“ဝန်ကြီး ဦးကျော်ဆန်း ဗိုလ်ချုပ်အောင်ဆန်းအား ထပ်မံ လုပ်ကြံလိုက်ပြီ” ဆိုပြီး အစိုးရ ပြန်ကြားရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီး
ဦးကျော်ဆန်း အပေါ် ဝေဖန်ကန့်ကွက်တာတွေ၊ ရှှုတ်ချတာတွေ အင်တာနက် စာမျက်နှာတွေမှာ ဒီရက်ပိုင်းအတွင်း ပျံ့နှံ့နေပါတယ်။
တောင်ကိုရီးယား သမ္မတ မစ္စတာ လီမြောင်ဘက် မြန်မာနိုင်ငံကို မေလ ၁၄ ရက် ကနေ ၁၆ ရက်နေ့အထိ လာရောက်ခဲ့စဉ် ရန်ကုန်မြို့က အာဇာနည်ဗိမာန်ကို သွားရောက်ကာ လွမ်းသူ့ ပန်းခွေချ ဂါရ၀ ပြုခဲ့တာနဲ့ ပတ်သက်ပြီး ဝန်ကြီး ဦးကျော်ဆန်းကို ဝေဖန် ပြောဆိုနေကြတာပါ။
သမ္မတ လီမြောင်ဘက် ဦးဆောင်တဲ့ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ အာဇာနည်ဗိမာန် သွားရောက်တဲ့ သတင်းကို “ယခင် အာဇာနည်ဗိမာန်၌ ကျဆုံးသွားသော ကိုရီးယား သမ္မတ နိုင်ငံမှ ဝန်ကြီးများအား ရည်စူး၍ ပန်းခွေချ ဂါရဝပြု” လို့သာ အစိုးရ သတင်းစာ တွေက ဖော်ပြခဲ့ပေမယ့် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို လွမ်းသူ့ပန်းခွေချ ဂါရဝပြု တာကို လုံး၀ မဖော်ပြခဲ့ပါဘူး။
ကိုရီးယား သတင်းစာတွေနဲ့ နိုင်ငံတကာ သတင်းမီဒီယာ တချို့မှာတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင် ကြီး တွေကို သမ္မတ လီမြောင်ဘက် လွမ်းသူ့ပန်းခွေချ ဂါရဝပြုတာရော ကိုရီးယားဝန်ကြီးတွေကိုပါ ပန်းခွေချ ဂါရဝပြုခဲ့ကြောင်း ရေး သား ဖော်ပြခဲ့ကြပါတယ်။
မစ္စတာ လီမြောင်ဘက်ဟာ သမ္မတဟောင်း မစ္စတာ ချန်ဒူးဝမ် လာရောက်ခဲ့ပြီးနောက်ပိုင်း နှစ်ပေါင်း ၃၀ အတွင်း ရောက်လာ တဲ့ တောင်ကိုရီးယား သမ္မတ တဦးလည်းဖြစ်ပါတယ်။ ၁၉၈၃ ခုနှစ် က လာရောက်ခဲ့တဲ့ သမ္မတ ချန်ဒူးဝမ် ဟာ အာဇာနည် ဗိမာန် သွားရောက်ပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့အာဇာနည် ခေါင်းဆောင်ကြီးတွေကို ဂါရဝပြုခဲ့စဉ်က ဗုံးခွဲတိုက်ခိုက်မှုနဲ့ကြုံခဲ့ ရပါ တယ်။
သမ္မတ ချန်ဒူးဝမ် အသက်ဘေးကလွတ်မြောက်ခဲ့ပေမယ့် ကိုရီးယား ဒု ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးအပါအဝင် ဝန်ကြီးတွေ၊ အကြံပေး အရာရှိတွေ၊ လုံခြုံရေး အဖွဲ့ဝင်တွေ၊ မြန်မာ အရာရှိတွေ အပါအဝင် စုစုပေါင်း ၂၁ ဦးသေဆုံးခဲ့ပြီး ၄၀ ကျော် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပါတယ်။ အဲဒီ လုပ်ကြံမှုဟာ မြောက်ကိုရီးယား အစိုးရလက်ချက် ဖြစ်တဲ့အတွက် မြန်မာနဲ့မြောက်ကိုရီးယားရဲ့ သံတမန် ဆက်ဆံရေးလည်း ပြတ်တောက်သွားခဲ့ပါတယ်။
