ကားတင်သွင်းရန်အတွက် မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေး ဘဏ်တို့တွင် နိုင်ငံခြားငွေ စာရင်းသစ် လက်ခံဖွင့်လှစ်ပေးလျက်ရှိရာ ယခုရက်ပိုင်းအတွင်း ငွေစာရင်းသစ် ဖွင့်လှစ်သူများပြားလျက် ရှိသည်။

“ကားတင်သွင်းသူလိုသူတွေအတွက် နိုင်ငံခြားငွေစာရင်းသစ် လာဖွင့်တဲ့ သူတွေများလို့ိ သီးခြားကောင်တာ ဖွင့် ဆောင်ရွက်ပေးနေပါတယ်၊ မနက် စောစော ဘဏ်ဖွင့်ဖွင့်ခြင်း လာမယ်ဆိုရင်တော့ နေ့ချင်းပြီး ရမှာပါ “ ဟု မြန်မာ့နိုင်ငံခြား ကုန်သွယ်မှု ဘဏ်မှ ဝန်ထမ်းက ဆိုသည်။
နိုင်ငံသားတိုင်း နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ကာ ၂၀၀၇ ခုနှစ်မော်ဒယ်အထက် ကားများ ဘတ်စ်ကားမှ အပ တင်သွင်းခွင့် ပြုကြောင်း မေလ ၇ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပြီးနောက်ပိုင်း နိုင်ငံခြား ဘဏ်စာရင်း ဖွင့်လှစ်နိုင်သော မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေး ဘဏ်တို့တွင် ငွေစာရင်းသစ် ဖွင့်လှစ်သူများအတွက် လွန်ခဲ့သော အပတ်က အခက်အခဲ ရှိခဲ့သော်လည်း ယခုအပတ်အတွင်း ငွေစာရင်းသစ် ဖွင့်လှစ်ပေးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
“ကျနော် ဒီနေ့ ကားတင်သွင်းဖို့ ဘဏ်စာရင်း လာဖွင့်တာ အဆင်ပြေပါတယ်၊ တနေ့တည်းနဲ့ ပြီးသွားပါတယ်၊ အကောင့်သစ်လာဖွင့်တဲ့သူတွေက များတော့ အချိန်ပေးပြီး စောင့်ရတာပေါ့ “ ဟု ကားတင်သွင်းရန်အတွက် မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှု ဘဏ်သို့ စာရင်းသစ် ဖွင့်လှစ် ရန် လာရောက်သူ ဦးအေးသိန်းက ဆိုသည်။
“ကျနော်က ရန်ကုန်ပြည်သူ့ ဆေးရုံက လက်ထောက် ဆရာဝန်တစ်ယောက်ပါ၊ အရင်ကတော့ သင်္ဘောသား တွေနဲ့ နိုင်ငံခြားမှာ သွားအလုပ်လုပ်တဲ့ သူတွေကိုပဲ ကားတင်သွင်းခွင့်ပေးတဲ့ အတွက် အတော် စိတ်မကျေမနပ် ဖြစ်နေခဲ့တာပါ၊ ကျနော်တို့ ပြည်တွင်းမှာ အလုပ်လုပ်နေတဲ့လူတွေကို ဘာအခွင့် အရေး မှ မပေးဘူးလားလို့ပါ ၊ အခုတော့ ကျနော်တို့ အလှည့် ရောက်လာပြီလေ၊ အရင်ကဆို ကားတင်သွင်းဖို့ အတွက် သင်္ဘောသားတွေ ဆီက ပါမစ်ဝယ်ရမလို ဖြစ်နေတာပါ “ ဟု ဦးအေးသိန်းက ဆိုသည်။
