ရန်ကုန်မြို့ ရွှေပြည်သာစက်မှုဇုန်ရှိ Grand Royal Whisky အပါအဝင် အရက်မျိုးစုံ ထုတ်လုပ်သော M.W.D.C စက်ရုံခွဲနှစ်ခုက ဧပြီ လနှောင်းပိုင်းက စတင်ဆန္ဒပြခဲ့ပြီး လှိုင်သာယာ စက်မှုဇုန်တွင်လည်း စက်ရုံ ၆ ခု ဆက်တိုက် ဆန္ဒပြတောင်းဆိုမှုများ ဖြစ်ပွားလျက် ရှိသည်။

လုပ်ခလစာတိုးပေးရေးနှင့် အလုပ်သမား ရပိုင်ခွင့်များကို M.W.D.C စက်ရုံက ဧပြီ၂၈ ရက်နေ့ကစတင်တောင်းဆိုခဲ့ပြီး နောက်လှိုင် သာယာ စက်မှုဇုန်ရှိ Hi-Mo ၊ Hight-Art ဆံပင်တုစက်ရုံ၊ ပုလဲ၊ စံပယ်ပွင့်၊ နေမင်းအောင် နှင့် YJ အထည်ချုပ် စက်ရုံများမှ အလုပ် သမား ၆၀၀၀ ကျော်က ဆက်တိုက်တောင်းဆိုမှုများ ပြုလုပ်လာခဲ့ကြခြင်း ဖြစ်သည်။
YJ အထည်ချုပ် စက်ရုံ အလုပ်သမားများသည် ၎င်းတို့၏ ရပိုင်ခွင့်များကို ယမန်နေ့မှ စ၍ တောင်းဆိုမှု ပြုလုပ်ခြင်း ဖြစ်သည်။
စံပယ်ပွင့် စက်ရုံနှင့် ပုလဲစက်ရုံတို့မှ အလုပ်သမား ၂၀၀၀ ကျော်က လစာ ကျပ် သုံးသောင်း ထပ်တိုးပေးရန် တောင်းဆိုမှုအား လုပ် ငန်းရှင်များက တသောင်းခွဲ အထိသာ တိုးပေးခဲ့ပြီး ထိုအချက်ကို သဘောမတူဘဲ သုံးရက်အတွင်း အလုပ်ခွင်ပြန်မဝင်ပါက အလုပ် သမား အားလုံးကို ထုတ်ပစ်မည်ဟု ပြောဆိုထားကြောင်း ယင်းစက်ရုံများမှ ဆန္ဒပြ အလုပ်သမားများက ဧရာဝတီသို့ ပြောသည်။
စံပယ်ပွင့် စက်ရုံ အလုပ်သမ မမေစီဝင်း က“ကျမတို့က ဒီမှာလုပ်တာ လစာ အတိကျလည်း မသိရဘူး။ အချိန်ကိုလည်း သူတို့ ခိုင်း ချင် သလို ခိုင်းတယ်။ အရင်တုန်းကတော့ မတောင်းဆိုရဲလို့ နှစ်အကြာကြီး ငုံ့ခံလာပေမယ့်၊ အခုအခွင့်ရလာလို့ တောင်းဆိုတာ။ လစာ ၄-၅ သောင်းကလည်း ကျမတို့ အတွက် ခြွေခြွေတာတာသုံးမှ အသက်ဆက်ရုံပဲရှိတယ်။ အခု သူဌေးက မလိုက်လျောပေ မယ့် ရတဲ့အထိ ဆက်တောင်းဆို သွားမယ်”ဟု ဧရာဝတီသို့ ပြောသည်။
အလုပ်မဆင်းဘဲ ဆန္ဒပြတောင်းဆိုမှု တပတ်နီးပါးရှိပြီဖြစ်သော ပုလဲနှင့်စံပယ်ပွင့် စက်ရုံအပါအဝင် ယမန်နေ့ကစ၍ တောင်းဆိုမှုများ ပြုလုပ်ခဲ့သော နေမင်းအောင် အထည်ချုပ်စက်ရုံတို့ကို အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်နှင့် ပြုပြင်ပြောင်းလဲရေးနှင့်ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဌ ဦးအောင်သိန်းလင်း တို့ သွားရောက်ဖြေရှင်းပေးနိုင်ရန် ကြိုး စားကြသော်လည်း ပြေလည်မှု မရကြောင်း ယင်းစက်ရုံများမှ အလုပ်သမားခေါင်းဆောင်များက ပြောပြသည်။
“သူတို့လာဆွေးနွေးပေမယ့်။ အဆင်မပြေဘူး။ ကျနော်တို့က အခြေခံလစာက တသောင်း ပဲရတာကို သုံးသောင်းအထိ တိုးပေးဖို့ တောင်းဆိုတာကို သူဌေးဘက်က တသောင်းခွဲ အထိပဲ ပေးတယ်။ ဒါကြောင့် သဘောတူညီမှုမရဘူး။ ကျနော်တို့က ဆက်ပြီးတောင်း ဆိုမှုတွေ လုပ်သွားမယ်”ဟု နေမင်းအောင် စက်ရုံအလုပ်သမား ကိုရန်နိုင် က ဧရာဝတီသို့ ပြောသည်။
အလုပ်ရှင်နှင့် ညှိနှိုင်းဆောင်ရွက်မှုများပြုလုပ်ရာတွင် ဆန္ဒပြအလုပ်သမားများဘက်မှကိုယ်စားပြု၍ ဥပဒေနည်းလမ်းအရဖြေရှင်းခွင့် မရရှိကြောင်း အလုပ်သမားများက ပြောဆိုကြသည်။
သို့သော် ဆန္ဒထုတ်ဖော် တောင်းဆိုကြသော အလုပ်သမားများကို ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဗကသ) အဖွဲ့များက အစားအစာနှင့် သောက် သုံးရေးများ လှူဒါန်းခြင်း၊ ဥပဒေ ကြောင်းအရ တောင်းဆိုနိုင်ရေးတို့ကို လာရောက်အားပေးပြောဆိုမှုများ ပြုလုပ်ပေးကြောင်း အလုပ်သမားများက ပြောသည်။
