ဆယ်စုနှစ်များကြာ မြန်မာပြည်အပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများကို လျှော့ချလိုက်ပြီလို့ ယမန်နေ့က အမေရိကန်ပြည်ထောင်စုက ကြေညာပါတယ်။
အမေရိကန်ရင်းနှီးမြှုပ်နံှမှုတွေ မြန်မာပြည်မှာ စလုပ်နိုင်ပြီလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ မနေ့က ဝါရှင်တန်မှာ လုပ်တဲ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။
“အမေရိကန် စီးပွားရေးလုပ်ငန်း တွေကို ကျမတို့ ပြောချင်တာက မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံပါ။ တာဝန်သိသိလုပ်ပါ။ အပြု သဘောဆောင် ပြောင်းလဲရေးတွေကို သယ်ဆောင်သွားပါ။ ကောင်းမွန်တဲ့ ကော်ပိုရိတ် လုပ်သားများဖြစ်ပါစေ။ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးဖို့နဲ့ ပြုပြင်ပြောင်းလဲရေးကို ထောက်ကူဖို့ အားလုံးအတူ လက်တွဲ လုပ်ကြပါစို့” လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး က အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုပါတယ်။
မြန်မာနိုင်ငံအပေါ် လက်နက်တင်ပို့ ရောင်းချမှုကလွဲပြီး အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများ အားလုံးကို ဆိုင်းငံ့ရုတ်သိမ်းလိုက်တဲ့ အပြင် နှစ်နိုင်ငံ သံအမတ်ကြီးများကိုလည်း အပြန်အလှန်ရွေးချယ် ခန့်အပ်လိုက်တဲ့ အကြောင်းလည်း ယင်းပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ကြပါတယ်။
ဒါပေမယ့် အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများဟာ လုံးဝ ရုတ်သိမ်းသွားမှုမျိုးမဟုတ်ဘဲ ယာယီဆိုင်းငံ့ထားတဲ့ သဘောမျိုးပဲဖြစ်ပါတယ်။ ဥပဒေ ဆက်ရှိနေဦးမှာဖြစ်ပြီး လိုအပ်ရင် အချိန်မရွေး ပြန်ကျင့်သုံးနိုင်ပါတယ်။
မြန်မာနိုင်ငံက နိုင်ငံရေးအပြောင်းအလဲတွေမှာ ဒီမိုကရေစီအင်အားစုတွေ ပါဝင်ခွင့်ရှိလာတာ၊ နိုင်ငံရေး၊ စီးပွားရေး လွတ်လပ်ခွင့်တွေ တွေ့မြင်လာရတာ သမ္မတဦးသိန်းစိန်၊ မြန်မာ့ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သက်ဆိုင်သူတွေရဲ့ ကြိုးပမ်း အားထုတ်မှုတွေကြောင့် အခုလို ဒဏ်ခတ်မှုတွေရုတ်သိမ်းစေရေးဖြစ်လာတာပါ။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက် လုပ်ဆောင်တာကို မြင်လိုတယ်၊ ဒဏ်ခတ်မှုဥပဒေတွေကို မဖျက်သိမ်းသေးတာဟာ ဒီမိုကရေစီဖွံ့ဖြိုးလာစေရေးအတွက် အာမခံစပေါ်တင်ထားသလိုဖြစ်တယ် လို့ ဟီလာရီကလင်တန်က ပြောပါသေးတယ်။
မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်တွေထဲမှာ ယုံကြည်ချက်ကြောင့် ဖမ်းဆီးခံထားရသူတွေ ကျန်နေသေးကြောင်း၊ တိုင်းရင်းသား လူနည်းစုဒေသက အခြေအနေတွေ အထူးသဖြင့် ကချင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေ အတွက် စိုးရိမ်တဲ့အကြောင်း ဟေလာရီကလင်တန်က ပြောသွားပါတယ်။
ဒဏ်ခတ်ရေး ဥပဒေတွေ ဒီတိုင်း ဆက်ထားသင့်ပြီး လုံးလုံး ဖျက်သိမ်းပေးဖို့က နေပြည်တော်ရဲ့ လုပ်ရပ်အပေါ်မှာ တည်တယ်လို့ ပြောပါတယ်။ မြောက်ကိုရီယားနဲ့ စစ်ဘက်ဆက်ဆံရေး ဖြတ်တောက်ဖို့၊ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ဖို့၊ ကချင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားဒေသတွေက အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ နဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ ဆက်ဖြစ်လာစေဖို့ ရီပတ်ဗလီကန်ခေါင်းဆောင်တွေက တွန်းအားပေးသွားမယ်လို့ ဆိုပါတယ်။