နိုင်ငံကျော် အဆိုတော်ကြီး ဒေါ်မာမာအေး မြန်မာပြည်ပြန်လာရေးအတွက် ပြည်ဝင်ခွင့်ဗီဇာပေးနိုင်ဖို့ သမ္မတဦးသိန်းစိန်ရုံးက သက်ဆိုင်ရာဌာနများကို ထောက်ခံစာ ပေးပို့လိုက်တယ်လို့ သိရပါတယ်။

သမ္မတနဲ့ မြန်မာသံအဆိုတော်ကြီးက ခေတ်ပြိုင်ပုဂ္ဂိုလ်တွေပါ။
ဒါ့အပြင် သမ္မတ ဦးသိန်းစိန်ဟာ အဆိုတော် ဒေါ်မာမာအေးရဲ့ ပရိသတ်တဦးဖြစ်ပြီး ဒေါ်မာမာအေး ပြည်တော်ပြန်ရေးကို ဝမ်းသာအားရ သဘောတူ ကြည်ဖြူခဲ့တယ်လို့ အနုပညာအသိုင်းအဝိုင်းအကြား ပြောဆိုနေကြတာပါ။
ဒေါ်မာမာအေးကတော့ အိမ်ပြန်ရေး အစီအစဉ်ဖြစ်မြောက်အောင် ကူညီသူတွေ အများအပြား ရှိကြောင်း ဧရာဝတီကို ပြောပါတယ်။
“ကျမ ပြန်လာဖို့ကိစ္စကို ဂီတလောကလူကြီးတွေကလည်း လုပ်ကြတယ်။ ဒါတွေက ကြာပါပြီ။ သူတို့က ပြန်လာစေချင်တာပေါ့နော်။ ကိုယ်တယောက် ပျောက်နေတဲ့အတွက်ကြောင့်မို့ ဂီတလောကရဲ့ ထောင့်တထောင့်က လိုနေတာကိုး။ ဒါ ပြည်သူလူထုကလည်း ဒီလို ခံစားရမယ်။ ကိုယ့်ဂီတလောကက ပိုပြီး ခံစားရမှာပေါ့”
မြန်မာနိုင်ငံပြန်ရောက်ရင် ဒေါ်မာမာအေး ဘာတွေ လုပ်မလဲ။
ပျောက်ကွယ်လုနီးပါး ဖြစ်နေတဲ့ မြန်မာသံလောက အတွက်ရော နောင်လာ နောက်သားများအတွက်ပါ ပညာပေးသဘောမျိုး ပြန်လည် လုပ်ကိုင်ဖို့ အစီအစဉ် ရှိတယ်၊ အသံသွင်းဖို့ကိစ္စ နဲ့ ဖျော်ဖြေရေး ကိစ္စတွေပါ ပြန်လည် လုပ်ကိုင်ဖို့ စဉ်းစားထားတယ် လို့ ဒေါ်မာမာအေးက ပြောပါတယ်။
အလည်သဘောမျိုးအနေနဲ့ ၂ လ၊ ၃ လလောက်သာ ပြန်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
မကြာသေးခင်ကပဲ မြန်မာပြည်က FM ရေဒီယိုတွေမှာ ဒေါ်မာမာအေးရဲ့ တေးသီချင်းတွေကို ပြန်လည် ထုတ်လွှင့်လာနေကြပါပြီ။ ပိတ်ခံထားရတဲ့ အနုပညာရှင်တွေရဲ့ သီချင်းတွေ ပြန်လွှင့်ပြီ ဆိုရင်တော့ သူတို့ ပြန်လာဖို့ နီးလာပြီလို့ မှတ်ယူရမလိုပါပဲ။
အဆိုတော် ဒေါ်မာမာအေးဟာ ၁၉၉၈ ခုနှစ် နယူးယောက်မြို့ရှိ ပြည်ပ အတိုက်အခံ အဖွဲ့အစည်းများနဲ့ ပတ်သက်တဲ့ သီဆိုဖျော်ဖြေပွဲမှာ ပါဝင်ပြီး နောက်ပိုင်း ဗိုလ်ချုပ်ကြီးတွေက မျက်မာန်တော်ရှခဲ့ပါတယ်လို့ သိရပါတယ်။
အဲ့ဒီလို အမျက်သင့်ခံရပြီးနောက်မှာ ဒေါ်မာမာအေးရဲ့ တေးသီချင်းတွေထုတ်လွှင့်ခွင့် မြန်မာပြည်မှာ ပိတ်သွားရတော့တာပါပဲ တဲ့။
စွယ်စုံရ အနုပညာရှင်တဦးဖြစ်တဲ့ ဒေါ်မာမာအေးဟာ ကာလပေါ်၊ ခေတ်ဟောင်း စတဲ့ တေးသီချင်းများကို သီဆိုခဲ့ပြီး ၁၉၅၅ ခုနှစ်မှာ “သက်တန့်ပေါ်မှာ ကစားမယ်” ဆိုတဲ့ တေးသီချင်းနဲ့ လူသိများလာခဲ့တာပါ။
မြန်မာ့အသံဌာနမှာလည်း ထုတ်လွှင့်ရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ မြခြူသံ၊ မန်ဒါလီ၊ သူကိုမှ ချစ်သည် ဆိုတဲ့ ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။