ယခုလဆန်းပိုင်းက လှိုင်သာယာ စက်မှုဇုန်(၄) ရှိ Hi-Mo နှင့် Hight-Art ဆံပင်တု စက်ရုံ နှစ်ရုံမှ အလုပ်သမများကလည်း အခြေခံ လစာ တိုးပေးရေးနှင့် တင်းကျပ်သောစည်းမျဉ်းများနှင့် အလုပ်သမား အခွင့်အရေးများ တောင်းဆိုထားမှုကို ယခုလ ၁၀ ရက်နေ့က လှိုင်သာယာ စက်မှုဇုန် ရှေ့တန်းကြီးကြပ်ရေးရုံးတွင် အလုပ်သမား ခေါင်းဆောင် ၇ ဦးနှင့် အလုပ်ရှင် ကိုယ်စားလှယ် ဒေါ်နန်း သောင်း ရင်၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်တို့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေး နွေးခဲ့ပြီး သဘောတူလိုက်ခြင်း ဖြစ်သည်။
သို့သော်လည်း အလုပ်ပြန်ဆင်းချိန်တွင် အလုပ်ရှင်က တောင်းဆိုမှု သဘောတူညီချက်များကို လိုက်လျော မပေးနိုင်ဟု ဆိုကာ ယခုလ ၁၆ ရက်နေ့တွင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန် ကိုယ်တိုင် လာရောက် ဖြေရှင်းကာ ထပ်မံ၍ သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။ ထိုသဘောတူညီချက်ကိုလည်း အလုပ်ရှင်က ငြင်းပယ်ပြန် သဖြင့် ၁၇ ရက်နေ့ ညနေပိုင်းက အလုပ်သမားများက စက်ရုံထဲရှိ ပစ္စည်းတချို့ကို ဖျက်ဆီးသဖြင့် ရဲ နှင့် SB အဖွဲ့များက ဝင်ရောက် ထိန်းသိမ်းပေးခဲ့ရကြောင်း ဝန်ထမ်းများက ပြောသည်။
“ညွှန်မှူးကိုယ်တိုင် လာပြီး သဘောတူညီချက်တွေကို လက်မှတ်ထိုးထားပေးသွားတဲ့ဟာ သူဌေးက သဘောတူလိုက် ဖျက်သိမ်း လိုက်နဲ့ အကြိမ်ကြိမ်လုပ်နေတာ။ ဒါကြောင့် အလုပ်သမားတွေက ဒေါသထွက်နေကြတာ။ အခုတော့ တောင်းဆိုချက်တွေ အတည်ဖြစ် ဖို့ ထပ်ပြီးတော့ တောင်းဆိုကြရဦးမှာပေါ့”ဟု Hight-Art စက်ရုံ အလုပ်သမား တဦးက ဧရာဝတီသို့ ပြောသည်။
ထို့အတူ မြန်မာနိုင်ငံတွင် လူသုံးအများဆုံး အရက်များကို ထုတ်လုပ်နေသော IBTC ကုမ္ပဏီ လက်အောက်ရှိ M.W.D.C စက်ရုံခွဲ ၄ ခုအနက် အမှတ် (၁) နှင့် အမှတ် (၂) စက်ရုံတို့မှ အလုပ်သမား ၂၀၀ ကျော်က ဧပြီလ ၂၈ ရက်နေ့ကတည်းကပင် အခြေခံ လစာ တိုးမြှင့်ပေးရေးနှင့် လုပ်ငန်းခွင်အတွင်း လိုအပ်ချက်များပြုပြင်ပေးရေးတို့ကို အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြပြီး အလုပ်ရှင်က ယခုချိန် အထိ လိုက်လျောပေးမှု မရှိသေးပေ။
ထို့ကြောင့် ဆန္ဒပြ စက်ရုံအလုပ်သမားများက အလုပ်သမား ပြဿနာများကို ဖြေရှင်းပေးရမည့် ရန်ကုန်တိုင်း ဝါဏိစ္စ ပဋိပက္ခရုံးသို့ ယခုလ ၁၇ ရက်နေ့က စာပို့အကြောင်းကြားထားကြောင်း M.W.D.C စက်ရုံ အလုပ်သမားများက ပြောသည်။
IBTC လက်အောက်ခံ M.W.D.C ခေါ် Myanmar Winery & Distillery Company Limited သည် မြန်မာနိုင်ငံတွင် လူသုံးများ သော Grand Royal Special Reserve Whisky နှင့် Eagle Whisky၊ Royal Dry Gin၊ Golden Island Rum၊ Royal Special London၊ Jazz Wine Cooler၊ Grand Royal Drinking Water တို့ကို ထုတ်လုပ်သော ကုမ္မဏီဖြစ်ပြီး ထိုစက်ရုံမှူး ဦးစိုးမိုးသည် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ပြောရေးဆိုခွင့် ရှိသူလည်း ဖြစ်သည်။