြတောင်း ဆိုခြင်းတို့အား လွတ်လပ်စွာ လုပ်ဆောင်ခွင့်ရသော်လည်း မြန်မာနိုင်ငံ၌ ကန့်သတ် တားမြစ်ခြင်းနှင့် ခွဲခြား ဆက်ဆံခြင်းများ ရှိနေဆဲဟု လိင်တူ ချစ်သူများက ပြောသည်။
“လိင်တူချစ်သူတွေကို အကြောင်းမဲ့ မုန်းတီးနေတာကို ပပျောက်ဖို့၊ လူလိုသူလို မြင်ပြီးတော့ အသိအမှတ်ပြုပေးဖို့၊ ဒီကိစ္စတွေ ကို ကိုယ့်အချင်းချင်းကြားမှာ မသိသေးတဲ့သူတွေကို ပညာပေးဖို့ဆိုတဲ့ ကိစ္စတွေကို လုပ်ဆောင်သွားမှာပါ”ဟု ဦးအောင်မျိုးမင်း က ဆိုသည်။
လိင်တူချစ်သူများနေ့ကို မြန်မာနိုင်ငံ ရန်ကုန်မြို့၊ ကျောက်ပန်းတောင်း၊ မော်လမြိုင်၊ မုံရွာမြို့များနှင့် ထိုင်းနိုင်ငံ၊ ရနောင်းမြို့တို့၌ ယနေ့ ကျင်းပပြီး မန္တလေး မြို့၌ မနက်ဖြန်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့ အခမ်းအနားသို့ ဧည့်သည် ၄၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မန္တလေး မြို့ကြီးများမှအပ ကျန်သည့် ကျေးလက် မြို့နယ်များ၌ လိင်တူ ချစ်သူများနှင့်ပတ်သက်၍ ခွဲခြား ဆက်ဆံမှု၊
စိတ်ပိုင်း ဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ အထင်သေးမှု တို့ရှိနေဆဲဖြစ်ကြောင်း၊ ခေတ်ပညာ၊ အတတ်ပညာ တတ်မြောက်
ထားသည့် လိင်တူ ချစ်သူများသည် ပတ်ဝန်းကျင်၏ ခွဲခြားဆက်ဆံမှုကို ခံနိုင်ရည် ရှိသော်လည်း အခြေခံပညာ နည်းပါးသူများသည် ဘဝပျက်စီးသွားကြကြောင်း ချင်းမိုင်၌ နေထိုင်သူ မြန်မာနိုင်ငံသား လိင်တူချစ်သူ တဦးက ပြောပြသည်။
“ပတ်ဝန်းကျင်အပြင် မိဘဆွေမျိုးတွေက ပါ ခွဲခြားဆက်ဆံတာ ခံရဖန်များလာတော့ အားငယ်လာတယ်၊ မိမိကိုယ်ကို ယုံကြည် မှု နည်းလာပြီး မထူးတော့ဘူး ဆိုပြီး ဘဝပျက်၊ အဆုံးစီရင်သွာတဲ့ သူတွေအများကြီး ကြုံဖူးပါတယ်”ဟု ၎င်းက ပြောသည်။
လိင်တူချစ်သူများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၌ မှောင်ရိပ်ခိုမှု နှင့် ပုဒ်မ ၃၇၇ စသည့် ဥပဒေနှစ်မျိုး ကျင့်သုံးကာ အာဏာပိုင်များက အနိုင်ကျင့်စော်ကားမှု ပြုလုပ်နေကြောင်း၊ လိင်တူချစ်သူ တဦးဦးအား ညဘက်တွင်တွေ့ပါက မှောင်ရိပ်ခိုမှုနှင့် ကနဦး ဖမ်း ဆီးပြီး မှောင်ရိပ်ခိုမှု မမြောက်ပါက ပုဒ်မ ၃၇၇ ဖြင့် စွဲဆိုကာ ငွေညှစ်ခြင်း၊ အနိုင်ကျင့်စော်ကားခြင်းတို့ လုပ်ဆောင်လေ့ရှိကြောင်း လိင်တူ ချစ်သူများက ပြောသည်။
ရန်ကုန်မြို့အတွင်းရှိ မြေအောက် သန့်စင်ခန်းများ၌ လိင်တူချစ်သူများနှင့်ပတ်သက်၍ လိင်မှုဆိုင်ရာ ပြဿနာများ၊ မူးယစ်ဆေး ဝါး ပြဿနာများ မကြခဏဖြစ်ပွားနေသည်ဟု ဆိုကာ မြေအောက် သန့်စင်ခန်းများအား ပိတ်သိမ်းကြောင်း မြို့တော်စည်ပင် က ပြီးခဲ့သည့်လတွင် ကြေညာခဲ့သေးသည်။
ထိုသို့ တလွဲကျင့်သုံးနေသည့် ပုဒ်မ ၃၇၇ အား ပယ်ဖျက်ပေးရေး ကိစ္စကို လှုပ်ရှားဆောင်ရွက်သွားမည်ဟု လိင်တူချစ်သူများက ဧရာဝတီ ကိုပြောသည်။
ပုဒ်မ ၃၇၇ သည် လိင်တူအချင်းချင်း ဆက်ဆံသည်ကို လက်တွေ့ဖမ်းမိပါက အရေးယူသော ဥပဒေပုဒ်မ တခု ဖြစ်သည်။
“ဒီပုဒ်မက ထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ် တသက်အထိ လိုရင်လိုသလို အပြစ်ပေနိုင်တဲ့ ပုဒ်မတခုပါ၊ ဒီဟာကို မတ ရားတဲ့၊ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ ဥပဒေ ပုဒ်မ တခုပါလို့ သိသူနည်းပါးနေပါတယ်”ဟု ဦးအောင်မျိုးမင်း က ဆိုသည်။
မြန်မာနိုင်ငံ၌ “လိင်တူချစ်သူများ”ဟု သုံးနှှုန်းခေါ်ဝေါ်ခြင်းမရှိသေးဘဲ မိန်းမလျာ၊ အခြောက်၊ ရှောက်သီးဆေးပြားသည်၊ ဂန်ဒူး၊ အပုန်း၊ အပွင့် စသည်ဖြင့် ခေါ်ဝေါ်နေကြဆဲ အခြေအနေဖြစ်သော်လည်း လိင်တူအချင်းချင်း ချစ်သူစုံတွဲများကို တွေ့မြင်လာရ သည်ဟု ရန်ကုန်မြို့ခံ လူငယ်တချို့က ပြောဆိုကြသည်။
လက်ရှိသတ်မှတ်ထားသော လိင်တူချစ်သူ အမျိုးအစားများမှာ အမျိုးသားချင်း ချစ်သူ(Gay)၊ အမျိုးသမီးချင်း ချစ်သူ (Lesbian)၊ ကျားမ လိင် နှစ်မျိုစလုံးကို စိတ်ဝင်စားသူ(Bisexual )၊ လိင်ပြောင်းထားသူ(Transgender ) စသည်တို့ ဖြစ် ကြောင်း သိရသည်။