လွတ်လပ်သောစာနယ်ဇင်း ကောင်စီ ပေါ်ပေါက်ရေးအတွက် မြန်မာ ဂျာနယ်လစ် အဖွဲ့များ အား ကောင်စီနှင့် သက်ဆိုင်သော လုပ်ငန်း တာဝန်များကို လွတ်လပ်စွာ ရေးဆွဲခွင့် ပြုလိုက်ကြောင်း သိရသည်။
စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေ၊ ဗိုလ်ကြီး မျိုးမြင့်မောင်တို့က မြန်မာ သတင်းထောက်အဖွဲ့ ၃ ဖွဲ့ဖြစ်သော မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း (MJA)၊ မြန်မာ စာနယ်ဇင်းသမဂ္ဂ (MJU)နှင့် မြန်မာဂျာနယ်လစ် ကွန်ရက် (MJN) ဖြစ်မြောက်ရေး ကော်မတီ တို့မှ ကိုယ်စားလှယ် ၆ ဦးစီနှင့် ယနေ့ပြုလုပ်သော အစည်းအဝေးတွင် ဦးတင့်ဆွေက ပြောကြားလိုက်ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် တနင်္ဂနွေနှင့် တနင်္လာနေ့များတွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက စာနယ်ဇင်းကောင်စီသစ်၏ ဖြေရှင်းရမည့် လုပ် ငန်းများကို တင်ပြရာ၌ စာပေစိစစ်ရေး လုပ်ငန်းများ ပြန်ပါလာသည့် အချက်တချို့ကို သတင်းထောက် အဖွဲ့များက လက်မခံနိုင်ကြောင်း ပြောဆိုထားပြီးဖြစ်သည်။
အစည်းအဝေးတက်ရောက်ခဲ့သော MJA ဖြစ်မြောက်ရေးကော်မတီ အထွေထွေအတွင်းရေးမှူး ဦးကိုကို (စက်မှု) က “ဝေငှထားတဲ့ စာရွက် ၃ ရွက်ကို မေ့လိုက်ပါ။ အဲ့ဒီအတိုင်း လုပ်ဖို့ မဆိုလိုပါဘူးတဲ့။ ကိုယ်ဖြစ်ချင်တဲ့ စာနယ်ဇင်းကောင်စီရဲ့ဖန်ရှင်တွေကို ကိုယ့် ဟာကိုယ် ပြန်ပြင်ပါ။ အဲဒါ သဘောတူညီချက် ရတယ်” ဟု ဧရာဝတီကို ပြောသည်။
မြန်မာစာနယ်ဇင်း သမဂ္ဂ (MJU) ဖြစ်မြောက်ရေး လှုပ်ရှားနေသော ကိုဇော်သက်ထွေးကလည်း “စာနယ်ဇင်းကောင်စီနဲ့ ပတ်သက်ပြီး တာဝန်နဲ့ လုပ်ပိုင်ခွင့်များ ဆိုတာကို ရုပ်သိမ်းသွားပြီ။ အကုန်လုံးပါ။ တာဝန် ၁၀ ချက်နဲ့ လုပ်ပိုင်ခွင့် အကုန်လုံးပါ။ အခု စာပေအဖွဲ့အစည်းတွေအနေနဲ့ ကိုယ်ဖြစ်ချင်တဲ့ Press Council မော်ဒယ်ကို ကိုယ့်စိတ်ကူးစိတ်သန်းနဲ့ တင်ပြပါ။ ဒီလကုန်မှာ တင်ပြပြီး အားလုံး ပေါင်းစပ်ပြီး ဘယ်လိုဖြစ်သင့်တယ်ဆိုတာကို ညှိနှိုင်းဆောင်ရွက်မယ်လို့ ပြောတယ်”ဟု ဆိုသည်။
သတင်းထောက်အဖွဲ့များမှ မိမိတို့စိတ်ကြိုက် လုပ်ငန်းတာဝန်များကို ရေးဆွဲနိုင်ပြီး ထိုအချက်များကို ပြန်ကြားရေးဌာနသို့ မေလ ၃၁ ရက်နေ့ နောက်ဆုံးထား ပေးပို့ရမည် ဖြစ်သည်။
ထိုအစည်းအဝေးတွင် “ဖွဲ့စည်းမည့် ကြားဖြတ် စာနယ်ဇင်းကောင်စီသည် စာပေစိစစ်ရေးကို အစားထိုး ဖွဲ့စည်းခြင်းမဟုတ်ကြောင်း သဘောတူညီလိုက်သည်” ဟု မြန်မာ ဂျာနယ်လစ် ကွန်ရက်ကလည်း ယနေ့ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထား သည်။
