မန္တလေးမြို့ရှိ လက်ဖက်ရည်ဆိုင်တွေမှာ အင်တာနက် ဝိုင်ဖိုင် အခမဲ့ သုံးခွင့်ပေးတဲ့အတွက် ဆိုင်တွေမှာ လူစည်ကားနေပြီး မြို့ခံ စီးပွားရေးသမားများ၊ ဝန်ထမ်းများ၊ သတင်းသမားများ၊ ကျောင်းသားကျောင်းသူများ လာရောက်သုံးစွဲကြတယ်လို့ သိရပါတယ်။
အရင်ကတော့ မန္တလေးက လက်ဖက်ရည်ဆိုင်တွေမှာ စားသုံးသူတွေ ဖတ်ရှုနိုင်ဖို့ ဂျာနယ်စာစောင်တွေ ထားပေးတဲ့ ယဉ်ကျေးမှုကနေ အင်တာနက် ဝိုင်ဖိုင် အခမဲ့ သုံးစွဲခွင့်ပေးတဲ့ ယဉ်ကျေးမှုကို ကူးပြောင်းလာတာပါ။
“ကျနော်တို့က မန္တလေးလူထုကို ပိုပြီး အဆင့်တန်း မြင့်စေချင်တယ်။ အခုဆိုရင် လက်ဖက်ရည်ဆိုင်ကို လူရည်သန့်တွေ လာထိုင်တာတွေ ရှိလာပြီ။ လက်ဖက်ရည်သောက်ရင်း အင်တာနက် ကြည့်လို့ရအောင်အထိ လုပ်ပေးထားတာပါ။ အရင်တုန်းကတော့ ဂျာနယ်တွေ အစုံထားပေးထားတာပေါ့” လို့ ၈၄ လမ်းမှာရှိတဲ့ ယူနီစန်လက်ဖက်ရည်ဆိုင်က မန်နေဂျာက ပြောပါတယ်။
မန္တလေးမှာ အင်တာနက် ဝိုင်ဖိုင် အခမဲ့သုံးနိုင်တဲ့ ဆိုင်ပေါင်း ၁၇ ဆိုင်ရှိပါတယ်။ (စာရင်းကို သတင်း အောက်ဆုံးမှာ ကြည့်ပါရန်)
အခုလို အင်တာနက် ဝိုင်ဖိုင် အခမဲ့ဝန်ဆောင်မှုစ ပေးတာ မန္တလေးမှာ ၆ လလောက် ရှိပြီလို့ သိရပါတယ်။ တဖြည်းဖြည်းနဲ့ အဲဒီလို လက်ဖက်ရည်ဆိုင်တွေ တိုးပွားလာပြီး ၁၇ ဆိုင်အထိ ရှိလာတာ ဖြစ်ပါတယ်။ မီးပျက်တဲ့အခါ မီးစက်ပါ မောင်းပေးတဲ့အတွက် မန္တလေးမြို့မှာ ဝန်ဆောင်မှု အကောင်းဆုံးဆိုင်တွေအဖြစ် နာမည်ကြီးနေပါတယ်။
အင်တာနက် ဝန်ဆောင်မှုကို မန္တလေးမြို့ အနောက်ဘက်ခြမ်းမှာ Fortune ကုမ္ပဏီက တာဝန်ယူထားပြီး အရှေ့ဘက်ခြမ်းမှာ WiMax က တာဝန်ယူ ဆောင်ရွက်ပေးနေကြောင်း၊ တပ်ဆင်ခအနေနဲ့ ကျပ် ၈ သိန်းခွဲ ပေးရပြီး 1MB ကို တလလျှင် ကျပ် ၇ သောင်းခွဲ၊ 2MB ကို တလလျှင် ကျပ် ၁ သိန်း၂ သောင်းခွဲ ပေးရကြောင်း သိရပါတယ်။
တခြားသော မြို့ကြီးများမှာ အင်တာနက် ဝိုင်ဖိုင်ကို အအေးခန်း ကော်ဖီဆိုင်နဲ့ အအေးဆိုင်များမှာသာ ထားပေးလေ့ရှိကြပါတယ်။ မန္တလေးမှာ ရိုးရိုးလက်ဖက်ရည်ဆိုင်တွေက ဒီလိုဝန်ဆောင်မှုပေးတာကို မြို့ခံလူထုက အားရကျေနပ်နေကြတယ်လို့ သိရပါတယ်။