“ကိုရီးယားဝန်ကြီးတွေကိုပဲ လွမ်းသူ့ပန်းခွေချ အလေးပြုတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ပဲသွားတာလား၊ ဒါကို မြန်မာအစိုးရ အဖွဲ့ ခေါင်း ဆောင်တွေက သဘောတူလား၊ ကိုရီးယား သမ္မတကပဲ ဒီလိုဆန္ဒရှိတာလား”ဆိုတဲ့ မေးခွန်းတွေလဲ ဖေ့စ် ဘုတ်တွေပေါ်မှာ တွေ့ ရပါတယ်။
“တကယ်လို့ ကိုရီးယား သမ္မတ ဟာ သူတို့နိုင်ငံရဲ့ဝန်ကြီးတွေကိုပဲ သီးသန့် ဂါရဝပြု ပန်းခွေချတယ် ဆိုရင်တော့ ဒီလုပ်ရပ်ဟာ ရိုင်းရာကျပြီး ကြီးကျယ်တဲ့ လုပ်ရပ် ဖြစ်တယ်”လို့ ကိုနေဆိုသူ ရဲ့ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို ဂါရဝပြုခဲ့ပေမယ့် အစိုးရသတင်းစာတွေက ထိန်ချန်ခဲ့တယ်ဆို ရင် တော့ ဦးကျော်ဆန်းဟာ ကိုယ့်ကိုယ်ကိုယ် သိက္ခာချရာ ရောက်တယ်၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ဗိမာန် ဆိုရင် ဘာကြောင့် ဆတ်ဆတ်ထိ မခံဖြစ်နေရတာလဲ၊ မလုပ်သင့်တာ မလုပ်ပါနဲ့ လို့လည်း ဖော်ပြထားပါတယ်။
တချို့ကလည်း ဦးကျော်ဆန်းရဲ့ လုပ်ဆောင်ချက်ဟာ တမင်ရည်ရွယ်ချက် နဲ့ လုပ်တာလား၊ သတိမထားမိလို့လား၊ ဦးကျော် ဆန်း ကိုယ်တိုင် မသိဘဲ သတင်းစာ အယ်ဒီတာတွေက လုပ်တာလား ဆိုပြီး ထင်မြင်ချက် အမျိုးအမျိုးပေးနေ ကြပါတယ်။
ကိုရီးယား သမ္မတ လာတဲ့ကိစ္စဟာ သာမန်ပုဂ္ဂိုလ် တယောက် မဟုတ်ဘဲ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက်နဲ့ တရားဝင် လာရောက်တဲ့ သမ္မတ တဦးဖြစ်လို့ မြန်မာ အစိုးရ အနေနဲ့ သတိမထားမိတာ မဟုတ်လောက်ဘူးလို့ ဆိုကြပါတယ်။ သမ္မတရုံး က စီစဉ်သူရဲ့ အားနည်းချက်ကြောင့်လား၊ ပြန်ကြားရေးဌာန လုပ်ရပ်လား ဆိုတဲ့ မေးခွန်း တချို့လည်းတွေ့ရပါတယ်။
မြန်မာနိုင်ငံကို တရားဝင်လာရောက်တဲ့ နိုင်ငံတကာ ခေါင်းဆောင်ကြီးတွေဟာ အာဇာနည် ဗိမာန်ကို သွားရောက်ပြီး လွမ်းသူ့ပန်းခွေ ချတာ၊ ဂါရဝပြုတာတွေကို လုပ်ဆောင်လေ့ရှိကြပါတယ်။
၁၉၈၈ မတိုင်ခင် က မြန်မာနိုင်ငံရဲ့ သမ္မတတွေ၊ ဝန်ကြီး တွေဟာ လည်းပဲ ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့ ရောက်တိုင်း အာဇာနည်ဗိမာန်ကို သွားရောက် ပန်းခွေချ အလေးပြုတာ လုပ်ဆောင်ခဲ့ကြပါတယ်။ သတင်းစာတွေ၊ ရေဒီယို၊ ရုပ်မြင်သံကြား တွေကလည်းပဲ ခမ်းခမ်း နားနားဖော်ပြခဲ့ကြပါတယ်။
