မွန်ပြည်နယ် သံဖြူဇရပ်မြို့နှင့် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့သို့ ဆက်သွယ်ထားသော သေမင်းတမန် ရထားလမ်း ဟောင်းကို ပြန်လည်ဖောက်လုပ်သွားမည်ဟု မီးရထားဝန်ကြီးဦးအောင်မင်း က ယခုလ ၁၅ ရက်နေ့က ဘုရားသုံးဆူမြို့တွင် ပြုလုပ်သော ကရင်အမျိုးသား အစည်းအရုံး(KNU) ဆက်ဆံရေးရုံးဖွင့်ပွဲတွင် ပြောဆိုခဲ့ကြောင်း သိရသည်။
“ဦးအောင်မင်းကတော့ သေမင်းတမန်မီးရထားလမ်းကိုတော့ ပြန်လုပ်ချင်တာပေါ့နော် ဒါပေမယ့် အဲဒီဟာကို မွန်ပြည်သစ်က လုပ်မလား၊ KNU ကလုပ်မလား၊ အစိုးရကလုပ်မလားဆိုတာကတော့ အတိကျမပြောသေးဘူး” ဟု မွန်ပြည်သစ် ပါတီ ဗဟို ကော်မတီ အဖွဲ့ဝင် နိုင်တလညီ က ဧရာဝတီသို့ ပြောသည်။
ဘုရားသုံးဆူ ဒေသဖွံ့ဖြိုးရေးအတွက် အဆိုပါရထားလမ်းနှင့် အတူ ကားလမ်းတွဲလျက် ဖောက်လုပ်ရေး၊ ဘုရားသုံးဆူမြို့တွင် စက်မှုဇုန် တည်ဆောက်ရေး စီမံကိန်းတို့ကို လုပ်ကိုင်နိုင်ရန် မွန်ပြည်သစ်ပါတီက ကြိုးပမ်းလျက်ရှိကြောင်း နိုင်တလညီက ပြောသည်။
ထိုရထားလမ်းနှင့် ကားလမ်း ဖောက်လုပ်ပြီးစီးပါကလည်း ထိုင်းနိုင်ငံ ဘန်ကောက်နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ထိ ကုန်သွယ် ကူးသန်းမှုများ ပြုလုပ်နိုင်မည်ဟုသိရပြီး ထိုလမ်းများ ဖောက်လုပ်နိုင်ရန်အတွက်နှင့် နယ်မြေ တည်ငြိမ် အေးချမ်းရေးတို့ အတွက် အစိုးရ၊ KNU နှင့် မွန်ပြည်သစ် ပါတီတို့ သုံးပွင့်ဆိုင် သဘောတူညီမှုရရန်လိုအပ်သည်ဟု နိုင်တလညီ က ပြောသည်။
ငွေကြေး သန်းပေါင်းများစွာ ကုန်ကျမည့် သေမင်းတမန် ရထားလမ်း ပြန်လည်ဖောက်လုပ်ရေး ဝန်ကြီးဦးအောင်မင်း ပြောဆို သွားမှုသည် ငြိမ်းချမ်းမှု အပြည့်ဝ မရရှိသေးသော လက်ရှိအခြေအနေများတွင် မဖြစ်နိုင်သေးကြောင်းနှင့် မွန်ပြည်သစ် ပါတီနှင့် ၎င်းတို့အကြား တင်းမာမှုများဖြစ်စေရန် တွန်းပို့နေသည်ဟုလည်း သံသယဝင်မိကြောင်း KNU ဒုဥက္ကဌ ပဒို ဒေးဗစ်သာကပေါ က ပြောသည်။
“ဒီစီမံကိန်းဟာ မဖြစ်နိုင်သေးပါဘူး။ စိတ်ကူးယဉ်အဆင့်မှာပဲရှိတယ်လို့ ကျနော်ထင်တယ်။ ဒါပေမယ်လို့ မွန်နဲ့ ကရင် အချင်းချင်း ရန်ဖြစ်အောင်ပဲ တိုက်နေ လားတော့ မသိဘူး” ဟု ဒေးဗစ်သာကပေါ က ဧရာဝတီသို့ ပြောသည်။