မန္တလေးသားတဦးက “ကျနော်ရောက်ဖူးတဲ့ ရန်ကုန်မှာတောင် အအေးခန်း ကော်ဖီဆိုင်တို့၊ အအေးဆိုင်တို့မှာပဲ ဒီလို ထားပေးတာ။ အခုလို လက်ဖက်ရည်တခွက် ၂၀၀ ကျပ်နဲ့သောက်ပြီး အင်တာနက် အခမဲ့သုံးလို့ ရတဲ့ဆိုင်ကတော့ ကျနော်တို့ မန္တလေးမှာပဲ ရှိတယ်ဗျ” လို့ ပြောပါတယ်။
မန္တလေး လက်ဖက်ရည်ဆိုင် အင်တာနက် ပရိသတ်က ဆိုင်ထိုင်တဲ့အခါ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပတ်ဝန်းကျင်ကို ကောင်းကောင်း မြင်ရတဲ့ဆိုင်ကို ရွေးထိုင်တတ်လို့ ဆိုင်ပိုင်ရှင်တွေကလည်း အဲဒီလို အကွက်အကွင်းနေရာတွေကို ရွေးချယ်ဖွင့်လှစ်ကြတယ်လို့ သိရပါတယ်။
ယူနီစန် လက်ဖက်ရည်ဆိုင် မန်နေဂျာက “မန္တလေးလူထုက တမျိုးဗျ။ ဆိုင်တွေမှာ မှန်နဲ့အအေးခန်း ထားတာကို မကြိုက်ဘူး။ အဲလိုဆိုင်တွေမှာ လူလည်းမဝင်ဘူး။ ပြီးတော့ စားပွဲခုံကိုလည်း များများထားပေးရတယ်။ ရန်ကုန်မှာက စားပွဲတဝိုင်းကို လူ လေး၊ ငါးယောက်ထိုင်လည်း ပြဿနာမရှိဘူး။ ဒီမှာက မရဘူး။ စားပွဲတခုမှာ လူတယောက်လောက် ထိုင်နေရင်ကို အဲဒီနေရာကို မသွားတော့ဘူး။ ကျန်တဲ့ လွတ်တဲ့နေရာတွေကိုပဲ ရှာထိုင်ကြတာ။ အားနာလို့ ထင်တာပါပဲ။ အဲဒါကြောင့် မန္တလေးမှာ ဆိုင်ဖွင့်ရင် နေရာကျယ်ကျယ်ရှာပြီး ဖွင့်ကြတာပါ” လို့ ပြောပါတယ်။
အင်တာနက် ဝိုင်ဖိုင်ရတဲ့ လက်ဖက်ရည်ဆိုင်တွေမှာ လူစုထိုင်ကြပြီး ကားဈေးနှုန်းတွေ ကြည့်ရှုတာ၊ နိုင်ငံတကာ ဈေးကွက်စီးပွားရေးအကြောင်း၊ နိုင်ငံရေးအကြောင်း ကြည့်ရှုတာ၊ သတင်း ဝက်ဘ်ဆိုဒ်တွေ ကြည့်ရှုတာနဲ့ Facebook သုံးတာတွေ ပြုလုပ်ကြပါတယ်။
“အရင်တုန်းက ဒီလို အင်တာနက်သုံးဖို့ဆိုတာ မလွယ်ဘူးဗျ။ ဆိုင်သွားသုံးရအောင်ကလည်း ကိုယ်က အဲဒီလောက် အချိန်မရဘူး။ အင်တာနက်ဆိုင် သွားသုံးဖို့ကြတော့လည်း ကိုယ့်ကိုယ်ကို မသင့်တော်ဘူးထင်လို့ မသွားဖြစ်ဘူး။ အခုတော့ ဒီလို လက်ဖက်ရည်ဆိုင်တွေက အင်တာနက်ရတယ်ဆိုတာနဲ့ iPad တလုံးဝယ်ထားပြီး မနက်စာစားရင်း သုံးဖြစ်နေတာပါ” လို့ မန္တလေးမြို့ခံ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။
လက်ဖက်ရည်ဆိုင်တွေက အင်တာနက် ဝိုင်ဖိုင် အခမဲ့ပေးသုံးပေမယ့် အခပေး အင်တာနက်ဆိုင်တွေမှာလည်း လူတွေက ပုံမှန်အသုံးပြုကြတယ်လို့ သိရပါတယ်။ အများအားဖြင့် လူငယ်တွေ ဖြစ်ပြီး Chatting ထိုင်တာ၊ VZO ပြောတာ၊ ဂိမ်းဆော့တာတွေ ပြုလုပ်ကြတယ်လို့ ဆိုပါတယ်။ နောက်ပြီး ကိုယ်ပိုင် လက်ပ်တော့ကွန်ပြူတာ မရှိတဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။
