သတင်းတို

ဒေါ်အောင်ဆန်းစုကြည်ကို မိန့်ခွန်းပြောရန် ဗြိတိန် ဖိတ်ခေါ်

This article has been converted from Zawgyi One to Unicode

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၎င်း၏ ပြည်ပခရီးစဉ်အတွင်း ဇွန်လ ၁၈ ရက်တွင် ဗြိတိန်နိုင်ငံသို့ လာရောက်လည်ပတ်ရန်နှင့် လွှတ်တော် နှစ်ရပ်လုံး၌ မိန့်ခွန်းပြောကြားရန် ဗြိတိန်အစိုးရက ဖိတ်ကြားလိုက်သည်။ အမေရိကန်နိုင်ငံ ၌ ကျင်းပသော စက်မှု ထိပ်သီး ၈ နိုင်ငံ(G-8) အစည်းအဝေး အတွင်း မေလ ၁၉ ရက်နေ့တွင် ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်း က ထုတ်ဖော် ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ခုနှစ်က ပေးအပ်ခဲ့သည့် နိုဘဲလ် ငြိမ်းချမ်းရေး ဆု ယူရန် နော်ဝေနိုင်ငံသို့ ဇွန်လ ၁၄ ရက်နေ့ တွင် မြန်မာနိုင်ငံမှ စတင် ထွက်ခွာမည် ဖြစ်ပြီး အော်စလိုမြို့သို့ ၁၅ ရက် နေ့တွင် ရောက် ရှိမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဆု ပေးအပ်ပွဲကို ဇွန်လ ၁၇ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း နော်ဝေ သံတမန် သတင်း ရပ်ကွက် က ဆိုသည်။ ထို့နောက် ဗြိတိန်နှင့် အိုင်ယာလန် နိုင်ငံများသို့လည်း သွားရောက်မည်ဖြစ်ပြီး ဇွန်လ ၁၉ ရက်နေ့တွင်ကျရောက်သည့် သူ၏ ၆၇ နှစ်မြောက်မွေးနေ့ကို ဗြိတိန်နိုင်ငံတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ နှစ်ပေါင်း၂၀ ကျော်အတွင်း ပထမ ဆုံးအကြိမ် ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပခရီးစဉ်လည်း ဖြစ်သည်။

Loading