၁၉၈၈ ခုနှစ် နောက်ပိုင်းမှာတော့ ဝန်ကြီး အဆင့်နဲ့ရန်ကုန်မြို့တော်ဝန် တို့ကသာ လွမ်းသူ့ ပန်းခွေချ၊ အလေးပြုတာတွေ လုပ်ခဲ့ပြီး သတင်းစာ၊ ရေဒီယို၊ ရုပ်သံတွေ ကလည်းပဲ အနည်းငယ်သာ ဖော်ပြပေးခဲ့ကြပါတယ်။
၂၀၀၂ ခုနှစ် နောက်ပိုင်း ကနေ ယနေ့အထိ ပြန်ကြားရေး ဝန်ကြီးတာဝန် ထမ်းဆောင်နေတဲ့ ဦးကျော်ဆန်း လက်ထက်မှာ ပိုဆိုး လာတယ်လို့ ဝေဖန် နေကြပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ထဲမှာ ခေါင်းမာ ဂိုဏ်းသားနဲ့ သဘောထားပျော့တဲ့ အဖွဲ့ဆိုပြီး အုပ်စုကွဲနေတယ်လို့ သတင်းတွေ ထွက်နေကာ ဦးကျော်ဆန်း ဟာ ခေါင်းမာဂိုဏ်းအဖွဲ့ ဝင်ဖြစ်လို့ ရာထူးမှ ဖယ်ရှားခံလိုက်ရပြီ ဆိုပြီးတော့လည်း သတင်းတွေ
ခဏခဏ ထွက်ပေါ်လေ့ရှိပါတယ်။ အဲဒီလို သတင်းတွေထွက်ပေါ်ပြီး မကြာခင် ရက်ပိုင်းမှာပဲ ဦးကျော်ဆန်း ဟာ သတင်း စာတွေ မှာ ပြန်ပေါ် လာလေ့ရှိတတ်ပါတယ်။
မေလ ၃ ရက်နေ့ မှာပဲ ဒု သမ္မတ ဦးတင်အောင်မြင့်ဦး နုတ်ထွက်စာတင်ပြီး အနားယူသွားပြီ ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့တဲ့ အပြင် သတင်းစာတွေမှာ မတွေ့ရတော့တဲ့ ဦးကျော်ဆန်း ဟာလည်းပဲ ရာထူးက ပြုတ်သွားပြီ ဆိုတဲ့ သတင်းတွေ ဆက်တိုက် ထွက်လာခဲ့ပါတယ်။
ဒါပေမယ့် ဒီရက်ပိုင်း အတွင်းမှာပဲ ဦးကျော်ဆန်း ဟာ သတင်းစာတွေရဲ့ စာမျက်နှာ တော်တော်များများမှာ သူ့ရဲ့ ဓာတ်ပုံတွေ လုပ်ဆောင်ချက်တွေ၊ မီဒီယာတွေနဲ့ ပတ်သက်တဲ့ အစည်းအဝေး တက်ရောက်တာ၊ ဆွေးနွေးတာတွေ၊ စာကြည့်တိုက် ဖွင့်ပွဲ ကိစ္စတွေ ပြောဆိုနေတဲ့ ပုံတွေကို ဝေဝေဆာဆာ ဖော်ပြပေးနေပါတယ်။
ဦးကျော်ဆန်းဟာ သူ့ရဲ့လုပ်ဆောင်ချက်တွေကို သတင်းစာတွေကနေ အသေးစိတ်ဖော်ပြပေးနေပေမယ့် မေလ ၁၁ ရက်နေ့က
သမ္မတ ဦးသိန်းစိန် ပြောခဲ့တဲ့ မိန့်ခွန်းတွေကို ဆင်ဆာ ဖြတ်တောက်မှုတွေလုပ်ခဲ့ပါတယ်။
သမ္မတက “ပြည်သူတွေဟာ အစိုးရ အပေါ် ယုံကြည်မှုတွေ နည်းနေတယ်၊ ခေတ်နောက်ပြန် ဆွဲချင်သူတွေကို ဘေးဖယ်ထားခဲ့ ရပါမယ်” ဆိုတဲ့ မိန့်ခွန်း အပြည့်အစုံကို သမ္မတရုံးရဲ့ အင်တာနက် စာမျက်နှာမှာ တွေ့ရပေမယ့် သတင်းစာတွေမှာတော့ ဖော်ပြ မထားပါဘူး။ ။