“လက်တော့ပ်ကို လောလောဆယ် မဝယ်နိုင်သေးဘူး။ ကျနော်တို့ကျောင်းမှာ ပိုက်ဆံရှိတဲ့ လူတွေလောက်ပဲ အဲဒါကို သုံးနိုင်သေးတာ။ လက်ဖက်ရည်ဆိုင်တွေမှာ အင်တာနက် အလကားရပြီဆိုတာ သိတယ်။ တခါတလေတော့ ဖုန်းနဲ့သွားသုံးဖြစ်တယ်။ ဖုန်းနဲ့သုံးရတာတော့ အားမရဘူး။ Chatting ထိုင်မယ်ဆိုရင်တော့ အင်တာနက်ဆိုင်ပဲ သွားဖြစ်တာများတယ်။ အဲဒီမှာက လွတ်လပ်တယ်လေ” လို့ မန္တလေးဆေးတက္ကသိုလ် ကျောင်းသား တဦးက ပြောပါတယ်။
မန္တလေးမှာရှိတဲ့ ကွန်ပျူတာဆိုင်တွေမှာ လတ်တလော Tablet ကွန်ပြူတာတွေ အရောင်းသွက်နေပြီး လက်တော့ပ် အရောင်းဝယ် ကျနေတယ်လို့ သိရပါတယ်။ Tablet ကွန်ပြူတာတလုံးကို အမျိုးအစားအလိုက် အနည်းဆုံး ကျပ် ၂ သိန်းကနေ ကျပ် ၆ သိန်းကျော်အထိ ရှိကြောင်း သိရပါတယ်။
မန္တလေးမြို့ရှိ အင်တာနက် ဝိုင်ဖိုင် အခမဲ့သုံးခွင့်ပေးသော လက်ဖက်ရည်ဆိုင်များ
ယူနီစန် လက်ဖက်ရည်ဆိုင် (၈၄ လမ်း၊ ၂၉x၃၀ ကြား)
စိန်ဝင်းဝင်း လက်ဖက်ရည်ဆိုင် (၃၄ လမ်း၊ ၈၄x၈၅ ကြား)
မင်းသီဟ လက်ဖက်ရည်ဆိုင် (၁၉ လမ်းx၈၂ လမ်းထောင့်)
မင်းသီဟ လက်ဖက်ရည်ဆိုင် (၇၈ လမ်း၊ ၃၁x၃၂ ကြား ဘူတာကြီးတောင်ဘက်)
မင်းသီဟ လက်ဖက်ရည်ဆိုင် (၂၈ လမ်း၊ ၇၂ ထောင့်)
မင်းသီဟ လက်ဖက်ရည်ဆိုင် (၃၂ လမ်း၊ ၇၇x၇၈ ကြား)
မန်းမြို့တော် လက်ဖက်ရည်ဆိုင် (၈၄ လမ်း၊၃၂x၃၃ ကြား)
မင်းမင်းကျော် လက်ဖက်ရည်ဆိုင် (၈၃ လမ်း၊ ၃၃x၃၄ ကြား)
အာကာမင်း လက်ဖက်ရည်ဆိုင် (၃၂ လမ်းx၆၈ လမ်းထောင့်)
ကောင်းဟိန်း လက်ဖက်ရည်ဆိုင် (၄၁ လမ်း၊ ၈၀x၈၁ ကြား)
ထောထော လက်ဖက်ရည် ဆိုင် (လမ်း ၈၀၊ အမှတ် ၂ ရဲစခန်း မြောက်ဘက်)
Top Choice လက်ဖက်ရည်ဆိုင် (လမ်း၈၀၊ ၃၁x ၃၂ လမ်းကြား)
တင်စော လက်ဖက်ရည်ဆိုင် (လမ်း ၈၀x၄၁ လမ်းထောင့်)
ကြယ်တာရာ လက်ဖက်ရည်ဆိုင် (လမ်း ၈၀x၄၁ လမ်းထောင့်)
ကရဝိတ် လက်ဖက်ရည်ဆိုင် (၂၂လမ်း၊ ၈၃x၈၆ လမ်းကြား)
ချစ်ညီလေး လက်ဖက်ရည်ဆိုင် (၃၂လမ်း၊ ၇၆x၇၇ လမ်းကြား)
စိန်ဝင်းဝင်း (၂) လက်ဖက်ရည်ဆိုင် (၃၄လမ်း၊ ၈၃x၈၄ ကြား)