၎င်းအပြင် ဝန်ကြီးဌာနမှ ရေးဆွဲထားသော မီဒီယာဥပဒေကို စာနယ်ဇင်းကောင်စီ ဖွဲ့မပြီးခင် လွွှတ်တော်သို့ မတင်သွင်းရန် သဘော တူ ခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြန်ကြားရေးဝန်ကြီး တင်ပြထားသည့် စာနယ်ဇင်းကောင်စီ အနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးရမည့် လုပ်ငန်းများထဲတွင် စာနယ် ဇင်း လွတ်လပ်ခွင့်ကို တည်ဆဲဥပဒေနှင့်အညီ ထိန်းသိမ်းကာကွယ်ရန်နှင့် ၁၉၆၂ ခုနှစ် ပုံနှိပ် ဥပဒေ၊ စာပေစိစစ်ရေး မူဝါဒများနှင့် အညီ စာနယ်ဇင်းများအား ကြီးကြပ်ထိန်းသိမ်း ဆောင်ရွက်ရန် စသည့်အချက်များ ပါဝင်သည်။
ထိုအချက်များကို ပြင်ဆင်၊ ဖြုတ်ပေးရန် တင်ပြတောင်းဆိုသွားမည်ဟု သတင်းထောက်အဖွဲ့ ဖြစ်မြောက်ရေး ကော်မတီဝင်များက မီဒီယာများကို ပြောကြားပြီးနောက် ယနေ့တွင် အစည်းအဝေး ခေါ်ယူလိုက်ခြင်း ဖြစ်သည်။
“စာပို့မယ်လို့ ပြောထားတယ်။ မီဒီယာတွေမှာလည်း ပြောကြားတဲ့အချက်တွေကို သူတို့ အလေးထားတယ်။ အဲ့ဒါတွေကို ခေါ်ရှင်း တာ။ စာတောင် မပို့လိုက်ရသေးဘူး။ သိသွားတဲ့သဘော။ မီဒီယာကို နားထောင်လာတဲ့သဘောပေါ့”ဟု ဦးကိုကိုက သူ့အမြင်ကို ပြော သည်။
သူကဆက်ပြီး“အဖွဲ့ ၃ ဖွဲ့ ကွဲပြားသော်ငြား ဒီအချိန်မှာ၊ ဆွေးနွေးပွဲမှာ သုံးဖွဲ့လုံးက စည်းစည်းလုံးလုံး ညီညီညွတ် ညွတ်နဲ့ ပြောဆိုနိုင်ကြတာ တွေ့ရတယ်။ အဖွဲ့ကွဲပြားနေသော်ငြား အများအကျိုးစီးပွား၊ ဘုံအကျိုးစီးပွားအတွက် ညီညီညွတ်ညွတ် ရှိတယ်ဆိုတာ ကောင်းမွန်တယ် ထင်တယ်။ ကောင်းမွန်တဲ့အစပဲ” ဟု ပြောဆိုသည်။
အဖွဲ့ ၃ ဖွဲ့က သီးခြားလုပ်ငန်းတာဝန်များ ရေးဆွဲမှာဖြစ်ပြီး ထိုအထဲမှာ ဘုံတူညီချက်များ ရယူမည်ဖြစ်သည်ဟု သတင်းထောက်များက ပြောသည်။
ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော် ကလည်း သတင်းထောက်အဖွဲ့ ကွဲပြားနေမှုများနှင့် ပတ်သက်ပြီး အသွင်ကူးပြောင်းရေး ကာလတွင် ထိုသို့ အဖွဲ့ကွဲများ ပေါ်တတ်သည်မှာ သဘာဝဖြစ်ကြောင်း ပြောသည်။
“အကူးအပြောင်း ကာလမှာ အဖွဲ့တွေ ပေါ်လာမှာပဲ။ ဒါ ထုံးစံပဲ။ အဓိက က လွတ်လပ်စွာ လုပ်နိုင်ခွင့် ရှိဖို့ပဲလိုတယ်။ ရေရှည်မှာ အလုပ်လုပ်နိုင်တဲ့၊ ဂျာနယ်လစ်အကျိုးကို သယ်ပိုးနိုင်တဲ့ လူတွေ၊ လွတ်လပ်ပြီး သိက္ခာရှိတဲ့ အဖွဲ့အစည်းတွေပဲ ကျန်ခဲ့မှာပါ။ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ထိုင်းမှာပဲ ကြည့်ကြည့်၊ အလုပ်လုပ်နိုင်တဲ့ အဖွဲ့တွေ၊ အများက လေးစားတဲ့ အဖွဲ့တွေပဲ ကျန်ခဲ့တာ၊ အင်စတီကျူးရှင်း တခု ခိုင်ခိုင်မာမာ ထူထောင်နိုင်ဖို့၊ အလုပ်လုပ်နိုင်ဖို့က အရေးကြီးတယ်”ဟု သူက ပြောဆိုသည်။