စမ်းချောင်းမြို့နယ် ဂွဈေးတွင် ယနေ့မနက် ၁ နာရီဝန်းကျင်ကမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ယင်းမီးလောင်ကျွမ်းမှုကို ရှို့မီးအဖြစ်ဈေးသူဈေးသားများနှင့် စမ်းချောင်းဒေသခံအများစုက သံသယဖြင့် ဝေဖန်ပြောဆိုနေကြသည်။
ဆိုင်ခန်းပေါင်း သုံးရာကျော်ရှိသည့် ယင်းဈေးတွင် ယနေ့မနက်ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ဆိုင်ခန်းပေါင်း ၂၃၀ ကျော် မီးလောင်ကျွမ်းခဲ့ကြောင်း၊ မနက် ၁ နာရီဝန်းကျင်မှ လောင်ကျွမ်းသော မီးကို မနက် ၂ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မီးညွန့်ချိုးနိုင်ခဲ့ကြောင်း၊ ယင်းဂွဈေးနေရာကို ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီက အဆင့်မြင့်ဈေးအဖြစ် တည်ဆောက်ရန် ညှိုနှိုင်းခဲ့သော်လည်း ဈေးသူဈေးသား များက လက်မခံဘဲ အကြိမ်ကြိမ်ပယ်ချခဲ့ကြောင်း၊ ယခုအချိန်တွင် မီးလောင်ကျွမ်းမှုဖြစ်ခြင်းအပေါ် ဈေးသူဈေးသားများအများစုက ဈေးဖျက်သိမ်းလို၍ လုပ်ဆောင်သော ရှို့မီးဖြစ်နိုင်သည်ဟု ဝေဖန်နေကြသည်။
“အထပ်မြင့်ဈေးဆောက်ဖို့ စည်ပင်က ဈေးသူဈေးသားတွေကို ညှိုတယ်။ အဲဒါ အဆင်မပြေဘူး။ ဈေးသူ ဈေးသားတွေဘက်ကလည်း လက်မခံဘူး။ နှစ်အတော်ကြာနေပြီ အဲဒီလိုညှိုမရဖြစ်နေတာ။ အဲလိုအချိန်မျိုးကြီးမှာမှ ထဖြစ်တယ်ဆိုတော့ သံသယဖြစ်စရာတွေဖြစ်ကုန်တယ်။ ဒါက ရှို့မီးလား။ မနေ့ ညနေက မိုးကသဲသဲမဲမဲရွာထားတယ်။ တညလုံးလည်း မိုးတဖွဲဖွဲလေးကျနေတာ။ မီးလောင်ဖို့ မလွယ်လှဘူး။ ဘာပဲပြောပြော အခု စည်ပင်က လုပ်ချင်နေတဲ့ ဈေးသစ်စီမံကိန်းကြီးဖြစ်လာတော့မှာပေါ့” ဟု ဂွဈေးတွင် ဈေးရောင်းချသူ ကုန်စုံဆိုင်ပိုင်ရှင် တစ်ဦးက သုံးသပ်သည်။
စမ်းချောင်းမြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးကမူ ဂွဈေးလောင်ကျွမ်းသော မီးသည် ရှို့မီးမဟုတ် ကြောင်း၊ ပေါ့ဆမီးဖြစ်ပြီး မီးလောင်မှုစတင်ဖြစ်သော ဆိုင်ခန်းပိုင်ရှင်ကို ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း ဧရာဝတီသို့ ပြောဆိုသည်။
“စပြီးလောင်တာက ဈေးရုံ ဃ ရုံ၊ ဆိုင်ခန်း အမှတ် ၁ က စလောင်တာပါ။ အဲဒီဆိုင်က ကုန်စုံဆိုင်။ မနေ့ ညနေပိုင်းက ကုန်စုံဆိုင်မှာ ကုန်ပစ္စည်းတွေချတဲ့နေရာမှာ ထွန်းထားတဲ့ လေးပေမီးချောင်းနားမှာ ပစ္စည်းတွေချသွားတယ်။ အဲဒါ လေးပေမီးချောင်းကိုလည်း တညလုံးထွန်းထားခဲ့တော့ အပူလွန်ပြီး ဘေးနားမှာရှိတဲ့ ပစ္စည်းတွေကို စပြီး မီးလောင်တယ်။ အဲဒီကစလို့ မီးကူးစက်တာ။ ဆိုင်ရှင် နာမည်က ဒေါ်အေးသန်း။ အခုကျနော်တို့ ဥပဒေအရ အရေးယူဆောင်ရွက်မှုတွေလုပ်နေပါပြီ” ဟု စမ်းချောင်းမြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ဆိုင်ခန်းအားလုံးနီးပါး မီးလောင်ကျွမ်းသွားသောကြောင့် ဈေးပြန်မဖွင့်နိုင်တော့ကြောင်း၊ ဈေးသူဈေးသား အများစုက ဆိုင်ခန်းနေရာ ပြန်မရမည်ကို စိုးရိမ်မှုများဖြစ်ပေါ်နေကြကြောင်း သိရှိရသည်။
“မီးလောင်ထားတော့ ဈေးဆိုင်တွေ ပြန်ဖွင့်ခွင့် မရဖို့က များတယ်။ တကယ်လို့ အထပ်မြင့် ဈေးသစ်ကြီးဆောက်ရင်ကော ဆိုင်ခန်း နေရာပြန်ပေးပါ့မလား။ အဲဒါကို အားလုံးစိုးရိမ်ကြတယ်။ ဘာမှကို မသေချာဘူး။ စောင့်ကြည့်ရမယ်” ဟု ဈေးသူဈေးသားတဦးက ပြောသည်။