ထို့အတူ လက်ရှိ အပစ်အခတ်ရပ်စဲရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးအခြေအနေများနှင့် ပတ်သက်ပြီး အစိုးရက အခြား တိုင်းရင်းသား တပ်များနှင့် ပဏာမ အပစ်ရပ်ရေးလုပ်ဆောင်ထားသော်လည်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကို ထိုးစစ်ဆင် တိုက်ခိုက်နေမှုအပေါ် အစိုးရအား အပြည့်ဝ ယုံကြည်၍ မရနိုင်သေးဟု ဆိုသည်။
“တည်ငြိမ်အေးချမ်းမှုက စောင့်ကြည့်ရဦးမယ်လေ။ ဘာဖြစ်လို့လည်း ဆိုတော့ ကချင်ဘက်မှာ အလုံးအရင်းနဲ့တိုက် နေတာကိုး၊ ကျနော်တို့ လွန်ခဲ့တဲ့ ၁၇ နှစ်က ခံခဲ့ရသလိုမျိုးပေါ့ဗျာ။ ကရင်ကို အလုံးအရင်းနဲ့တိုက် အခြားအဖွဲ့တွေ ကြတော့ အချိုသပ်ထား၊ အခုတော့ ဒီဘက်မှာအချိုသပ် ကချင်ဘက်မှာ အလုံးအရင်းနဲ့တိုက် ဆိုတော့ ယုံကြည်ဖို့ခက်နေတယ်” ဟု ဒေးဗစ်သာကပေါ က ပြောသည်။
မွန်ပြည်သစ် ပါတီနှင့် KNU တို့ အစိုးရနှင့် ပဏာမ အပစ်ရပ်ရေး သဘောတူထားကြသော်လည်း စီးပွားရေးဇုန်နှင့် ရထားလမ်း ဖောက်လုပ်ရေး အစီစဉ် ရှိကြောင်းပြောဆိုထားသော ဘုရားသုံးဆူ မြို့နယ်နှင့် မြို့ပေါ်တွင် အမည်မသိ လက်နက်ကိုင်များ သွားလာလှုပ်ရှားနေမှုများ၊ ပစ်ခတ်မှု၊ ဓားပြတိုက်၊ လုယက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
သေမင်းတမန် ရထားလမ်းနှင့် ကားလမ်း၊ စက်မှုဇုန် တို့အပြင် ထိုင်းနိုင်ငံ ကန်ချနဘူရီမြို့နယ်နှင့် ဆက်သွယ် နိုင်သည့် ရေးမြို့နယ် မြောက်ပိုင်း နှစ်ကရင် ကျေးရွာအနီး ကုလားကုတ် ရေနက်ဆိပ်ကမ်း တည်ဆောက်နိုင်ရန် မွန်ပြည်သစ် ပါတီ အနေဖြင့် ရည်ရွယ်ထားသော်လည်း စီမံကိန်း ဘဏ္ဍာငွေအတွက် ရင်းနှီးနိုင်မည့် ကုမ္ပဏီများကို ရှာဖွေရန်ခက်ခဲနေသေးသည်ဟု ဆိုသည်။
သေမင်းတမန် ရထားလမ်းကို ဒုတိယ ကမ္ဘာစစ်ကာလအတွင်းက ဖက်ဆစ်ဂျပန်များက သံဖြူဇရပ်မြို့မှ ယိုးဒယားနိုင်ငံ ကန်ချန ဘူရီ မြို့သို့ သွယ်တန်း၍ လက်နက်ခဲယမ်းများသယ်ယူပို့ဆောင်ရေး၊ မြန်မာ့ သယံဇာတ ထွက်ကုန်များ သယ်ယူနိုင်ရေးတို့အတွက် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း လေ့လာသိရှိရသည်။
အရှည် ၄၁၅ ကီလိုမီတာ ရှိသော သေမင်းတမန် ရထားလမ်းကို ၁၉၄၂ ခုနှစ်က ဖောက်လုပ်ခဲ့ပြီး ထိုစဉ် ဂျပန်တို့ ခေါ်ယူလာသော စစ်သုံ့ပန်းနှင့် ချွေးတပ်သား ၈၀၀၀၀ ကျော်ဖြင့် ဖောက်လုပ်ခဲ့ကြောင်း၊ ၎င်းတို့အနက် အများစုမှာ ငှက်ဖျား ရောဂါကြောင့် အသေအပျောက်များခဲ့သဖြင့် သေမင်းတမန် ရထားလမ်းဟု အမည်တပ်ခဲ့သည်ဟု သိရသည်။