ရန်ကုန်မြို့ ယုဇန ပလာဇာတွင် အထည်ဆိုင် ဖွင့်ထားသော ဒေါ်နွယ်နွယ်အေးက လည်း “ အခု ကျမတို့ ကိုယ်တိုင် ဘဏ်စာရင်းဖွင့်ပြီး ကားသွင်းနိုင်တော့မယ် ဆိုတော့ သူများဆီက ပါမစ်ဝယ်စရာ မလိုတော့ဘူးပေါ့ ၊ ပါမစ်ဈေးနဲ့ ကားဈေးနဲ့ ပေါင်းရင် သိန်း ၂၀၀ ကျော် (အမေရိကန် ဒေါ်လာ ၂၄၀၉၆) ရှိမှ ကားသွင်းလို့ ရမှာပါ၊ အခုတော့ ၁၃၅၀ စီစီအင်ဂျင်ပါဝါ အောက်ကားကို သွင်းမယ်ဆိုရင် သိန်း ၁၀၀ (အမေရိကန် ဒေါ်လာ ၁၂၀၄၈) ပတ်ဝန်းကျင်လောက်နဲ့ ရနိုင်မယ် ထင်ပါတယ် “ ဟု ဆိုသည်။
“အရင်ကဆို ချယ်ရီ ဝက်ဂွန်ကားဝယ်ဖို့ စက်မှု ဝန်ကြီးဌာန အရောင်းပြခန်းမှာ လျှောက်လွာ သွားတင်တုန်းက မရလိုက်ပါဘူး၊ ဘဏ်စာရင်းဖွင့်ဖို့ လျှောက်လွှာတင်ထားပါတယ်၊ မနက်ဖြန်မှ ဘဏ်စာအုပ် လာထုတ်ဖို့ ဘဏ်ဝန်ထမ်းက ပြောပါတယ်” ဟု ဒေါ်နွယ်နွယ်အေးက ဆိုသည်။
ဘဏ်စာရင်းသစ်ဖွင့်လှစ်ရန်အတွက် အနည်းဆုံး အက်ဖ်အီးစီ သို့မဟုတ် အမေရိကန် ဒေါ်လာ ၁၀၀ ဖြင့် စတင် ငွေစာရင်းဖွင့်နိုင်ပြီး၊ မိမိတင်သွင်းမည့် ကားတန်ဖိုးငွေကို လိုသလို ထပ်မံဖြည့်သွင်းနိုင်ကြောင်း မြန်မာ့နိုင်ငံခြား ကုန်သွယ်မှု ဘဏ်မှ ဝန်ထမ်းက ဆိုသည်။
ဘဏ်စာရင်းသစ်ဖွင့်လှစ်ရန်အတွက် မိမိမှတ်ပုံတင်နှင့် မိတ္တူကို ယူဆောင်လာရန် လိုအပ်ပြီး၊ လျှောက်လွှာများ ကို ဖြည့်သွင်းလျှောက်ထားရန် လျှောက်လွှာ တစုံလျှင် ကျပ် ၆၀၀ ဖြင့် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှု ဘဏ် ကောင်တာမှ ရောင်းချပေးလျက်ရှိသည်။
နိုင်ငံသားများအနေဖြင့် မိမိတတ်နိုင်သော ငွေကြေးဖြင့် မော်တော်ယာဉ် လွတ်လပ်စွာ ဝယ်ယူခွင့်ရရှိရေး အတွက် မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီ၏ အစီအစဉ်တစ်ရပ်အနေဖြင့် မော်တော်ယာဉ် တင်သွင်းခွင့်များကို ဆောင်ရွက်ပေးလျက် ရှိပြီး မော်တော်ယာဉ် တင်သွင်းလိုသူ နိုင်ငံသားများသည် ဘဏ်လုပ်ထုံး လုပ်နည်းများနှင့်အညီ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း မေလ ၁၄ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။
နိုင်ငံခြားငွေ စာရင်းသစ်များကို (၁) မြန်မာ့စီးပွားရေးဘဏ်၊ နိုင်ငံခြားငွေလုပ်ငန်းဌာန၊ နေပြည်တော်၊ (၂) မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ ရန်ကုန်၊ (၃) မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်၊ ရန်ကုန်နှင့် မန္တလေး စသည့်နေရာများတွင် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း အသိပေး ကြေညာထားသည်။
ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများနှင့် ပတ်သက်၍ အဆင်မပြေမှုနှင့် အကြံဉာဏ် ပေးလိုသည်များရှိပါက ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဖုန်း- ၀၆၇-၄၁၀၀၄၆ သို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း မြဝတီ သတင်းစာတွင် ဖော်ပြထားသည်။
မေလ ၇ ရက်နေ့ နောက်ပိုင်း နိုင်ငံသားတိုင်း ၂၀၀၇ ခုနှစ်နှင့် အထက်မော်ဒယ် ကားများ တင်သွင်းခွင့် လျှောက်ထားရာတွင် အများစုမှာ ဆိပ်ကမ်းအရောက် တန်ဖိုးအပေါ်ကောက်ခံသည့် ကုန်သွယ်လုပ်ငန်းခွန်နှင့် အကောက်ခွန် ၅၅ ရာခိုင်နှုန်း နှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) မှ ကောက်ခံသည့် အခွန် ၅၀ စုစုပေါင်း ၁၀၅ ရာခိုင်နှုန်းသာကောက်ခံသည့် ၁၃၅၀ စီစီအင်ဂျင်ပါဝါနှင့် အောက် ယာဉ်များသာ များကြောင်း နေပြည်တော်ရှိ စီးပွားကူးသန်း ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ကားတင်သွင်းခွင့် ပြုရာတွင် အင်ဂျင်ပါဝါ ၁၃၅၀ စီစီအထက် ယာဉ်များအား ကုန်သွယ်လုပ်ငန်းခွန်နှင့် အကောက်ခွန် ၆၅ ရာခိုင်နှုန်းကောက်ခံပြီး ကညနမှ ၁၃၅၀ စီစီ အထက် ၂၀၀၀ စီစီ အထိယာဉ်များကို ၈၀ ရာခိုင်နှုန်းနှင့် ၂၀၀၀ စီစီအထက်ယာဉ်များကို ၁၀၀ ရာခိုင်နှုန်းကောက်ခံလျက် ရှိသည်။
မေလ ၁၁ ရက်နေ့မှ မေလ ၁၇ ရက်နေ့အထိ နေပြည်တော်ရှိ စီးပွားကူးသန်းရေးဝန်ကြီးဌာနတွင် ၂၀၀၇ ခုနှစ်မော်ဒယ်နှင့် အထက် နိုင်ငံသားတိုင်း ကားတစီးစီတင်သွင်းခွင့် လာရောက်လျှောက်ထားသူ စုစုပေါင်း ၅၄ ဦးကို ခွင့်ပြုချက်များ ချထားပေးပြီး ဖြစ်သည်ဟု ဆိုသည်။
ထိုကဲ့သို့ နိုင်ငံသားတိုင်းကို နိုင်ငံခြားငွေ ဘဏ်စာရင်းဖွင့်လှစ်ကာ ကားတစီးစီ တင်သွင်းခွင့် ပြုသော မှုဝါဒကြောင့် နိုင်ငံခြားငွေလဲကောင်တာများ အရောင်းအဝယ် ပုံမှန် လည်ပတ်လျက်ရှိပြီး ယခင်က ငွေလဲကောင်တာများတွင် ရောင်းချသူသာ များပြားခဲ့ပြီး ဝယ်ယူသူနည်းပါးခဲ့သဖြင့် အမေရိကန် ဒေါ်လာကို အကန့် အသတ်ဖြင့်သာ ဝယ်ယူနေရာမှ ယခုအခါတွင် လိုအပ်သော ငွေ ပမာဏကို အရောင်းအဝယ် ပုံမှန် ပြန်လည် ပြုလုပ်ပေးလျက် ရှိသည်။
“ကားတင်သွင်းဖို့ အတွက် နိုင်ငံခြားငွေ ဝယ်ယူလိုသူတွေကို အမေရိကန် ဒေါ်လာ လိုသလောက် ရောင်းပေးနေပါတယ်၊ ပြန်ရောင်းချင်သူတွေ အတွက်လဲ အကန့် အသတ်မထားတော့ပါဘူး ဝယ်ပေးနေပါတယ်” ဟု ရန်ကုန်မြို့သိမ်ဖြူလမ်းရှိ နိုင်ငံခြား ငွေလဲ ကောင်တာ ကမ္ဘောဇဘဏ်မှ ဝန်ထမ်းက ဆိုသည်။