ပြည်ပရောက် အဆိုတော် ဒေါ်မာမာအေးဟာ လန်ဒန်အခြေစိုက် ဘီဘီစီ အသံလွှင့်ဌာန(မြန်မာပိုင်း) အစီအစဉ်မှာ “ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဂီတလောကမှာ ကျင်လည် ခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြန်လည်တင်ပြတဲ့ အစီအစဉ်ကိုလည်း တပတ်တကြိမ် တင်ဆက်နေသူ ဖြစ်ပါတယ်။
အခုလို နိုင်ငံကျော်အဆိုတော်ကြီး ပြည်တော်ပြန်ရေးအစီအစဉ်ကြောင့် သမ္မတ ဦးသိန်းစိန် ဝမ်းမြောက်သလို အနုပညာရှင်များလည်း ဝမ်းသာနေကြပါတယ်။
စာရေးဆရာမ နုနုရည်(အင်းဝ)က “ပြန်လာမယ်ဆိုတော့ ကျမတို့ ဝမ်းသာတာပေါ့နော်။ ကျမဟာ သူ့ပရိသတ်တယောက်ပါ။ သူဆိုနေကျ သီချင်းတွေကိုပဲ အလွမ်းပြေ နားထောင်နေခဲ့ရတာ ကြာပါပြီ” လို့ ဧရာဝတီကိုပြောပါတယ်။
“အနုပညာသမားဆိုတာ ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် ပရိသတ်နဲ့အတူ အေးအတူ ပူအမျှ အမြဲနေသင့်တယ်လို့ ကျမ ယုံကြည်တဲ့သူပါ။ သူ့လို လူမျိုးတယောက်ဟာလည်း ကိုယ့်ပရိသတ်နဲ့ကိုယ် မခွဲမခွာဘဲ အမြဲနေသင့်တယ်လို့ ကျမ ထင်ပါတယ်” ဆိုပြီး ဆရာမ နုနုရည်(အင်းဝ)က ဆက်ပြောပါတယ်။
ဝါရင့် အနုပညာရှင်ကြီး စည်သူ ဘိုကလေးတင့်အောင်ကလည်း ဒေါ်မာမာအေး “ပြန်လာမယ်ဆိုရင်တော့ welcome ပါပဲ” တဲ့။
“တကယ်တော်တဲ့ အနုပညာသည် တယောက်၊ တို့ပြည်နဲ့ ဝေးကွာနေတာ ကြာပြီ။ သူရဲ့ အနုပညာတွေကို မမြည်း မစမ်းရတာ ကြာပြီ။ သူ မြန်မာပြည်ပြန်လာပြီး ကျနော်တို့နဲ့ လက်တွဲပြီး အလုပ်လုပ်မယ် ဆိုရင် အင်မတန်ကို ဝမ်းမြောက်ဝမ်းသာဖြစ်မယ်။ ပြည်သူတွေလည်း သူ့ရဲ့ ရသမြောက်တဲ့ အသံကို ကြားရမယ်လို့ မျှော်လင့်တယ်” လို့ ဆိုလိုက်ပါတယ်။
ဦးသိန်းစိန်က သူ သမ္မတဖြစ်ပြီး မကြာခင်မှာ ပြည်ပကို အကြောင်းအမျိုးမျိုးကြောင့် ရောက်နေတဲ့ မြန်မာပြည်သားများ အိမ်ပြန်လာကြဖို့ ဖိတ်ခေါ်စဉ်မှာတော့ ဒေါ်မာမာအေးက စောင့်ကြည့်ဦးမယ်လို့ ပြောခဲ့ဖူးပါတယ်။
“စောင့်ကြည့်ဦးမယ်လို့ ပြောခဲ့ပါတယ်။ အစိုးရသစ်က တက်လာလာချင်း ဘာတွေများ လုပ်မလဲ။ အထူးသဖြင့် ကိုယ့်ကိစ္စနဲ့ပတ်သက်ပြီး သူတို့ဘာတွေလုပ်မလဲဆိုတာ အရင်ဆုံး စဉ်းစားရတာပဲ။ အခုလိုမျိုး တိတိကျကျ လွတ်လွတ်ကင်းကင်း ဖြစ်တယ် ဆိုတာကတော့ အခုကတော့ အသေချာဆုံး ကိစ္စပဲလေ။ ကိုယ့်အတွက် မသေချာဘဲနဲ့ မလှုပ်ရှားနိုင်ဘူးလေ။ ဒါကြောင့် သေသေချာချာ ရှင်းရှင်းလင်းလင်း ခေါ်မှ ပြန်မယ်လို့ ဆုံးဖြတ်ထားတာပေါ့” လို့ ဒေါ်မာမာအေးက ပြောပါတယ်။
အဲ့ဒီအချိန်ကာလတုန်းကတော့ ပြည်ပ ရောက်နေတဲ့ အနုပညာရှင်တွေထဲက သီးလေးသီး အငြိမ့်အဖွဲ့ဝင်များက ပထမဦးဆုံး အိမ်ပြန်ကြသူများထဲမှာ ပါဝင်ခဲ့ပါတယ်။
အခုချိန်အထိတော့ ဒါရိုက်တာ ဦးဝင်းဖေ၊ လားရှိုးသိန်းအောင်၊ မွန်းအောင်၊ အေးချမ်းမေ စတဲ့ အနုပညာရှင်တွေ ပြည်တော်ဝင်ရေးအသံတွေတော့ ထွက်မလာသေးပါဘူး။
အဆိုတော် ဒေါ်မာမာအေးလိုပဲ ပြည်ပမှာ သောင်တင်နေတဲ့၊ သမ္မတကြီး သဘောကျ နှစ်သက်တဲ့ ဘယ်အနုပညာရှင်ကိုများ ပြည်တော်ပြန်လာဖို့ရန် နောက်ထပ် ဖိတ်ခေါ်ဦးမလဲဆိုတာ…။