နိုင်ငံခြား ငွေ စာရင်းရှိပြီး နိုင်ငံခြားငွေကို စာရင်းပြောင်း ရောင်းချလိုသူများအတွက်လည်း နိုင်ငံခြား ငွေလဲ ကောင်တာ ဖွင့်လှစ်ထားရှိသော ပုဂ္ဂလိက ဘဏ်ရုံးချုပ်များတွင် စာရင်းပြောင်း ရောင်းချနိုင်ပြီ ဖြစ်ကြောင်း သိမ်ဖြူလမ်း ငွေလဲကောင်တာရှိ ဘဏ်ဝန်ထမ်းများက ဆိုသည်။
“နိုင်ငံခြား ကုန်သွယ်မှု ဘဏ်မှာ ဖွင့်ထားတဲ့ ငွေစာရင်းထဲကငွေကို ကျနော်တို့ ဘဏ်စာရင်းထဲကို မြန်မာကျပ်ငွေနဲ့ ပြောင်းလဲဖွင့်ပေးနေပါပြီ၊ နိုင်ငံခြား ကုန်သွယ်မှုဘဏ်က နေ ဘဏ်စာရင်း ပြောင်းဖို့ လိုအပ်တဲ့စာရွက်စာတမ်းတွေတော့ ယူလာဖို့ လိုပါတယ် “ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ ကမ္ဘောဇ ဘဏ် ရုံးချုပ်မှ ဝန်ထမ်းက ဆိုသည်။
သိမ်ဖြူ နိုင်ငံခြား ငွေလဲဈေးကွက်ရှိ မြဝတီဘဏ် ကောင်တာက ဝန်ထမ်းက “ကျနော်တို့ ဘဏ် ရုံးချုပ်မှာလည်း ငွေစာရင်းပြောင်း စံနစ်နဲ့ ဒေါ်လာကို ဝယ်ပေးပါတယ်၊ ဒါပေမယ့် အခုလောလောဆယ်တော့ ဝယ်ထားတာ များနေလို့ ခဏရပ်ထားပါတယ်၊ အခု ကျနော်တို့ ကောင်တာမှာတော့ အလွတ် အရောင်း အဝယ် လုပ်လို့ ရပါတယ်” ဟု ဆိုသည်။
နိုင်ငံခြား ငွေလဲဈေးကွက်ကို ဗဟိုဘဏ်က နှုန်းရှင်သတ်မှတ်ပေးကာ အရောင်းအဝယ် ပြုလုပ်ပေးလျက်ရှိပြီး၊ ဈေးကွက်အတွင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သတ်မှတ်ပေးသော နှုန်းကို ဝ.၈ ရာခိုင်နှုန်း အတိုးအလျှော့ ပြုလုပ်ကာ အရောင်းအဝယ်ပြုလုပ်စေသည့် စနစ်ကို ဧပြီလ ၁ ရက်နေ့မှ စတင်ကာ ကျင့်သုံးလျက် ရှိသည်။
မေလ ၁၆ ရက်နေ့ ဗဟိုဘဏ် သတ်မှတ်နှုန်းမှာ အမေရိကန် တဒေါ်လာလျှင် မြန်မာငွေ ၈၃၁ ကျပ် သတ်မှတ်ထားပြီး၊ ရန်ကုန်မြို့ ဘဏ်များရှိ နိုင်ငံခြား ငွေလဲကောင်တာများနှင့် သိမ်ဖြူငွေလဲကောင်တာ ဈေးကွက်တွင် အမေရိကန် ဒေါ်လာနှင့် အက်ဖ်အီးစီကို ဝယ်ဈေး ၈၂၄ ကျပ်၊ ရောင်းဈေး ၈၃၈ ကျပ်ဖြင့် အရောင်းအဝယ် ပြုလုပ်လျက် ရှိသည်။
ငွေသားဖြင့် အရောင်းအဝယ် ပြုလုပ်ရာတွင် ဝ.၈ ရာခိုင်နှုန်း အတိုးအလျှော့ ဖြင့် ရောင်းဝယ်ခွင့် ပြုထားသော်လည်း နိုင်ငံခြားငွေလဲ ကောင်တာ ဖွင့်လှစ်ခွင့်ပြုထားသော ပုဂ္ဂလိက ဘဏ် ၁၁ ဘဏ်တွင် စာရင်းပြောင်း အရောင်းအဝယ် ပြုလုပ်ရာတွင် ဗဟိုဘဏ်က သတ်မှတ်နှုန်းထက် ဝ.၃ ရာခိုင်နှုန်းသာ အတိုးအလျှော့ပြုလုပ် ရောင်းဝယ်ရန် ဗဟိုဘဏ်က ညွှန်ကြားထားသည်။
နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့တွင် ဖွင့်လှစ်ထားသော ငွေစာရင်းမှ ငွေများကို နိုင်ငံခြားငွေလဲ ကောင်တာဖွင့်ထားသော ပုဂ္ဂလိကဘဏ် ရုံးချုပ်များတွင် စာရင်းပြောင်း ရောင်းချနိုင်သော်လည်း အဆိုပါ ပုဂ္ဂလိကဘဏ်များတွင် နိုင်ငံခြားငွေစာရင်းများ ဖွင့်လှစ်နိုင်ခြင်း မရှိသေးပေ။
“ကျမကတော့ နိုင်ငံခြားကုန်သွယ်မှု ဘဏ်စာရင်းထဲကငွေကို ထုတ်ပြီး၊ ငွေလဲကောင်တာတွေမှာ ရောင်းပြီးမှ ဘဏ်ထဲကို ပြန်ထည့်မယ့်အစား ကျမနိုင်ငံခြားဘဏ်စာရင်းထဲက ငွေတွေကို ကမ္ဘောဇ ဘဏ်မှာ မြန်မာကျပ်ငွေနဲ့ ဖွင့်ထားတဲ့ ငွေစာရင်းထဲပဲ (လက်ရှိပေါက်ဈေးနဲ့ တွက်ရောင်းပြီး) စာရင်း ပြောင်းထည့်လိုက်ပါတယ်၊ နိုင်ငံခြား ကုန်သွယ်မှု ဘဏ်က ဒေါ်လာတွေကို ထုတ်ပြီး ငွေလဲ ကောင်တာတွေမှာ သွားရောင်းရင် အပြစ်အနာတွေရှာတာတွေ ရွေးပြီး ဝယ်တာတွေ ရှိပါတယ်” ဟု မရမ်းကုန်းမြို့နယ်တွင် နေထိုင်သော ဒေါ်အေးဝင်းက ဆိုသည်။
သိမ်ဖြူ လမ်းရှိ နိုင်ငံခြား ငွေလဲ ဈေးကွက်မှ ကောင်တာ ဝန်ထမ်းများကလည်း “ကျနော်တို့ ဒေါ်လာကို ရွေးဝယ်တယ် ဆိုတာကလည်း ကျနော်တို့ ကောင်တာတွေက ဝယ်ထားတဲ့ နိုင်ငံခြားငွေတွေကို နိုင်ငံခြား ကုန်သွယ်မှု ဘဏ် နဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဘဏ်တွေကို ပြန်သွင်းတဲ့အခါ သူတို့ ဝန်ထမ်းတွေက ရွေးပြီးမှ ယူလို့ပါ၊ သူတို့ မယူတဲ့ ငွေတွေကို တခြားမှာလဲ ကျနော်တို့ ပြန်ရောင်းရခက်ပါတယ်” ဟု ဆိုသည်။
ကားတင်သွင်းလိုသူများအတွက် နိုင်ငံခြားငွေစာရင်းဖွင့်လို သူများသည် ဒေါ်လာငွေများကို နိုင်ငံခြား ငွေလဲ ကောင်တာများမှ ဝယ်ယူကာ နိုင်ငံခြားကုန်သွယ်မှု ဘဏ်နှင့် မြန်မာ့ ရင်းနှီးမြုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေး ဘဏ်တို့တွင် အနည်းဆုံး ဒေါ်လာ ၁၀၀ ဖြင့်စာရင်းဖွင့်လှစ်ရပြီး၊ လိုအပ်သော ငွေပမာဏကို ထပ်မံဝယ်ယူ၍ ဖြစ်စေ အခြားနိုင်ငံခြားငွေ စာရင်းရှိသော သူများထံမှ ဖြစ်စေ ဝယ်ယူကာ ငွေစာရင်းလွဲပြောင်း ရယူနိုင်သည်။
ထိုကဲ့သို့ ကားတင်သွင်းခွင့် အစီအစဉ်သစ်ကြောင့် အမေရိကန် ဒေါ်လာဈေးများ လွန်ခဲ့သောလနှင့် နှိုင်းယှဉ်ပါက အနည်းငယ်ဈေးတက်လျက်ရှိပြီး၊ ဧပြီလ ၂ ရက်နေ့ က ဗဟိုဘဏ် သတ်မှတ် နှုန်းမှာ တစ်ဒေါ်လာလျှင် ၈၁၈ ကျပ်၊ ဧပြီလ ၁၀ ရက်နေ့တွင် ၈၂၂ ကျပ်သာ ရှိခဲ့ရာမှ မေလ ၁၇ ၇က်နေ့တွင် ၈၃၃ ကျပ်အထိ မြင့်တက်လာခဲ့သည်။